
လက်ရှိကမ္ဘာတွင် Covid-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက မတ်-၁၁၊ ၂၀၂၀ ရက်နေ့ကတည်းက ကြေညာခဲ့ပြီးဖြစ်ပါသည်။ ယခုအခါတွင် နိုင်ငံ ပေါင်း ၁၇၃-နိုင်ငံ၌ ရောဂါပိုး ကူးစက်ပျံ့ပွားလျှက်ရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။
ရောဂါပိုးကူးစက်ခြင်း ပြဿနာနှင့် ရင်ဆိုင်နေရသော နိုင်ငံအသီးသီးတို့သည် အိမ်နီးချင်း- ဒေသတွင်းတို့၌ အချင်းချင်း အပြန်အလှန် အဆက်အသွယ်ပြုကာ ကူညီပေးလျှက်ရှိကြောင်းတွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃-ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံ၏ Covid-19 ရောဂါအခြေအနေကို နိုင်ငံတကာ ယုံကြည်လေးစားစွာ ကိုးကားခြင်းခံ ရသည့် Center for Systems Science and Engineering (CSSE) at Johns Hopkins ဝက်ဆိုဒ်၏ Coronavirus COVID-19 Global Cases အင်တာနက် စာမျက်နှာတွင် မတ်- ၂၆ ၂၀၂၀ နံနက်ပိုင်းအထိ ဖော်ပြခြင်းမခံရပါ။
အဆိုပါ အင်တာနက်စာမျက်နှာမှာ Johns Hopkins Coronavirus Resource Center က WHO, CDC, ECDC, NHC, DXY, 1point3acres, Worldometers.info, BNO စသည့် အဖွဲ့အစည်းများ သာမက နိုင်ငံတကာ အစိုးရအဖွဲ့ အသီးသီးတို့နှင့်လည်း ချိတ်ဆက်ဆောင် ရွက်နေခြင်းဖြစ်ပါသည်။
လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါမှာ နိုင်ငံတကာအဆင့် ကပ်ရောဂါဖြစ်ပြီး နိုင်ငံ-မြို့- လူမျိုး-ဘာသာ၊ ကျား-မ ကြီးငယ်မရွေး လူတိုင်းရင်ဆိုင်ရနိုင်ချေရှိပါသည်။ တစ်နိုင်ငံချင်း တားဆီးတိုက်ဖျက်သည် ထက် နိုင်ငံတကာအကူအညီဖြင့် ဆောင်ရွက်သည်က ပိုမိုထိရောက်လျှင်မြန်ပါမည်။
မြန်မာနိုင်ငံ၏ ရောဂါကူးစက်လျှက်ရှိပုံကို ပြင်ပအခြားနိုင်ငံများကလည်း အချိန်နှင့်တပြေးညီ သိရှိစေရန် ဆောင်ရွက် သင့်ပါသည်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine