ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါပြန်လည်ဖြစ်ပွားလာ၍ မြို့နေ ၁၁-သန်းလုံးကို ရောဂါပိုး ရှိ-မရှိစစ်ဆေးခံကြရမည်။ ၂-ရက်ဆက်တိုက် လူနာသစ် ၆-ဦးတွေရှိသဖြင့် မြို့နေအားလုံးစမ်းသပ်ရန် ၁၀-ရက်ကြာမည်ဟုဆို။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် Covid-19 ရောဂါဖြစ်ပွားမှုထပ်မံမတွေ့ရှိရပဲ တစ်လကျော်ကြာခဲ့ပြီး ရောဂါကူးစက်မှု ရုတ်တရက် ပြန်လည်ဖြစ်ပွားကြောင်း တွေ့ရှိရသဖြင့်၊ မြို့နေလူ ၁၁-သန်းလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်ဆေးရန် အာဏာပိုင်များက စီစဉ်လျှက်ရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဝူဟန်မြို့ ခရိုင်အသီးသီးတို့၌ နေထိုင်သူအားလုံးတို့အား ၁၀-ရက်အတွင်း အပြီး စမ်းသပ်စစ်ဆေးနိုင်မည့် အစီအစဉ်တို့ကို ခရိုင်တစ်ခုချင်းစီအလိုက် တင်ပြကြရမည်ဖြစ်ကြောင်း၊ လာမည့်ရက်အနည်းငယ်အတွင်း စတင်အကောင် အထည်ဖော်မည်ဖြစ်ကြောင်း အာဏာပိုင်များအား ကိုးကား၍ ဒေသန္တရသတင်းမီဒီယာတို့က ဖော်ပြကြသည်ဆို၏။ ကလေး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများကဲ့သို့ ကျန်းမာရေးအစီအစဉ်တွင် ပါဝင်ရန်အားနည်းချက်ရှိသူများကို ဦးစားပေးစစ်ဆေးမည်ဖြစ်ပြီး ၎င်းတို့နေထိုင်ရာ နေအိမ်များ၌ပင် စမ်းသပ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်အလယ်ပိုင်းရှိ ဝူဟန်မြို့တွင် Covid-19 ကူးစက် ဖျားနာမှုမှာ ၃၅-ရက်ဆက်တိုက် ဖြစ်ပွားခြင်း မရှိခဲ့ချေ။ ယခု တနင်္ဂနွေနှင့် တနင်္လာနေ့ ၂-ရက်တွင်း ဒေသတွင်း နေထိုင်သူအချင်းချင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆-ဦး တွေ့ရှိခဲ့ရပြီးနောက် မြို့နေအားလုံး ယခုကဲ့သို့ စမ်းသပ်စစ်ဆေးမှုခံယူရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ အဆိုပါ ၆-ဦးစလုံးမှာ ဧရိယာတစ်ခုတည်း၌ နေထိုင်ကြသူများဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောဆိုသည်။

ဝူဟန်သည် လွန်ခဲ့သည့် ဇန်နဝါရီလ၌ Covid-19 ရောဂါကူးစက်မှု စတင်ဖြစ်ပွားရာ မြို့ဖြစ်ပြီး ကူးစက်မှုကျယ်ပြန့်လာသောကြောင့် ပထမဆုံး Lockdown တားဆီးပိတ်ဆို့ခြင်းခံရသည့် မြို့လည်းဖြစ်သည်။ အလားတူပင် ဟူဘေးပြည်နယ်ရှိ အခြားမြို့ကြီးများကိုလည်း တာဆီးပိတ်ဆို့ခြင်းများ ဆက်လက်ပြဋ္ဌာန်းခဲ့ရသည်။

တရုတ်အာဏာပိုင်တို့အနေဖြင့် တင်းကြပ်သော ရောဂါခြေချုပ်အစီအမံများနှင့် လူအများအပြားတို့အား ရောဂါပိုး ရှိ-မရှိ အစုအပုံလိုက်စမ်းသပ်စစ်ဆေးခြင်းဖြင့် ထပ်မံကူးစက်ခံရသူအရေအတွက်ကို သုံညသို့ ရောက်အောင် လျှော့ချနိုင်ခဲ့သည်။ အခြေအနေတိုတက်လာသည်နှင့်အမျှ တင်းကြပ်ကန့်သတ်ခြင်းများကို ဖြေလျှော့ခဲ့ရာ Lockdown တားဆီးပိတ်ဆို့ခြင်းကို ဧပြီ ၈-ရက်နေ့တွင် ရုတ်သိမ်းခဲ့ကြောင်း တွေ့ရှိရသည်။

တရုတ်နိုင်ငံတစ်ဝှမ်းလုံး၌မူ တစ်နေ့ချင်းအလိုက် ရောဂါပိုးကူးစက်ခံရသူအရေအတွက် နည်းပါးနေဆဲဖြစ်ပြီး၊ တွေ့ရှိရသူများမှာလည်း ပြည်ပမှဝင်ရောက်လာသူများ၌ ကိုရိုနာဗိုင်းရပ်စ် စွဲကပ်ခြင်းဖြစ်နေသည်။ တနင်္လာနေ့တွင် တရုတ်အမျိုးသား ကျန်းမာရေးအရာရှိတို့က ရောဂါပိုးကူးစက်ခံရသူ ၁-ဦးနှင့် သံသယရှိသူ ၁-ဦးတို့ကို တွေ့ရှိခဲ့ကြသော်လည်း Covid-19 ကြောင့် သေဆုံးသူ မရှိခဲ့ချေ။

Covid-19 ကူးစက်ကပ်ရောဂါနှင့်ပတ်သက်၍ အချိန်နှင့် တပြေးညီ မှတ်တမ်းတင်လျှက်ရှိသော ဂျွန်ဟော့ကင်း တက္ကသိုလ်၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် လူပေါင်း ၈၄,၀၀၀ ကျော်၌ SARS-Cov-2 ဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူ ၄,၆၀၀ ကျော် ရှိခဲ့ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

((( Russia Today., 12 May, 2020,” China to test ENTIRE POPULATION of Wuhan for Covid-19 after disease reemerges.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန် ဆိုသည်။ )))

# လူနာသစ် ၆-ဦးတွေရှိသဖြင့်ဝူဟန်မြို့နေ၁၁သန်းအားလုံးရောဂါစမ်းသပ်ရန်၁၀-ရက်ကြာမည်

https://www.rt.com/news/488416-wuhan-mass-testing-china/

0

Leave a Reply

Your email address will not be published.