ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဆက်လက်မြင့်တက်။ တရုတ်တစ်နိုင်ငံတည်း ၂၁၃-ဦး သေဆုံး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရေးပေါ်အခြေအနေကြေညာ၊ နိုဘယ်ဗိုင်းရပ်စ်ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ သံသယနှင့် အငြင်းပွားလျှက်ရှိ

လတ်တလော တရုတ်နိုင်ငံ၌ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် 2019-nCoV မှာ ဆက်လက်ကူးစက်ပြန့်နှံ့လျှက်ရှိရာ ဟူဘေးပြည်နယ်တွင် နောက်ထပ် ၄၂-ဦး သေဆုံးခြင်းဖြင့် အဆိုပါဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း ၂၁၃-ဦး ဖြစ်လာသည်ဟု South China Morning Post က ယနေ့ရေးသားသည်။

ဟူဘေးပြည်နယ်အတွင်း သေဆုံးကြရသူများအနက် ဝူဟန်မြို့မှ ၃၀-ဦး ပါဝင်နေသည်။ ပြည်နယ်တစ်ခုလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခြင်းခံထားရသူ ၅,၈၀၆- ဦးရှိပြီး လူပေါင်း ၃၂,၃၄၀ တို့အား စောင့်ကြည့်လေ့လာလျှက်ရှိသည်ဆို၏။ တရုတ်နိုင်ငံတစ်ဝှမ်းလုံးအနေဖြင့်မူ ရောဂါကူးစက်ခံထားရသူ ၉,၆၉၂-ဦး ရှိသဖြင့် ၂၀၀၂-၂၀၀၃-ခုနှစ် အသက်ရှူလမ်းကြောင်း ရုတ်တရက် ပြင်းထန်ယောင်ယမ်းရောဂါလက္ခဏာစု “ SARS ရောဂါကျရောက်စဉ် ကူးစက်ခံရသူ ၅,၃၂၇-ဦးထက် များစွာကျော်လွန်နေသည်။ ထိုစဉ်က နိုင်ငံပေါင်း ၁၇ – နိုင်ငံ၌ SARS ရောဂါ ပြန့်နှံ့ ဖြစ်ပွားခဲ့ရာ လူပေါင်း ၇၇၄-ဦး သေဆုံးခဲ့ရသည်။ တရုတ်ပြည်မကြီး တစ်နိုင်ငံတည်း၌ပင် သေဆုံးသူ ၃၄၉-ဦး ရှိခဲ့ကြောင်း WHO ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မှတ်တမ်းများအရ သိရှိရသည်။

ယမန်နေ့ ဟူဘေးပြည်နယ်ရောဂါကူးစက်ခံထားရသူများအနက် လူနာ ၈၀၄-ဦးမှာ ဝေဒနာပြင်းထန်ပြီး၊ လူပေါင်း-၂၉၀ တို့မှာ စိုးရိမ်ရသော အခြေအနေတွင်ရှိနေသည်။ တရုတ်အစိုးရအနေဖြင့် ဟူဘေးပြည်နယ်သို့ ကျန်းမာ ရေးဝန်ထမ်း ၇,၀၀၀ ကျော် ထပ်မံစေလွှတ်လိုက်ပြီး အခြားသော ပြည်နယ်များနှင့် အုပ်ချုပ်ခွင့်ရဒေသများသို့ ရောဂါပြန့်နှံ့ခြင်းမဖြစ်စေရန် အားသွန်ခွန်စိုက် ကြိုးစားလျှက်ရှိသည်။အခြား ၁၇-နိုင်ငံထက်မနည်းတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလက္ခဏာရှိသူများ စစ်ဆေးတွေ့ရှိနေရသည်။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၌ ဖြစ်ပွားလျှက်ရှိသော 2019-nCoV ဗိုင်းရပ်စ်မှာ ကြိုတင်ပြင်ဆင်မှု့မရှိပဲ အခြားနိုင်ငံများသို့ ပြန့်နှံ့နိုင်သဖြင့် A global health emergency ” နိုင်ငံတကာ ကျန်းမာရေးအရေးပေါ်အခြေအနေ” သတ်မှတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယမန်နေ့ကြေညာသည်။ယခုကဲ့သို့ သတ်မှတ်ခြင်းသည် တရုတ်အစိုးရ၏ ဗိုင်းရပ်စ်မပြန့်ပွားရေး ထိန်းချုပ်ဆောင်ရွက်နေခြင်းအပေါ် မယုံကြည်ဟု ဆိုလိုရင်းမဟုတ်ပဲ၊ ပြန့်နှံ့လျှက်ရှိသော ဗိုင်းရပ်စ်အခြေအနေမှာ ကျန်းမာရေးစောင့်ရှောက်မှု့ အားနည်း သော အခြားနိုင်ငံများ၌ ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှု့များအား ကာကွယ်ရန်သာဖြစ်ကြောင်း WHO က ပြောဆိုသည်ဟု Business Insider က ယနေ့ရေးသားသည်။

လူ ၈-ဦးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလက္ခဏာတွေ့ရှိကြောင်း ကြေညာထားသည့် အမေရိကန်ပြည်ထောင်စုတွင် လူမှ-လူသို့ ကူးစက်ခံရသည့် လူနာကို ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိကြောင်း CNN က ယနေ့ရေး သားသည်။အီလီနွိုင်ပြည်နယ်တွင် 2019-nCoV ဗိုင်းရပ်စ်ဖြစ်ပွားနေသူ ဇနီးသည်နှင့် အတူနေသူ၌ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံလက္ခဏာတွေ့ရှိရသည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC က သတင်းထုတ်ပြန် သည်။2019-nCoV ခေါ် နိုဘယ်ဗိုင်းရပ်စ်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်း ရုရှားနိုင်ငံက ၎င်း၏ အရှေ့ဖျားနယ်စပ်တစ်လျှောက်သို့ ပိတ်ထားလိုက်ပြီး ၎င်းနိုင်ငံသားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စမှတစ်ပါး တရုတ်သို့ ခရီးမသွားကြရန် သတင်းထုတ်ပြန်သည်ဟု Russia Today က ယနေ့ရေးသားသည်။

နော်ဝေအခြေစိုက် မီဒီယာတစ်ခုကမူ နိုဘယ်ဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်စေရန် အမေရိကန် ဖန်တီးသည့် ဇီဝလက်နက်တစ်ခုအဖြစ် ရုရှားနိုင်ငံရေးသမားအချို့က သံသယရှိကြောင်း၊ ပူတင်အစိုးရအနေဖြင့် လိုအပ်သော စုံစမ်းဆွေးနွေးမှု့များ ပြုလုပ်သင့်သည်ဟု ရုှရှားသတင်းဋ္ဌာနတို့က တိုက်တွန်းသည်ဟု ဖော်ပြသည်။ဓါတုလက်နက်ဖြင့်တိုက်ခိုက်ခံရကြောင်းသတင်းမှာ နိုဘယ်ဗိုင်းရပ်စ်ပြန့်နှံ့သည်ထက်ပင် တရုတ်နှင့်ကမ္ဘာအရပ်ရပ်သို့ လျှင်မြန်သောအဟုန်ဖြင့် ထိုးဖောက်လျှက်ရှိကြောင်း Foreign Policy က ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရေးသား သည်။

သတင်းအချို့တွင်လည်း နိုဘယ်ဗိုင်းရပ်စ်မှာ ဇီဝလက်နက်စမ်းသပ်သည့် တရုတ်ဓါတ်ခွဲခန်းများမှ ပျံလွင့်လာခြင်းဖြစ်ကြောင်း ထောက်လှမ်းရေးကျွမ်းကျင်သူများက သိရှိပြီးဖြစ်သည်ဟု အခိုင်အမာပြောဆိုသည်။ အဆိုပါသတင်း ရင်းမြစ်မှာ အမေရိကန်တက္ကဆပ်ပြည်နယ် KPRC ရေဒီယိုနှင့် ကနေဒါအခြေစိုက် Toronto Sun တို့မှတဆင့်ဖြစ်ပြီး ထောက်လှမ်းရေးကျွမ်းကျင်သူဆိုသည်မှာ ယခင်ထောက်လှမ်းရေးဌာနအရာရှိဟောင်းတစ်ဦးဖြစ်ကြောင်း၊ ထို့ပြင် “ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် 2019-nCoV ခေါ် နိုဘယ်ဗိုင်းရပ်စ် “ မှာ ဇီဝလက်နက်အဖြစ် ဓါတ်ခွဲခန်းတွင် ဖန်တီးသည့် ဗိုင်းရပ်စ်မဟုတ်ကြောင်း Foreign Policy က ဆက်လက်ဖော်ပြသည်။

((( ကိုရိုနာဗိုင်းရပ်စ်ဆိုသည်မှာ ယခင်တည်းက ရှိခဲ့ပြီးဖြစ်ပါသည်။ SARS, MERS တို့သည်လည်း Corona Family ကိုရိုနာမျိုးရင်းဝင်များဖြစ်ကြပါသည်။ ကျွန်တော်များ နှစ်စဉ်ကြုံတွေ့နေကြရသည့် “ တုတ်ကွေးအဖျား “ သည်လည်း ဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ ယခင်နှစ် ဗိုင်းရပ်စ်နှင့် ယခုနှစ်ဗိုင်းရပ်စ် မတူတတ်သည့်အပြင် သာမာန်ပဋိဇီဝဆေးဝါးများဖြင့် ကုသနိုင်သဖြင့် ရေးကြီးခွင်ကျယ် မလုပ်ကြခြင်းဖြစ်သည်။ ယခုအချိန်ထိ ဖော်ထုတ်တွေ့ရှိသည့် ဗိုင်းရပ်စ်ချည့်ပင် မျိုးစိတ် ၅,၀၀၀ ကျော်သည်။

ကျွန်တော်တို့လူတိုင်း၏ ခန္ဓာကိုယ်တွင်လည်း ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားအချို့ ခိုအောင်းနေတတ်သည်။ ဘက်တီးရီးယားအချို့မှာ ကျွန်တော်တို့ အစာခြေစံနစ်ကို အထောက်အကူပြုသည်။ ကိုယ်တိုင်ကျန်းမာနေသည့်အခါ ဗိုင်းရပ်စ် နှိပ်စက်မခံရခြင်းသာဖြစ်သည်။ ထို့ကြောင့် ကိုယ်ခံအား လုံးဝမရှိသော လူသေကောင်ဖြစ်သည့်အခါ ဝမ်းဗိုက်နေရာမှ စ၍ ပုပ်သိုးသည်။

Coronaviruses (CoV) ကိုရိုနာဗိုင်းရပ်စ်သည် အလွန်ကြီးမားသော မျိုးရင်းကြီးဖြစ်ပြီး အအေးမိ-ဖျားနာရောဂါများကို ဖန်တီးသည်။တရုတ်တို့ အသားစိမ်းနှင့် တောကောင်သားစားတတ်ခြင်းမှာ ယခင်နှစ်ထောင်ချီတည်းက ဖြစ်၍၊ ယခင်အစိုးရလက်ထက် လူတိုင်းဆင်းရဲချိန်တွင် ငုတ်လျှိုးနေပြီး ယခု စီးပွားရေးအဆင်ပြေလာသည့်အခါ ပြန်ပေါ်လာခြင်းဖြစ်သည်။သို့သော် ဗိုင်းရပ်စ်သည် အလွန် ဒူပေဒါပေခံနိုင်ပြီး အချိန်မရွေး ကိုယ်တိုင်လည်း အသွင်ပြောင်းနိုင်ကာ အခြားဗိုင်းရပ်စ်နှင့် ပေါင်းမိလျှင်လည်း ပိုမိုထက်မြက်သည့် ဗိုင်းရပ်စ်အသစ် ဖြစ်လာနိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( South China Morning Post ., 31 Jan, 2020.” China coronavirus: deadly day in Hubei as a record high 42 patients die; China total rises to 213.” ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဆက်စပ်အကြောင်းအရာများမှာ ပေးထားပါ Links များ အတိုင်း ဖြစ်သည်။ )))

#ဝူဟန်ကိုရိုနာဗိုင်းရပ်စ်2019-nCoV ခေ နိုဘယ်ဗိုင်းရပ်စ် #နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေ

https://www.scmp.com/news/china/society/article/3048320/china-coronavirus-deadly-day-hubei-record-high-42-patients-diehttps://www.businessinsider.com/who-wuhan-coronavirus-2019-ncov-global-health-emergency-2020-1https://edition.cnn.com/2020/01/30/health/coronavirus-illinois-person-to-person-cdc/index.htmlhttps://www.nytimes.com/2020/01/30/world/asia/coronavirus-china.htmlhttps://www.rt.com/russia/479567-russia-china-border-coronavirus/https://www.ccn.com/many-russians-think-america-created-the-wuhan-coronavirus/https://foreignpolicy.com/2020/01/29/coronavirus-china-lab-mortality-virology-wuhan-virus-not-bioweapon/?fbclid=IwAR3_rsNVnmCJ-UQwROG-LzUYZVQkNaXElJJzw3lbfWzpgEsRN1Jtu0sm0iIhttps://www.who.int/health-topics/coronavirus

0

Leave a Reply

Your email address will not be published.