မြို့တော်၏ တောင်ပိုင်းနယ်မြေအများအပြားကို ထရီပိုလီအစိုးရတပ်များပြန်လည်သိမ်းယူခဲ့ဟု ဆို။ လစ်ဗျားစင်ပြိုင်အစိုးရ၏ ထရီပိုလီသိမ်းယူရေး အစီအစဉ်မှာ ၁၃-လကြာပြီးနောက် ဖိအားပေးမှုအမျိုးမျိုးနှင့် ရင်ဆိုင်လာခဲ့ရ

ဗိုလ်ချုပ်ကြီး ခလီဖာ၏ အရှေ့ပိုင်း တိုဘရုတ်အခြေစိုက် လစ်ဗျားအမျိုးသားတပ်မတော် (LNA) တပ်များ စိုးမိုးထားခဲ့သည့့်မြို့တော် ထရီပိုလီ တောင်ပိုင်းနယ်မြေအစိတ်အပိုင်းများအား မိမိတို့ ( GNA ) တပ်များက ပြန်လည်သိမ်းယူလိုက်ကြောင်း လစ်ဗျား၏ နိုင်ငံတကာကအသိအမှတ်ပြု ထရီပိုလီအစိုးရ သောကြာနေ့က ကြေညာသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

ထရီပိုလီအား အပြီးတိုင်သိမ်းယူရေး၊ လစ်ဗျားတစ်နိုင်ငံလုံးအား အပြည့်အ၀ စိုးမိုးရန် ဗိုလ်ချုပ်ကြီး ခလီဖာ၏ ၁၃-လ ကြာမြင့်ခဲ့ပြီဖြစ်သော အစီအစဉ်မှာ ယခုအခါ မကြုံစဖူး ဖိအားပေးခြင်းခံနေရသည့်လဏ္ခဏာရှိသည်ဟု Reuters က ဖော်ပြသည်။

ခရိုင်များစွာတို့ကို တိုးတက်သိမ်းယူခဲ့ပြီး စစ်စခန်းတစ်ခုကို စီးနင်းနိုင်ခဲ့ကြောင်း ထရီပိုလီ၏ လစ်ဗျားအမျိုးသားသဘောတူညီချက်အစိုးရအဖွဲ့ (GNA) ၏ တိုက်ခိုက်ရေးသမားတို့က ပြောဆိုသည်။ သို့သော် အဆိုပါနယ်မြေများမှာ ရာမာဇန်ဥပုသ်ကာလ၌ လူသားချင်းစာနာထောက်ထားမှုအရ မိမိတို့တပ်များ ရုတ်သိမ်းထားခဲ့သော ဧရိယာများဖြစ်ကြောင်း LNA က ချေပ ပြောဆိုသည်။

တူရကီအကူအညီရယူထားသော GNA တပ်များသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရုတ်တရက်တိုက်ခိုက်ခြင်းဖြင့် LNA တို့လက်မှ မြို့တော် အစိတ်အပိုင်းများကို ပြန်လည်သိမ်းယူနိုင်ခဲ့ရာ မဟာဗျူဟာအရ အရေးပါသော ဝပ်တီယာ လေတပ်စခန်းလည်း ပါဝင်သည်။

လစ်ဗျားစင်ပြိုင်အစိုးရ ၂-ဖွဲ့၏ လတ်တလော လက်နက်ကိုင် ပဋိပက္ခတို့သည် LNA တပ်များ အခိုင်အမာ ခြေကုပ်ယူထားသော နိုင်ငံ့အနောက်မြောက်ပိုင်း တာဟူးနားဒေသဆီသို့ ရွှေ့ပြောင်းသွားသည်။ အာဖရိက မြောက်ပိုင်း လစ်ဗျားနိုင်ငံ၏ ၂၀၁၁-ခုနှစ်နောက်ပိုင်း သွေးထွက်သံယိုမှုများတွင် တင်းမာမှုအသစ်တစ်ခုကို ကြုံတွေ့ရဖွယ်ရှိကြောင်း သံတမန်တို့က သတိပေးသည်။

(( မွမ်မာကဒါဖီ၏ ခေါင်းမာမှုများမှာ လစ်ဗျားနိုင်ငံပြိုကွဲပျက်ပြားရသည့် အကြောင်းရင်းတစ်ခုဖြစ်ပြီး ထိုအမှားတွင် လစ်ဗျားပြည်သူတို့လည်း ပါဝင်မိလျှက်သား ရှိခဲ့သည်။ ၂၀၁၁-ခုနှစ်မတိုင်မီ လစ်ဗျားသည် အာဖရိကတိုက်တွင် စတုတ္ထအကြီးဆုံးနိုင်ငံဖြစ်သော်လည်း လူဦးရေ ၅.၆ သန်းသာလျှင် နေထိုင်သူရှိသည်။

၁၉၆၉-ခုနှစ်တွင် ဘုရင်အိုင်ဒရစ်ထံမှ သွေးမြေမကျ အာဏာသိမ်းယူခဲ့သော လစ်ဗျားတပ်မတော်၌ မွန်မာကဒါဖီမှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌနှင့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။ အာဏာသိမ်းစဉ် ဗိုလ်ကြီး အဆင့်သာရှိခဲ့သော ကဒါဖီသည် နောင်တွင်လည်း ဗိုလ်မှူးကြီးအဆင့်ထက် ပို၍ မယူခဲ့ပဲ လစ်ဗျားပြည်သူတို့၏ အစ်ကိုကြီးအဖြစ် နိုင်ငံကို ကြိုးကိုင်အုပ်ချုပ်သည်။

ကဒါဖီလက်ထက် လစ်ဗျားသည် ၁၉၇၇-ခုနှစ်မှစတင်ကာ လူတစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁,၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ လူသားဖွံ့ဖြိုးမှုအညွှန်းကိန်းတွင် အာဖရိက၌ ပဉ္စမမြောက် အမြင့်ဆုံးဖြစ်ခဲ့ပြီး ဆော်ဒီအာရေးဗီးယားသာမက ဥရောပနိုင်ငံအချို့ထက် သာလွန်သည်။ နိုင်ငံခြားကြွေးမြီကင်းရှင်းသော တိုင်းပြည် ဖြစ်လာသည်။ နိုင်ငံအနှံ့အပြားတွင် ရေချိုအခမဲ့ရရှိပြီး၊ တက္ကသိုလ်ပညာသင်ဆုနှင့် အလုပ်အကိုင်အတွက် ထောက်ပံ့ကြေးများပေးအပ်နိုင်သည်။

လစ်ဗျားသာမက လူဦးရေ သန်း ၁၀၀ ကျော်ရှိသော အာရပ်ကမ္ဘာကြီးအား စုစည်း၍ ခေါင်းဆောင်ဖြစ်လိုသူ ကဒါဖီအား အာရပ်နိုင်ငံအတော်များများက မကြည်ဖြူချေ။ အာဏာသိမ်းယူစဉ် အမေရိကန်နှင့် ဗြိတိသျှ လေတပ်စခန်းများကို ဖယ်ရှားစေခဲ့သော ကဒါဖီသည် အနောက် အုပ်စုနှင့်လည်း မသင့်မြတ်ပါ။ ကဒါဖ အုပ်ချုပ်စဉ် အကြမ်းဖက်သမားများအား လက်ခံလေ့ကျင့်ပေးသည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်-ဗြိတိန်တို့နှင့် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့သည်။

လစ်ဗျားနိုင်ငံအတွင်း အကျိုးခံစားခွင့် မညီမျှခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ နိုင်ငံဘဏ္ဍာအား ထင်သလို သုံးဖြုန်းသည်ဟု ခံစားနာကြည်းလျှက်ရှိသော လစ်ဗျားပြည်သူတို့၏ ၂၀၁၁- အာရပ်နွေဦးကာလတွင် အာဏာ သက်တော်ရှည် ကဒါဖီအား အုပ်ချုပ်ရေးမှ ဖယ်ရှားရေးမှာ အုံကြွဆန္ဒပြရာမှ ဆန့်ကျင်ပုန်ကန်သည် အထိဖြစ်လာခဲ့သည်။

လက်နက်မဲ့ ဆန္ဒပြသူတို့အား အင်အားအသုံးပြုဖြိုခွင်းသည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့ဝင်နိုင်ငံတို့က R2P အခွင့်အရေးအရ စစ်ရေးဖြင့် ဝင်ရောက်စွက်ဖက်ခဲ့သည်။ လစ်ဗျားဝေဟင်ကိုလည်း လေယာဉ်မပျံသန်းရဇုံအဖြစ် ကန့်သတ်လိုက်သည်။ ပြည်ပစစ်ရေးကျူးကျော်မှု့ ၈-လခန့်အတွင်း ကဒါဖီအသတ်ခံရ၍ နိုင်ငံ့အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးယန္တယားများ ဘုန်းဘုန်းလဲခြင်းဖြင့် လစ်ဗျားနိုင်ငံ ပြိုကွဲသွားရသည်။ ပြည်သူအချင်းချင်းလည်း ကဒါဖီထောက်ခံ- ကန့်ကွက် စိတ်ဝမ်းကွဲကာ လက်နက်စွဲကိုင် အဖြေရှာကြရာမှ ရန်လိုမုန်းတီးမှုနှင့် လက်စားချေသတ်ဖြတ်ခြင်းများ အပြန်အလှန် ကျူးလွန်လျှက်ရှိသည်။

နိုင်ငံအနှံ့ စစ်ဘုရင်များ၊ လက်နက်ကိုင်အုပ်စုများ ပေါ်ပေါက်လာပြီး အိုင်အက်စ်( IS, ယခင် ISIS ) ဘာသာရေးအစွန်းရောက်အကြမ်းဖက်တို့ ရှင်သန်ရာနယ်မြေဖြစ်လာခဲ့သည်။ လအနည်းငယ်မျှသာ အပစ်အခတ်ရပ်စဲခဲ့ပြီး ယနေ့တိုင် မပြီးဆုံးနိုင်သေးသော လစ်ဗျားပြည်တွင်းစစ်တွင် လူပေါင်း ထောင်ချီ သေဆုံးခဲ့ရပြီး သန်းချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသည်။ တစ်ချိန်က စည်ကားခဲ့သော မြု့ိကြီးများ ပြိုပျက်လျှက် လူ ၁-သန်းနီးပါးမှာ နိုင်ငံတကာအကူအညီဖြင့်သာ အသက်ရှင်နေကြရတော့သည်။

ကဒါဖီအလွန် လစ်ဗျားအတွက် ကြိုတင်ပြင်ဆင်မှု မရှိခဲ့ခြင်းမှာ မိမိဘဝတစ်သက်တာတွင် အကြီးမားဆုံးသော အမှားဖြစ်ကြောင်း သမ္မတအိုဘားမားက ဝန်ခံခဲ့သည်။ သို့သော်လည်း ထောင်းထောင်းကြေလျှက်ရှိသော လစ်ဗျားတွင် အမေရိကန်နိုင်ငံသားတို့ သွေးမြေကျခဲ့သည်မှာ လူဒါဇင်ဝက်ပင် မရှိခဲ့ချေ။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 22 May, 2020, “Tripoli-based govt retakes more areas of Libya’s capital – reports.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#လစ်ဗျားစင်ပြိုင်အစိုးရနှစ်ဖွဲ့အကြားပဋိပက္ခ

https://www.rt.com/newsline/489516-tripoli-retakes-libya-lna/

https://www.cfr.org/interactive/global-conflict-tracker/conflict/civil-war-libya

https://www.aljazeera.com/news/2020/02/envoy-impact-long-libya-war-civilians-incalculable-200218055230674.html

0

Leave a Reply

Your email address will not be published.