၂၀၁၃-ခုနှစ် ဘော့စတွန် မာရသွန် ဗုံးခွဲသမားအား သေဒါဏ်မှ တစ်သက်တစ်ကျွန်း ပြစ်ဒါဏ်သို့ အယူခံတရားရုံးက ပြောင်းလဲဆုံးဖြတ်။ အီရတ်နှင့်အာဖဂန်နစ္စတန်စစ်ပွဲသတင်းများကြောင့် နာကျည်းစိတ်များ ဖြစ်ပေါ်ခဲ့၊ တရားဟောဆရာ၏ ဟောပြောချက်များကြောင့် အစွန်းရောက်သူဖြစ်လာခဲ့

၂၀၁၃-ခုနှစ် မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန် မာရသွန်အပြေးပြိုင်ပွဲ ပန်းတိုင်အနီးတွင် အစ်ကိုဖြစ်သူနှင့်အတူ လက်လုပ်ဗုံးဖောက်ခွဲခြင်းကြောင့် ပွဲကြည့်ပရိဿတ် ၃- ဦးသေဆုံးမှုဖြင့် သေဒါဏ်စီရင်ခြင်းခံရသူ ဂျိုခါရှာနော့ဗ် ( ၂၇-နှစ် ) အား တစ်သက်တစ်ကျွန်းပြစ်ဒါဏ်သို့ ပြောင်းလဲရန် ဖက်ဒရယ်အယူခံတရားရုံးက သောကြာနေ့၌ ဆုံးဖြတ်လိုက်သည်ဟု CNN က ယနေ့ရေးသားသည်။ 

  
ဂျိုခါအပေါ် စီရင်ချက် ၃၀-အနက် ၃-ခုကို ပလပ်ခဲ့သော်လည်း သေဒါဏ်ကျခံရန် လုံလောက်ခြင်းမရှိသောကြောင့် တစ်သက်တစ်ကျွန်းပြစ်ဒါဏ်သို့ ပြောင်းလဲလိုက်ကြောင်း အယူခံတရားရုံးက ဆုံးဖြတ်သည်။

  
ဂျိုခါ၏ ဥပဒေအကျိုးဆောင်အဖွဲ့ကမူ တရားခွင်အား အမှု့ဖြစ်ပွားသည့် ဗုံးပေါက်ကွဲခဲ့ရာနေရာနှင့် မနီးလှသည့် တရားရုံးသို့ ပြောင်းရွှေ့ကြားနာရန် လျှောက်ထားချက်ကို အယူခံရုံးတရားသူကြီး ၃-ဦးအနက် ၂-ဦးက ပယ်ချခဲ့သည်။ ဂျိုခါသည် ၎င်းပိုင်ဆိုင်သော ဖိအားသုံးပေါင်းအိုးလက်လုပ်ဗုံးနှင့်အတူ လက်နက်ကိုင်၍ ပါဝင်ပတ်သက်ခဲ့သည်ဆိုခြင်းကိုလည်း တရားသူကြီးက ငြင်းပယ်၍ ပြစ်ဒဏ်အသစ် ထပ်မံစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ 

  
နှစ်စဉ်ကျင်းပလေ့ရှိသော ဘော့စတွန် မာရသွန်အပြေးပြိုင်ပွဲသည် ကမ္ဘာ့သက်တမ်းအရှည်ဆုံး အားကစားပြိုင်ပွဲများအနက် တစ်ခုဖြစ်ပြီး ၁၅-ဧပြီ၊ ၂၀၁၃ ခုနှစ် ၁၁၇-ကြိမ်မြောက်တွင် အားကစားသမား ၂၃,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မွန်းလွဲ ၀၂း၅၀ နာရီတွင် ပန်းတိုင်အနီး၌ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ကိုက် ၂၁၀ အကွာတွင် ၁၄-စက္ကန့်ခြား၍ နောက်ထပ် ဗုံးတစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် ၈-နှစ် အရွယ် ကလေးတစ်ဦးအပါအဝင် ၃-ဦးသေဆုံးပြီး ၂၆၄- ဦးဒါဏ်ရာရရှိခဲ့ရာ ခြေလက်အင်္ဂါဆုံးရှုံးရသူ ၁၇-ဦး ရှိခဲ့သည်။ 

  
၃-ရက်အကြာတွင် FBI က သတင်းထုတ်ပြန်ရာ၌ အမေရိကန်နိုင်ငံသား ချေချင်းညာလူမျိုး ကျောင်းသားလူငယ် ညီအကိုများဖြစ်ကြသော တာမာလန်ရှာနော့ဗ်နှင့် ဂျိုခါရှာနော့ဗ်တို့ကို သံသယရှိသူများ အဖြစ် ဖော်ပြသည်။ 

  
ထွက်ပြေးလွတ်မြောက်နေသော ရှာနော့ဗ်ညီအစ်ကိုက မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်ရဲတပ်ဖွဲ့ဝင်ထံမှ လက်နက်လုယက်ရာတွင် ရဲအရာရှိတစ်ဦး ပစ်သတ်ခံပြီး ရဲတပ်ဖွဲ့ဝင် ၂-ဦး ဒါဏ်ရာရရှိသည်။ ရှာနော့ဗ် ညီအစ်ကိုတို့သည် ကားမောင်းလာသူတစ်ဦးအား ဓါးစာခံဖမ်းဆီး၍ ကားကို လုယူထွက်ပြေးကြသည်။ ဧပြီ-၁၈ ည ၁၁-နာရီတွင် ဘော့စတွန်ဆင်ခြေဖုံး ဝါးတားတောင်းမ်၌ ရှာနော့ဗ်တို့အား ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်အိမ်တက်ဆင်းရှာဖွေသည်။ ရဲတပ်ဖွဲ့ဝင်များအား ခုခံတိုက်ခိုက်စဉ် ပြင်းထန်စွာ ဒါဏ်ရာရရှိသွားသော တာမာလန်ကို ဖမ်းဆီးရမိသော်လည်း နောက်ပိုင်း၌ တာမာလန် သေဆုံးသွားသည်။ 

ဧပြီလ ၁၉ ရက် ညနေခင်းတွင် ဝါးတားတောင်းမ်ရှိ နောက်တွဲယာဉ်တစ်စီးပေါ်၌ ဒဏ်ရာအပြင်းအထန်နှင့် ပုန်းအောင်းနေသည့် ဂျိုခါရှာနော့ဗ်အား ရဲတပ်ဖွဲ့ဝင်များက လက်နက်မဲ့ ဖမ်းဆီးရမိသည်။ 

  
ရှာနော့ဗ်ညီအကိုတို့သည် ၂၀၀၂-ခုနှစ်တွင် မိဘများနှင့်အတူ ကာဇက်စတန်နိုင်ငံမှ အမေရိကန်သို့ ခိုလှုံခွင့်ဖြင့် ရောက်ရှိလာသူများဖြစ်ပြီး ၂၀၁၂-ခုနှစ်တွင် အမေရိကန်နိုင်ငံသားဖြစ်လာခဲ့ကြသည်။ 


ဂျိုခါက သူနှင့်သူ၏အစ်ကိုသည် အီရတ်နှင့်အာဖဂန်နစ္စတန်ရှိစစ်ပွဲသတင်းများကြောင့် နာကျည်းစိတ်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ အစ်ကို တာမာလန်သည် အမေရိကန်နိုင်ငံသား ယီမင်လူမျိုး တရားဟောဆရာ အန်ဝါအယ်လ်အော့လာကီ၏ ဟောပြောချက်များကို နာယူကာ အစွန်းရောက် အကြမ်းဖက်အယူအဆများ ကိန်းအောင်းလာခဲ့ကြောင်း၊ တိုင်းမ်စကွဲယားသို့သွားကာ ဗုံးခွဲမည်ဟု ပြောခဲ့ဖူးကြောင်း၊  အင်တာနက်မှ အယ်လ်ကိုင်ဒါ အကြမ်းဖက်တို့၏ ဗုံးလုပ်နည်းများကို လေ့လာကာ Pressure Cooker ခေါ် လေဖိအားသုံး ပေါင်းအိုးအတွင်း၌ သံတို သံစနှင့် ပေါက်ကွဲပစ္စည်းများထည့်သွင်း၍ လက်လုပ်ဗုံးကို ဖန်တီးခဲ့ကြကြောင်း၊ ပြင်ပရှိ မည်သည့်အကြမ်းဖက်အဖွဲ့နှင့်မျှ ဆက်စပ်မှုမရှိပဲ အစ်ကိုဖြစ်သူ၏ ဦးဆောင်မှု၌ နောက်လိုက်သာဖြစ်ကြောင်း ဂျိုခါက အစစ်ခံထွက်ဆိုသည်။ 


အခင်းဖြစ်ပွားသည့်နေ့တွင် တာမာလန်သယ်ဆောင်လာသည့် ဖိအားသုံးပေါင်းအိုးတစ်ဖြစ်လဲ လက်လုပ်ဗုံး ပေါက်ကွဲရာ၌ လူ ၁-ဦး သေဆုံးပြီး လူအများအပြား ကိုယ်လက်အင်္ဂါချို့တဲ့ရခဲ့သည်။ ဂျိုခါသယ်ဆောင်လာသော ဒုတိယ လက်လုပ်ဗုံးမှ လူ ၂-ဦးသေဆုံးသည်။ 

  
၂၀၁၅ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ဂျိုခါရှာနော့ဗ်သည် အစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်ကို အသုံးပြုခြင်း၊ လူသေစေခြင်း၊ အများ ပြည်သူနေရာတွင် ဗုံးခွဲရာ၌ ပူးပေါင်း ပါဝင်ခြင်း၊ ကားလုယူခြင်း၊ မက်ဆာချူးဆက် တက္ကသိုလ်ဝင်း၌ ရဲအရာရှိကို သေနတ်ဖြင့် ပစ်ခတ်ခြင်း စသည့် အချက် ၃၀ ဖြင့် တရားစွဲဆိုခြင်း ခံရသည်။ ၂၀၁၅ ခုနှစ်ဇွန်လ ၂၄ ရက်နေ့တွင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ဟု သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ 

  
((( CNN., July 31, 2020, “Appeals court vacates Boston Marathon bomber’s death sentence, orders new penalty trial. By Sonia Moghe, CNN” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))) 

 
#ဘော့စတွန်_မာရသွန် ဗုံးခွဲသမား #သေဒါဏ်မှ_တစ်သက်တစ်ကျွန်းပြစ်ဒါဏ်သို့ပြောင်းလဲဆုံးဖြတ် 


https://www.boston.com/uncategorized/noprimarytagmatch/2013/04/15/three-killed-including-8-year-old-boy-in-explosions-at-boston-marathon-finish-line-president-obama-vows-to-bring-perpetrators-to-justice 


https://www.ibtimes.com/what-happened-dzhokhar-tsarnaev-update-boston-marathon-bomber-sentenced-death-2526052 

https://www.rt.com/usa/496810-boston-bomber-death-sentence-overturned/ 

0

Leave a Reply

Your email address will not be published.