၀င်ငွေနည်းနိုင်ငံများနေ လူ ၁၀-ဦးလျှင် ၁-ဦးသာ ၂၀၂၁-ခုနှစ်၌ ကာကွယ်ဆေး ရရှိနိုင်မည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် Oxfam တို့ ပြောဆို။ ကမ္ဘာ့လူဦးရေ ၁၄ ရာနှုန်းရှိသော ချမ်းသာနိုင်ငံနေသူများက အလားအလာရှိဆုံး ကာကွယ်ဆေးများ၏ ၅၃ ရာနှုန်းကို ဝယ်ယူထားပြီးဖြစ်၊

  
ကမ္ဘာ့လူဦးရေ၏ ၁၄% ရာနှုန်း အစိတ်အပိုင်းဖြစ်သော လက်ဖျားငွေသီးနိုင်ငံများတွင် နေထိုင်ကြသူများသည် ထိုးနှံရန်အလားအလာအကောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးထုတ်လုပ်သမျှ၏ ၅၃ ရာနှုန်းကို ပြီးခဲ့သောလကတည်းက ဝယ်ယူထားပြီးဖြစ်ကြောင်း People’s Vaccine Alliance ကပြောဆိုသည်ဟု အိန္ဒိယအခြေ စိုက် Business Today ( Dec.09,2020 ) က ရေးသားသည်။ 


Oxfam၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI ) နှင့် Global Justice Now စသည့် အဖွဲ့အစည်းများဖြင့် ညွန့်ပေါင်းဖွဲ့စည်းထားသည့် People’s Vaccine Alliance ၏ သတိပေးချက်တွင် ချမ်းသာသောတိုင်းပြည်များက လိုအပ်သည်ထက် ပိုမိုများပြားသော ကာကွယ်ဆေးများကို ဝယ်ယူသိုလှောင်လျှက်ရှိကြောင်း၊ ( မြန်မာအပါ အဝင် ) ဝင်ငွေနည်းပါးသော နိုင်ငံ ၇၀ တို့တွင် နေထိုင်သူ ၁၀-ဦးလျှင် ၁-ဦးကိုသာ လာမည့် ၂၀၂၁-ခုနှစ်၌ ကာကွယ်ဆေး ထိုးနှံနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ကျန်သူများမှာ ဆေးထိုးနှံရန် အခွင့်အရေး ရနိုင်လိမ့်မည်မဟုတ်ပဲ ဆိုးရွားပြင်းထန်သော ဗိုင်းရပ်စ်ရောဂါလှိုင်းဂယက်ကြားတွင် ကျန်ရှိနေလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

  
ဖွံ့ဖြိုးဆဲတိုင်းပြည်နေထိုင်သူများအား ၎င်းတို့ ထုတ်လုပ်ဆေးပမာဏ၏ ၆၄ ကို ဖြန့်ဝေပါမည်ဟု အောက်စ်ဖိုဒ့်တက္ကသိုလ်နှင့် အက်စ်ထရာဇီနီကာ ကုမ္ပဏီတို့က ကတိပေးထားသော်လည်း ကမ္ဘာတစ်ဝှမ်းလုံး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို မျှတစွာ ဖြန့်ဝေရန် လိုအပ်ချက်များစွာ ရှိနေသည်။ 


COVID-19 ရောဂါကာကွယ်ဆေးကို ထုတ်လုပ်လျှက်ရှိသော ဆေးဝါးကုမ္ပဏီတို့အနေဖြင့် ဆေးဝါးပမာဏ ပိုမိုထုတ်လုပ်နိုင်ရန် ၎င်းတို့၏ အသိဉာဏ်ပိုင်းဆိုင်ရာနည်းပညာနှင့် နည်းပညာဗဟုသုတတို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှတစ်ဆင့် ပွင့်လင်းစွာ ဝေမျှသင့်ကြောင်း ညွန့်ပေါင်းအဖွဲ့က ပြောဆိုသည်။ 


ကနေဒါသည် ၎င်းနိုင်ငံ လူဦးရေ၏ တစ်ဦးချင်းစီကို ထိုးနှံပေးရမည့်အရေအတွက်ထက် ကာကွယ်ဆေးများကို ပိုမိုဝယ်ယူခဲ့ရာ ကနေဒါနေ လူတစ်ဦးလျှင် ၅ ကြိမ် ထိုးနှံရန် လုံလောက်သည်အထိ ဆေးဝါးပမာဏ ရရှိထား ကြောင်း၊ 


ဒီဇင်ဘာ ၈ ရက်အင်္ဂါနေ့တွင် ဗြိတိန်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေများသည့် အုပ်စုတို့အား Pfizer နှင့် BioNTech ကုမ္ပဏီထုတ် ကာကွယ်ဆေးကို ပထမဆုံးအကြိမ် ထိုးနှံခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ဟေတီ၊ အီသီယိုးပီးယားနှင့် ဘူတန် စသည့် ဝင်ငွေနည်းပါး သို့မဟုတ်  အလယ်အလတ်ထက် ဝင်ငွေနည်းပါးသည့် ၆၇-နိုင်ငံနေ လူအများစုတို့မှာ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးကြောင်း၊ 

  
ထိရောက်မှုရလဒ်များကို ကြေညာထားပြီးဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ၃-မျိုးအနက် ၂-မျိုး ဖြစ်သော Pfizer / BioNTech နှင့် Moderna တို့၏ ထုတ်လုပ်သမျှ ကာကွယ်ဆေး အားလုံးနီးပါးကို ချမ်းသာကြွယ်ဝသော နိုင်ငံများက သိမ်းကြုံးဝယ်ယူခဲ့ပြီးဖြစ်ကြောင်း၊ အက်စ်ထရာဇီကာနှင့် အောက်စ်ဖိုဒ့်တက္ကသိုလ်တို့က ၎င်းတို့ထုတ်လုပ်သမျှဆေးပမာဏ၏ ၆၄% ကိုဖွံ့ဖြိုးဆဲနိုင်ငံများမှ လူအများအား ဖြန့်ဝေပါမည်ဟု ကတိပေးခဲ့သော်လည်း လာမည့်တစ်နှစ်လုံးတွင် ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ၏ ၁၈ ရာခိုင်နှုန်းအတွက်သာလျှင် ၎င်းတို့ဆေးဝါးများ ရောက်ရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ညွန့်ပေါင်းအဖွဲ့က ပြောဆိုသည်။ 


လောလောဆယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် ကုမ္ပဏီ ၈-ခုတို့က ဦးဆောင်လျှက်ရှိရာ တရုတ်မှ Sinovac နှင့် ရုရှားမှ Sputnik V. တို့ ပါဝင်သည်။ ချမ်းသာကြွယ်ဝသော နိုင်ငံကြီးများသည် ကမ္ဘာ့ကာကွယ်ဆေးဖြန့်ဖြူးရောင်းချမှု၏ အများစုကို သိမ်းကြုံးဝယ်ယူခြင်းဖြင့် အခြားသောနိုင်ငံတို့၏ လူ့အခွင့်အရေးကို ချိုးဖောက်နေကြကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ စီးပွားရေးနှင့်လူမှုရေးတရားမျှတမှုဆိုင်ရာအကြီးအကဲ စတိဗ်ကော့ဗန်းက ရှုတ်ချလိုက်သည်ဟု သတင်း၌ ဆက်လက်ဖော်ပြသည်။ 

  
(( ယခုသတင်းရေးနေစဉ် ဆင်းရဲသောနိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ် ဆေးဝယ်ယူရေးအတွက် အလှုငွေထည့်ဝင်ကြပါရန် WHO အကြီးအကဲ အက်ဟာမွန်ဂေးဘရီးယပ်စ်က မေတ္တာရပ်ခံလိုက် ကြောင်း Dhaka Tribune ( Dec.12,2020 ) က ယနေ့ရေးသားသည်။ 


ဖော်ပြပါအတိုင်း အက်စ်ထရာဇီကာနှင့် အောက်စ်ဖိုဒ့်တက္ကသိုလ်တို့၏ ကာကွယ်ဆေး ၆၄ ရာနှုန်းပေးရန် ကတိပျက်ကွက်မှုနှင့် ယခုသတင်းအတိုင်းဆိုလျှင် WHO နှင့် COVAX တို့ ပူးပေါင်းအကောင်အထည်ဖော်မည့် ကမ္ဘာ့နိုင်ငံအားလုံး ဆင်းရဲချမ်းသာမရွေး ကာကွယ်ဆေး အညီအမျှ ရရှိကြရန် အစီအစဉ်မှာ အကောင်အထည်ပေါ်ရန် အလှမ်းဝေးသွားပြီဟု မှန်းဆရပါသည်။ မူလကတည်းက ဆင်းရဲသောနိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ပိုမိုဆုတ်ယုတ်သွားပြီး ကာကွယ်ဆေးဝယ်ရန် ပိုက်ဆံမရှိသူ အများစုဖြစ်နေပါမည်။ ထိုသို့ဆိုလျှင် WHO ၏ ထုတ်လုပ်သမျှကာကွယ်ဆေးကို တစ်မ္ဘာလုံးနှင့်သက်ဆိုင်သော “ အများပိုင်ပြုလုပ်ရေး “ မှာ ပို၍ပင် မဖြစ်နိုင်တော့ပါ။ 


ထိုသို့ ဖြစ်လာနိုင်ကြောင်း ကြိုတင်ရိပ်မိပုံရသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယစသည့် အာရှနိုင်ငံတို့သည် WHO ၏ ဆေးခွဲတမ်းကို မျှော်လင့်မနေပဲ ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီကြီးထံ ငွေထုပ်နှင့်တကွ လူလွှတ်၍ ဆေးဝယ်လျှက်ရှိကြောင်း သတင်းတစ်ပုဒ်ကို ကျွန်တော်ဘာသာပြန်ဖော်ပြခဲပြီးဖြစ်သည်။ 


ထို့ကြောင့် ဖိလစ်ပိုင်သည် ကာကွယ်ဆေးကို မေ၊ ဇွန်လများ၌ ရရှိနိုင်လိမ့်မည် တွက်ဆထားသည်။ ယခုသတင်းရေးနေစဉ် အိန္ဒိယနိုင်ငံကလည်း နိုင်ငံသားများကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန်အတွက် ကြိမ်ရေပမာဏ သန်း ၆၀၀ စာ ထိုးဆေးများကို ထုတ်လုပ်ရန် အသင့်ရှိပြီဖြစ်ကြောင်း Dhaka Tribune ( Dec.12, 2020 ) အရ မုဒိတာပွားစရာ ဖတ်ရှု့ရပါသည်။


အိန္ဒိယသည် လူဦးရေ သန်းပေါင်း ၁,၃၈၀ ကျော်ရှိသည့် နိုင်ငံကြီးဖြစ်ရာ ၎င်းနိုင်ငံနေသူများ၏ ၄၃ ရာနှုန်းကို ကာကွယ်ပေးနိုင်တော့မည်ဖြစ်သည်။ အိန္ဒိယ\ကမ္ဘာ့အကြီးဆုံး ဆေးဝါးကုမ္ပဏီကြီးတစ်ခုဖြစ်သော Serum Institute ထုတ်လုပ်မည့်ကာကွယ်ဆေးသည် AstraZeneca ဖြစ်ပြီးလျှင် -70 ံC တွင် အအေးကွင်းဆက်နှင့် သိုလှောင်နိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း၊ သို့သော်လည်း လာမည့် ၆-လမှ ၈-လအတွင်း၌သာ ကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သတင်းတွေ့ရှိရပါသည်။

 

#ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်သမျှ၅၃%ကို #၂၀၂၁၌ဆင်းရဲနိုင်ငံနေလူ၁၀ဦးတွင်၁ဦးသာဆေးရရှိ 
#ချမ်းသာနိုင်ငံကြီးများသိမ်းကြုံးဝယ်ယူခြင်းဖြင့်လူ့အခွင့်အရေးချိုးဖောက် 


((( Business Today ., December 9, 2020,” 9 out of 10 people in low-income nations unlikely to be vaccinated in 2021.” ကို #HtayOung, #OungMarine ဆီလျောအောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ))) 

https://www.businesstoday.in/current/world/nine-out-of-ten-people-in-low-income-nations-unlikely-to-be-vaccinated-in-2021/story/424322.html 
https://www.businesstoday.in/current/economy-politics/covid-19-vaccine-30-crore-indians-to-be-vaccinated-on-priority/story/424257.html 
https://www.businesstoday.in/sectors/pharma/pfizer-coronavirus-vaccine-price-may-differ-depending-on-country-gdp-pfizer-price/story/424303.html 
https://www.dhakatribune.com/health/coronavirus/2020/12/12/who-chief-urges-donors-to-step-up-vaccine-funding-for-poor-nations 
https://www.dhakatribune.com/world/south-asia/2020/12/12/india-readies-for-600m-covid-19-vaccine-jabs-to-use-standard-cold-storage 

Leave a Reply

Your email address will not be published.