ဝါရှင်တန်ဒီစီမှ အမျိုးသားကာကွယ်ရေးအစောင့်တပ်များရုတ်သိမ်းရန် သမ္မတဒေါ်နယ်ထရမ့် အမိန့်ပေး၊ လိုအပ်လျှင် ပြန်လည်ချထားမည်ဟုဆို။

အမေရိကန်အစိုးရရုံးစိုက်ရာ မြို့တော်ဝါရှင်တန်ဒီစီတွင် ဂျော့ချ်ဖလွိုက်အတွက်ကန့်ကွက်ဆန္ဒပြရာမှ အဓိကရုန်းများဖြစ်ပွားလာခြင်းကို အပြည့်အ၀ ထိန်းချုပ်နိုင်ပြီဖြစ်၍ အမျိုးသားကာကွယ်ရေးအစောင့်တပ်ဖွဲ့များ ရုတ်သိမ်းရန် သမ္မတထရမ့်က အမိန့်ပေးလိုက်သည်။ သို့သော် ဆူပူမှုများ ဖြစ်ပွားလာခဲ့လျှင် တပ်များကို အမြန်ဆုံး ပြန်လည်ချထားရလိမ့်ဖြစ်ကြောင်း အမေရိကန်သမ္မတက သတိပေးလိုက်သည်ဟု Russia Today က ယနေ့ ရေးသားသည်။

ဂျော့ချ်ဖလွိုက်သေဆုံးရခြင်းအတွက် ကန့်ကွက်ဆန္ဒပြပွဲများသည် မြို့တော် ဝါရှင်တန်ဒီစီနှင့် အခြားမြို့ကြီးများသို့ လျှင်မြန်စွာကူးစက်သွားသည့်အတွက် အမျိုးသားကာကွယ်ရေးအစောင့်တပ်ဖွဲ့ဝင် ၃,၆၀၀ ကို ဖြန့်ချထားခဲ့ရသည်။ ဆန္ဒပြပွဲများသည် နောက်ပိုင်းနေရာအချို့တွင် ဆူပူမှုအဓိကရုန်းများဖြစ်ပေါ်လာခဲ့ရာ အိမ်ဖြူတော်နှင့် များစွာမဝေးလှသောနေရာ၌ အကြမ်းဖက်မှုများဖြစ်ပွားသဖြင့် သမ္မတအိမ်တော်ကို အလျှင်အမြန်တားဆီးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရသည်။

ငြိမ်းချမ်းစွာဆန္ဒပြပွဲများသည် နောက်တစ်ရက်တွင် ဆူပူမှုနှင့် လက်သရမ်းဖျက်ဆီးမှုများအဖြစ်ပြောင်းလဲသွားခဲ့ရာ အိမ်ဖြူတော်အနီး မီးရှို့မှုပေါင်းများစွာဖြစ်ပေါ်ခဲ့သည်။ အိမ်ဖြူတော်မှ ကိုက် ၃၀၀ ခန့်အကွာ လာဖေးယက်ပန်းခြံရှိ သမိုင်းဝင် စိန့်ဂျွန်းဘုရားရှိခိုးကျောင်းမှာ မီးတင်ရှို့ခြင်းခံရသည်။ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးအသုံးပြု၍ လူစုခွဲနေစဉ် မီးသတ်တပ်ဖွဲ့ဝင်များက ခဲခဲယဉ်းယဉ်း မီးငြိမ်းသတ်ခဲ့ရကြောင်း သိရှိရသော်လည်း အပျက်အစီး အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိချေ။

မြို့တော်အတွင်း ကန့်ကွက်ပွဲများသည် လူနည်းသည်ထက် နည်းလာပြီး ညပိုင်းတွင် အဓိကရုန်းအသွင်ပြောင်းလဲခြင်းမရှိသဖြင့် ဝါရှင်တန်ရဲတပ်ဖွဲ့အား ဒေါ်နယ်ထရမ့်က ၎င်း၏ Twitter စာမျက်နှာ၌ ရေးသား ချီးကျူးလိုက်သည်ဆို၏။

သို့သော် CNN နှင့် MSNBC သတင်းဌာနတို့သည် ကန့်ကွက်ဆန္ဒပြသူများအား ဆူပူမှုဖြစ်အောင် လှုံဆော်ပေးနေသည်ဟု စွပ်စွဲလိုက်ပြီး၊ ၎င်းတို့ ပြောဆိုသည်များကို လူအနည်းငယ်သာ နားယောင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ဝါရှင်တန်ဒီစီအပါအဝင် နိုင်ငံတစ်ဝှမ်း၌ အမျိုးသားကာကွယ်ရေးအစောင့်တပ်ဖွဲ့ဝင်အင်အားအများအပြား အသုံးပြုလိုခြင်းနှင့် လိုအပ်လျှင် စစ်ဖက်တပ်ဖွဲ့ဝင်များ အသုံးပြုရန် အိမ်ဖြူတော်၏ အစီအစဉ်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးအပါအဝင် စစ်ဖက်အရာရှိကြီးများနှင့် ပြင်းထန်စွာ သဘောကွဲလွဲခဲ့သည်။

အမေရိကန်နှင့် ဥရောပနိုင်ငံ၏ မြို့ကြီးများတွင် ပြုလုပ်ခဲ့ကြသော ဂျော့ချ်ဖလွိုက်အတွက် ကန့်ကွက်ပွဲများသည် Black Lives Matter ခေါ် “လူမည်းတို့ဘဝရှင်သန်ရေး” စာနာမှုဖော်ကျူးပွဲများအဖြစ် ပြောင်းလဲလာခဲ့ပြီး ယခုနောက်ဆုံး ” လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲ ” ဖြစ်လာခဲ့ကြောင်း ယနေ့ထုတ် နိုင်ငံတကာမီဒီယာများက ဖော်ပြကြသည်။

((( Russia Today., June, 07,2020,” Trump orders National Guard to withdraw from DC as ‘everything is under perfect control’” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/usa/491118-trump-national-guard-withdrawal/

https://www.rt.com/usa/491080-trump-protest-small-washington-dc/

https://www.rt.com/usa/490354-stjohn-church-fire-washington/

0

Leave a Reply

Your email address will not be published.