၁၉၁၅- အာမေးနီးယန်းဂျီနိုဆိုက်ကို အမေရိကန်က အသိအမှတ်ပြု။ တူရကီအား ဒါဏ်ခတ်ပိတ်ဆို့သည့်ဥပဒေသစ်ပြဋ္ဌာန်းရန် ဆုံးဖြတ်။ အမေရိကန်ဖုံးဖိထားဆဲ ၁၉၇၁#ဘင်္ဂလားဒက်ရှ်လွတ်လပ်ရေးစစ်ပွဲဂျီနိုဆိုက်

တူရကီသည် သမိုင်းရေးရာကို နိုင်ငံရေးအတွက် အသုံးချသည်ဟူသော စွပ်စွဲချက်ဖြင့် ၁၉၁၅-ခုနှစ် အာမေးနီးယန်းဂျီနိုဆိုက်အား အမေရိကန်အောက်လွှတ်တော်က အသိအမှတ်ပြုလိုက်ပြီး နေတိုးမဟာမိတ်တူရကီအပေါ် စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့မှု ဥပဒေအသစ်တရပ်ကို ထောက်ခံဆုံးဖြတ်လိုက်ကြောင်း Russia Today က ယနေ့ရေးသားသည်။ 


လွန်ခဲ့သည့်ရာစုနှစ် တူရကီနိုင်ငံတွင် အော်တိုမန်အစိုးရလက်ထက်ဖြစ်စဉ်ကို အမေရိကန် အောက်လွှတ်တော်က တင်းမာစွာရန်စအောက်ဖဲလှန်လိုက်ခြင်းဖြစ်သည်ဆို၏။ “ ဂျီနိုဆိုက်အထိန်းအမှတ်နေ့ “ ကျင်းပရန် ထောက်ခံမဲ ၄၀၅-မဲ၊ ကန့်ကွက် ၁၁-မဲဖြင့် အတည်ပြုလိုက်ပြီး တူရကီနိုင်ငံအပေါ် အရေးယူဒါဏ်ခတ်မှုဥပဒေသစ်ပြဋ္ဌာန်းရန် တောင်းဆိုလိုက်ကြောင်း သိရှိရသည်။ 

  
အမေရိကန် အောက်လွှတ်တော်၏ အပြုအမူမှာ တူရကီ၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒအပေါ် လက်စားချေရာရောက်ပြီး၊ တရားမဝင်ပျက်ပြယ်သည့် အရှက်ကင်းမဲ့သော ဆုံးဖြတ်မှုဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။ 
ထပ်မံဖိအားပေးသည့်အနေဖြင့် အမေရိကန်သမ္မတက တူရကီအပေါ် လက်နက်ရောင်းချမှုရပ်ဆိုင်းခြင်း၊ ငွေကြေးပိုင်းဆိုင်ရာပိတ်ဆို့အရေးယူခြင်းပြုလုပ်ရန်အဆိုကို အမေရိကန်ကွန်ဂရက် လွှတ်တော်က ၄၀၃ မဲ ၁၁-မဲဖြင့် ထောက်ခံအတည်ပြုလိုက်သည်။ 

ယခုရက်သတ္တပတ်များအတွင်း စစ်ဆင်ရေးများနှင့် ပတ်သက်၍ နေတိုးစစ်စာချုပ်အဖွဲ့ဝင် အမေရိကန်နှင့် တူရကီအကြား အချေအတင်ဖြစ်ပွားလျှက်ရှိသည်။ ၎င်းတို့အကြမ်းဖက်သမားဟု သတ်မှတ်ထားသည့် ကာ့ဒ်လက်နက်ကိုင်တို့အား အမေရိကန်က အကာအကွယ်ပေးနေပြီး ကာ့ဒ်တို့ ကိုယ်ပိုင်အုပ်ခွင့်ရအထူးဒေသဟု တစ်ဖက်သပ်ကြေညာထားသည့်နယ်မြေရှိ ရေနံတွင်းများကို တရားမဝင်စောင့်ရှောက်ပေးနေသည်ဟု တူရကီက စွပ်စွဲထားသည်။ တူရကီတို့နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်စဉ် တပ်ဖွဲ့ဝင်များ ဆုတ်ခွာစေခြင်းမှာ ကာ့ဒ်တို့အပေါ် သစ္စာဖောက်ခြင်းအဖြစ် အမေရိကန်နိုင်ငံရေးလောက၌ ဒေါ်နယ်ထရမ့်အား ဝေဖန်လျှက်ရှိသည်။ 

  
ဆီးရီးယားအရှေ့မြောက်ပိုင်း တူရကီ၏ “ ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေး “ တွင် ၅-ရက်ကြာ အပစ်အခတ်ရပ်စဲပေးရန် အမေရိကန်က ကြားဝင်စေ့စပ်ပေးနိုင်ခဲ့သည်။ တူရကီသည် ရုရှားထံမှ S-400 ဒုံးကျည်စံနစ်များ ဝယ်ယူခြင်းကြောင့် အမေရိကန်၏ ဒါဏ်ခတ်ပိတ်ဆိုမှု့ ရင်ဆိုင်နေရဆဲဖြစ်သည်။ အကယ်၍ တူရကီက အပစ်အခတ်ရပ်စဲရေးကို အမြဲတန်းလိုက်နာခဲ့လျှင် ယခင်ဒါဏ်ခတ်ပိတ်ဆို့မှုများအား ရုတ်သိမ်းပေးမည်ဟု ဒေါ်နယ်ထရမ့်က ပြောဆိုသည်။

  
သို့သော် အပစ်အခတ်ရပ်စဲရေး ၅-ရက်မတိုင်မီ တူရကီသမ္မတက ရုရှားသို့ ရောက်ရှိသွားပြီး၊ ငြိမ်းချမ်းရေးနွေဦး စစ်ဆင်ရေး “ ပြန်လည်စတင်ရန် မရှိကြောင်း ကြေညာသည်။ ၎င်းအစား ရုရှားစစ်ရဲများနှင့် ဆီးရီးယားနယ်စပ်တွင် ပူးတွဲကင်းလှည့်မည်ဟု ဖော်ပြခဲ့ရာ အမေရိကန်အား မခံချည့်မခံသာဖြစ်စေပြီး အီရတ်ရောက်ဆုတ်ခွာ သွားသော အမေရိကန်ယန္တယားတပ်များ ဆီးရီးယားအရှေ့ပိုင်းသို့ ပြန်လည်ဝင်ရောက်လာသည်။

  
ရုရှားအနေဖြင့် တူရကီက Safe Zone တည်ဆောက်လိုသည့် နယ်စပ်တစ်လျှောက်ရှိ ကာ့ဒ်တိုက်ခိုက်ရေးသမားများကို ဆီးရီးယားအတွင်းပိုင်းသို့ ဆုတ်ခွာစေခဲ့ပြီး၊ ၎င်းနေရာတွင် ရုရှားစစ်ရဲများနှင့် ဆီးရီးယားအစိုးရနယ်ခြားစောင့်ရဲတပ်ဖွဲ့က နေရာယူမည်ဖြစ်သည်။ Safe Zone အတွင်းမှ ဆီးရီးယန်းကာ့ဒ် YGP တပ်များအားလုံး ဆုတ်ခွာသွားပြီးဖြစ်ကြောင်း ရုရှားက ယနေ့ကြေညာသော်လည်း YGP တို့ ရှိနေ-မနေ့ကို အတည်ပြုရန် စစ်ဆေးဆဲဖြစ်ကြောင်း တူရကီက သတင်းထုတ်ပြန်သည်။ ထိုစဉ်အတွင်း အမေရိကန်ကွန်ဂရက်က တူရကီအပေါ် ထိုးနှက်ရာရောက်သည့် ဆုံးဖြတ်ချက်များကို မဲခွဲအတည်ပြုလိုက်ခြင်းဖြစ်သည်။ 


(( လွန်ခဲ့သော ရက်ပိုင်းတွင် ဒေါ်နယ်ထရမ့်၏ မိန့်ခွန်း၌ “ အမေရိကန်သည် ကမ္ဘာ့ပုလိပ်ကြီးတာဝန်မယူတော့ “ ဟု ထည့်သွင်းပြောကြားကြောင်း တွေ့ရှိရသည်။ အမေရိကန်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှစ၍ ကမ္ဘာ့ပုလိပ်ကြီးအဖြစ် တာဝန်ယူခဲ့သည်ဟု ဆိုနိုင်သည်။ မျက်မှောက်ကမ္ဘာတွင် အမေရိကန်သည် တိုက်ကြီးအားလုံး၊ သမုဒ္ဒရာအားလုံး၌ ကြည်း-ရေ-လေ တစ်ပြိုင်နက်တည်း စစ်ဆင်နိုင်စွမ်းရှိသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ အမေရိကန်၏ စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့ခြင်းကို ရုရှား၊ တရုတ်ကဲ့သို့ နိုင်ငံများပင် မခံနိုင်ချေ။

  
အင်အားကြီးနိုင်ငံတို့တွင် အမေရိကန်မကောင်း၊ အခြားနိုင်ငံများ ကောင်းသည်ဟု မဆိုလိုပါ။ သို့သော် ပုလိပ်ကြီးအမေရိကန်၏ ရည်ရွယ်ချက်တွင် နိုင်ငံအားလုံး၌ အနောက်တိုင်းပုံစံ ဒီမိုကရေစီမျိုးကျင့် သုံးစေလိုသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအတွက် ပြိုင်ဖက်ကင်းသော သူ၏ ဓနအင်အားနှင့် စစ်အင်အားကို အသုံးချခဲ့ရာ မရေမတွက်နိုင်သော စစ်ပွဲများ၊ ပဋိပက္ခများ၊ ပြည်တွင်းစစ်များဖြစ်ပေါ်ခဲ့ရပြီး ဗီယက်နမ်ကဲ့သို့ အမေရိကန်အရှုံးကြီး ရှုံးရသည်လည်း ရှိခဲ့သည်။ 

  
ထို့ပြင် ဒီမိုကရေစီကို တင်ပို့ရာ၌လည်း တပြေးညီမဟုတ်ချေ။ ဗဟိုနှင့် တောင်အမေရိကနိုင်ငံများတွင် မူးယစ်ဆေးမကင်းသော အစိုးရအဖွဲ့များကို မသိဟန်ဆောင်သလို ရှိသည်။ ငွေအလုံးအရင်းဖြင့် ဖိအားပေးရာတွင် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များစွက်ဖက်လာသည်။ ရာသီဥတုဖောက်ပြန်ခြင်း၊ ကမ္ဘာ့ရေနံဈေးကွက် မတည်ငြိမ်ခြင်းနှင့် လွဲမှားသောစီမံခန့်ခွဲမှု့မကင်းသည့် အဆိုပါနိုင်ငံများတွင် တည်ငြိမ်မှု့ပျက်ပြားကာ လူသန်းပေါင်းများစွာ ရွှေ့ပြောင်းအခြေချသူများဘ၀ သက်ဆင်းရလျှက်ရှိသည်။ 

လွန်ခဲ့သော ၁၀၄-နှစ်က တူရကီအစိုးရ၏ အမှားအတွက် ယနေ့အာဒိုဂန်အစိုးရနှင့် တူရကီနိုင်ငံက ပြစ်ဒါဏ်ကျခံစေခြင်းမှာ အပြည်ပြည်ဆိုင်ရာဥပဒေတွင် မည်သို့ရှိသည်ကို ကျွန်တော် မသိပါ။ သို့သော် ဆယ်စုနှစ် ၅-စုမျှသာရှိပြီး မကြာသေးဟု ပြောရမည့် ၁၉၇၁-ခုနှစ် #ဘင်္ဂလားလွတ်လပ်ရေးဂျီနိုဆိုက်တွင် အဓိကဖုံးဖိသူမှာ အမေရိကန်ဖြစ်သည်။ #သမ္မတရစ်ချက်နစ်ဆင်နှင့် နိုင်ငံခြားရေးဝန်ကြီး #ဟင်နရီကစ်ဆင်းဂျားတို့ ဖုံးဖိခဲ့သည်ကို ယနေ့ ဘယ်အမေရိကန်နိုင်ငံရေးသမားမှ မျက်စောင်းမထိုးကြချေ။

  
အရှေ့ပါကစ္စတန်မှ ခွဲထွက်သည့် ယခုဘင်္ဂလားဒက်ရှ်နိုင်ငံ၏ #လွတ်လပ်ရေးစစ်ပွဲတွင် ပါကစ္စတန်စစ်သားများ လက်ချက်ဖြင့် ဘင်္ဂါလီ ၃၀၀,၀၀၀ မှ ၃,၀၀၀,၀၀၀ ကြား အသက်ဆုံးရှုံးခဲ့ရပြီး ဒါကာတက္ကသိုလ်ကျောင်းသူများအပါအဝင် ဘင်္ဂါလီအမျိုးသမီး သိန်းချီ အဓမ္မပြုကျင့်ခံရသည်။ 
အိမ်နီးချင်းနိုင်ငံများသို့ လူ ၁၀-သန်းမျှ စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရာ ယနေ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကိုယ်တိုင် စစ်ဘေးရှောင်ဖြစ်ခဲ့ရဖူးသည်။ ဂျီနိုဆိုက်ဟု သတ်မှတ်နိုင်မည့် နိုင်ငံတကာဖြစ်စဉ်ပေါင်း ၅၀ အထက်ရှိသော်လည်း ICC က ၃ မှု့ခန့်ကိုသာလျှင် မည်မည်ရရ ကိုင်တွယ်နိုင်သည်။ စွပ်စွဲသမျှအားလုံးနီးပါးသည် ဒေါ်လာငွေ ဘီလျှံချီသုံးစွဲခဲ့ရသော်လည်း အဖျားရှူးသွားသည်ချည့်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )) 

((( Russia Today., 30 Oct, 2019,” ‘Revenge & political pressure’: US House recognizes Armenian genocide and threatens Turkey with new sanctions.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/472165-turkey-sanctions-armenian-genocide/ 
https://www.aljazeera.com/news/2019/10/trump-announces-turkey-sanctions-lifted-191023150745100.html 
https://www.aljazeera.com/news/2019/10/kurd-fighters-complete-pullout-turkey-syria-border-russia-191029150457060.html 
https://www.smithsonianmag.com/history/genocide-us-cant-remember-bangladesh-cant-forget-180961490/ 
https://foreignpolicy.com/2013/12/17/the-blood-telegram/ 
https://www.nytimes.com/2013/09/29/books/review/the-blood-telegram-by-gary-j-bass.html 

1+

Leave a Reply

Your email address will not be published.