မြန်မာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာလ Lockdown တားဆီးပိတ်ဆို့မှုများကြောင့် မြို့တော်ဆင်းရဲသားများ အငတ်ဘေးဆိုက်ဟု နိုင်ငံတကာမီဒီယာတို့ဖော်ပြ၊ ကိုယ်တိုင်နှင့် မိသားစုအသက်ရှင်ရပ်တည်ရေးအတွက် လိင်အလုပ်သမဘဝသို့ ဇွတ်အတင်း တွန်းပို့ခံရသလို ဖြစ်နေဟုဆို

  
စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဒုတိယလှိုင်း ကျရောက်သောအခါ ရန်ကုန်မြို့တွင် မိမိတို့နေအိမ်များ၌သာ နေကြရန် “ Stay at home “ အမိန့်ကို အစိုးရက ထုတ်ပြန်ခဲ့သည်။ 

  
အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင် ဆင်ခြေဖုံးရပ်ကွက်နေ တစ်နေ့လုပ်တစ်နေ့စားသမားများအတွက် တစ်ပိုင်တစ်နိုင် ငွေရှာသည့် အလုပ်များ ရပ်ဆိုင်းရပြန်သည်။ ပထမလှိုင်းကျရောက်စဉ် ရှိစုမဲ့စု လက်ဝတ်လက်စားများ ရောင်းချပစ်ခဲ့ရသည်။ ယခုမူကား ကျန်နေသေးသည့် အဝတ်အစား အိုးခွက်ပန်းကန်များကို ရောင်းချကာ ဝမ်းရေးကို ဖြေရှင်းရသည်။ 

  
ရောင်းစရာဘာမှ မကျန်တော့သောအခါ အလုပ်လက်မဲ့ဖြစ်နေသော ဆောက်လုပ်ရေးလုပ်သားဟောင်းခင်ပွန်းဖြစ်သူ၏ အစားအစာအတွက် အားထားစရာမှာ ဆင်ခြဖုံးရပ်ကွက်ရေမြောင်းများတွင် ရှာဖွေရန်သာ ရှိတော့သည်။ ဝင်ငွေမရှိသည့်အတွက် လူအများမှာ ကြွက်နှင့် မြွေများကို ကိုယ်တိုင်လည်း စားလည်းစား ကလေးများကိုလည်း ကျွေးနေရသည်။ 


ရောဂါဆိုး ဥပဒ်ဆိုး ဖြစ်သော “ရောဂန္တရာယ်ကပ် “ ကျရောက်နေချိန်တွင် ငတ်မွတ်ခေါင်းပါးမှု “ ဒုဗ္ဘိက္ခန္တ ရာယ်ကပ်” ပြင်းထန်စွာ ခံစားရလျှက်ရှိသူ ဆင်းရဲသား နင်းပြားတို့၏ အခြေအနေဖြစ်သည်ဟု တည်နေရာနှင့်တကွ ရေးသားသူမှာ Shoon Naing ဖြစ်သည်။ ဖြည့်စွက်ချက်များနှင့်အတူ Poppy McPherson နှင့် Simon Cameron-Moore တို့က တည်းပြတ်၍ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Reuters ( Oct 23,2020 ) ၌ ဖော်ပြသည်။ 


အဆိုပါသတင်းကို ကနေဒါ၊ ဆွစ်ဇာလန်၊ မလေးရှား၊ အိန္ဒိယ၊ စင်္ကာပူနှင့် ဟောင်ကောင်ရှိ ထင်ရှားသော သ တင်းစာကြီးများကလည်း ကူးယူဖော်ပြကြကြောင်း တွေ့ရှိရသည်။

  
တဖန် ဖက်ရှင်ထည်များ အော်ဒါ မရရှိသဖြင့် အလုပ်ရုံများ ပိတ်သိမ်းသည့်အခါ အမျိုးသမီးငယ်များစွာ အလုပ်လက်မဲ့ဖြြစ်ကရသည်။ ထိုအတွက် မကြာခဏဆိုသလို အန္တရာယ်မကင်းသည့် အလုပ်များကို မလုပ်ချင်ပဲ လုပ်ကြရသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့် အနောက်နိုင်ငံများက အော်ဒါများဖျက်သိမ်းခြင်းမှာ မြန်မာနိုင်ငံရှိ ရာနှင့်ချီသော အထည်ချုပ်စက်ရုံများ ပိတ်သိမ်းရပြီး အလုပ်သမထောင်ပေါင်းများစွာတို့ကို အလုပ်လက်မဲ့ ဖြစ်စေခဲ့သည်။

  
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမှုကြောင့် Lockdown တားဆီးပိတ်ဆို့ရသည့်အထဲတွင် ရန်ကုန်မြို့လည်း ပါဝင်သည်။ စက်ရုံများ ပထမအကြိမ် Lockdown ချမှုသည် ဧပြီလတွင်ဖြစ်၍ ဒုတိယအကြိမ်မှာ စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၁-အထိဖြစ်သည်။ အားကိုးစရာ လင်သားမရှိ၊ မှီခိုရမည့် မိဘတို့ကလည်း မည်သို့မျှ မကူညီနိုင်သည့်အခါ ဆာလောင်နေသော သားသမီးများကို ကျွေးမွေးရန် အလုပ်သမလေး၏ အသွေးအသားသာလျှင် ရောင်းကုန်ဖြစ်ရတော့သည်။ ၎င်းမှာ လိင်ကုန်ကူးမှု နွံအတွင်း ဇွတ်အတင်း မောင်းသွင်းခံရသလို ဖြစ်နေရရှာသော မိန်းကလေးငယ်များ၏ ဘဝကို ထင်ဟပ်လျှက်ရှိသည်။

  
ကျပ်ငါးထောင်မှ ခုနှစ်ထောင်ခန့်ရမည့်အရေး ဖောက်သည်ချဉ်းကပ်လာသည်အထိ နာရီပေါင်းများစွာ တစ်ဦးတည်း ရပ်နေရသည့်အလုပ်ကို မလုပ်ချင်ကြပါ။ သို့သော် ခန္ဓာကိုယ်ကို ရင်းနှီးရသည့် စက်ဆုပ်ဖွယ်အလုပ်မှာ သူတို့လေးများနှင့် မိသားစု၏ အသက်ရှင်ရပ်တည်ရေးအတွင် မလုပ်မဖြစ် အလုပ်တစ်ခုဖြစ်နေသည်။ 


လူအများ အထင်သေးပြီး မတူမတန်သလို ဆက်ဆံခံရသည့် မိန်းကလေးငယ်များ၏ အကြောင်းကို အမည်လွှဲနှင့်တကွ အသေးစိတ်ရေးသားသူတို့မှာ Lorcan Lovett and Nay Chi Nway တို့ဖြစ်ကြပြီး ဗြိတိန်အခြေစိုက် The Guardian ( Oct 22, 2020 ) တွင် ဖော်ပြသည်။

  
“ ကမ္ဘာကြီးတစ်ခုလုံး နာကျင်ခံစားနေရသည်မှာ လူဆိုးများ၏ သောင်းကျန်းမှုကြောင့် မဟုတ်ပါ။ လူကောင်းများက နှုတ်ဆိတ်နေသောကြောင့်သာဖြစ်သည်။” ဟု နပိုလီယန်က ဆိုပါသည်။ 


ကျွန်တော့်အထင်တော့ မှန်သည်ဆိုသော်လည်း လူတိုင်း ပြောရဲကြမည်မထင်ပါ။ 

အကြောင်းကြောင်းသော အကြောင်းများကို အကြောင်းပြုပြီးသကာလ မပြောရဲဟု ဆိုလျှင် အတော်အသင့် နားလည်နိုင်ပါသေးသည်။ 


အမှားကို အမှန်လုပ်၍ ပြောခြင်း၊ အမှားကို အားပေးအားမြှောက်ပြုခြင်းမှာ အတိုင်းမသိ ဆိုးရွားလှသည်။ 


ကျွန်တော်တို့နှင့် မဝေးလှသည့်နေရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသည်ဟု နိုင်ငံတကာသိ ပြောပြနေကြပါပြီ။ မှန်လျှင် လိုအပ်သော အကူအညီနှင့် စောင့်ရှောက်မှုများ ပေးအပ်ရန်ဖြစ်ပြီး အမှားပြောလျှင် အရေးယူရန်ဖြစ်သည်။ 


ဘာ သြဇာအာဏာမှ မရှိသော ကျွန်တော်တို့လို လူစားမျိုးမှာမူ မည်သူ့ကိုမျှ  ထောင်မချနိုင်ပါ။ 


သို့သော် #အမည်များကိုကား_ဖမ်းထားနိုင်သည်။ 



အစဉ်လေးစားစွာဖြင့် 
#HtayOung, #OungMarine 

#ကိုရိုနာဗိုင်းရပ်ရောဂါကာလဆင်းရဲသားတို့အခက်ကြုံ 


https://www.reuters.com/article/idUSKBN27818P 
https://www.channelnewsasia.com/news/asia/myanmar-second-covid-19-lockdown-drives-hunger-city-slums-13351156 
https://www.ndtv.com/world-news/eating-rats-and-snakes-myanmar-slums-look-for-food-in-open-drains-amid-coronavirus-pandemic-2314684?pfrom=home-topstories 
https://www.scmp.com/news/asia/southeast-asia/article/3106887/eating-rats-and-snakes-survive-brutal-toll-myanmars-second 
https://www.freemalaysiatoday.com/category/world/2020/10/23/myanmars-second-lockdown-reduces-urban-poor-to-eating-rats-snakes/ 
https://www.theguardian.com/global-development/2020/oct/22/i-have-to-do-this-myanmar-garment-workers-forced-into-sex-work-by-covid#:~:text=rights%20in%20focus-,’I%20have%20to%20do%20this’%3A%20Myanmar%20garment%20workers%20forced,into%20sex%20work%20by%20Covid&text=When%20Hla%2C%2019%2C%20tried,baby%2C%20there%20were%20no%20jobs.&text=Hla’s%20situation%20mirrors%20those%20of,to%20escape%20destitution%2C%20say%20campaigners. 
https://thegoodmansblog.wordpress.com/2013/10/05/the-silence-of-good-men-a-lesson-from-napoleon/ 

0

Leave a Reply

Your email address will not be published.