၂၀၂၅-ခုနှစ် ရာသီဥတု ထိန်းသိမ်းရေး ရည်မှန်းချက် ပြည့်မီရန် ကာဗွန် ၁-ဘီလီယံ တန်ကို ကမ္ဘာကြီးမှ ဖယ်ရှားရမည်။ လက်ရှိနည်းပညာမှာ ကုန်ကျစရိတ်များလွန်းနေပြီး သတ်မှတ်နှစ်အရောက် ကာဗွန်တန်ချိန် သန်း ၁၅၀ သာ ရှင်းလင်းနိုင်မည်ဟု ဆို


ကမ္ဘာကြီးပူနွေးလာသည့် ကပ်ဆိုးဆိုက်ရောက်နေခြင်းအား ရှောင်လွှဲရန်အတွက် ၂၀၂၅-ခုနှစ်အရောက်၌ ကမ္ဘာ့လေထုအတွင်းမှ ကာဗွန်တန်ချိန် ၁-ဘီလီယံကို ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများက ထုတ်နှုတ်ပစ်ရန်လိုအပ်သည်ကို အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်အရ ရည်မှန်းထားခဲ့ရာ ၎င်းပမာဏ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ဖယ်ရှားနိုင်လိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတစ်စောင်က ဖော်ပြသည်ဟု Reuters က ယနေ့ ရေးသားသည်။

…    
ကမ္ဘာကြီး၏ပူနွေးမှုအပြောင်းအလဲမှာ အပူချိန် ၁.၅ ဒီဂရီ ဆဲလ်စီယပ်စ်ထက် မပိုရေး နိုင်ငံပေါင်း ၁၉၀- ကျော် တို့က ပါရီသဘောတူညီဖြင့် ရည်မှန်းခဲ့ကြသည်။ သို့သော်လည်း ဖန်လုံအိမ်အာနိသင်ဖြစ်စေသော ဓါတ်ငွေ့ထု၏ ကြီးမားသည့် ပမာဏကို လျှော့ချရန်မှာ ဖယ်ရှားရေးနည်းပညာများ လိုအပ်ကြောင်း သိပ္ပံပညာရှင်များက ယုံကြည်သည်။

…   
၂၀၂၅-ခုနှစ်အရောက်တွင် အနှုတ်သဘောဆောင်သည့် ဓါတ်ငွေ့ထုတ်လွှတ်မှု ၁ ဂီဂါတန် (Gt) ကို ဖယ်ရှားနိုင်ခြင်း မရှိပဲ ပါရီသဘောတူညီပါ ၁.၅ ဒီဂရီဆဲလ်စီယပ် ရည်မှန်းချက်မှာ အောင်မြင်မည် မဟုတ်ကြောင်း၊ ၂၀၂၅ ခုနှစ် ပါရီရည်မှန်းချက်ပြည့်မီရန် ကမ္ဘာ့လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် CO2 ၁-ဘီလီယံကို ဖယ်ထုတ်ရမည်ဖြစ်ပြီး နောက်ထပ် နှစ်စဉ် CO2 ၁-ဘီလီယံကို ဆက်လက်ဖယ်ထုတ်ရန် လိုအပ်ကြောင်း၊ လက်ရှိ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆက်နွယ်ဆောင်ရွက်မှု စီမံကိန်းများသည် ၂၀၂၅ ခုနှစ်တွင် CO2 တန်ချိန် သန်း ၁၅၀ ခန့်သာ ဖယ်ရှားနိုင်မည်ဖြစ်၍ လိုအပ်သည့် ပမာဏနှင့် ကိုက်ညီခြင်း မရှိသေးကြောင်း၊

လက်ရှိ ဖယ်ရှားရေး နည်းပညာများမှာ ဈေးနှုန်းကြီးမြင့်လျှက်ရှိပြီး ကမ္ဘာတဝှမ်းရှိနိုင်ငံများစွာတွင် CO2 ထုတ်လွှတ်မှုအတွက် ဈေး နှုန်းသတ်မှတ်ရန် အစပျိုးမှုများရှိသော်လည်း စီမံကိန်းအသစ်များအား မက်လုံးပေးရန် ဈေးနှုန်းများမှာ အလွန်အမင်း နိမ့်ကျလျှက်ရှိကြောင်း၊ နည်းပညာကို အဆင့်မြှင့်ချဲ့ထွင်ခဲ့လျှင် ၂၀၅၀-ပြည့်နှစ်အရောက်၌ ကာဗွန်ဒိုင်အောက်ဆိုက် ၁-တန် ဖယ်ရှားရန်အတွက် ပျမ်းမျှ  ၄၁ မှ ၁၃၈ အမေရိကန်ဒေါ် လာအထိ ကုန်ကျစရိတ် လျော့နည်းသွားနိုင်ကြောင်း မက်ကင်းဆေး အကြံပေးလုပ်ငန်းနှင့် အနှုတ်သဘောဆောင်သည့် ဓါတ်ငွေ့များထုတ်လွှတ်ခြင်းဆိုင်ရာ ပူးပေါင်းအဖွဲ့ CNE ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်ဆို၏။

…   
အနုတ်လက္ခဏာထုတ်လွှတ်မှုစီမံကိန်းများတွင် ဇီဝစွမ်းအင်မှ ကာဗွန်ထုတ်လွှတ်မှုကို ဖမ်းယူသိုလှောင်သည့် နည်းပညာနှင့် ကာဗွန်ထုတ်လုပ်မှုကို သစ်တောပျိုးထောင်ခြင်းကဲ့သို့ လေထုနှင့် သဘာဝရာသီဥတုမှ တိုက်ရိုက် ဖမ်းယူသိုလှောင်ခြင်း နည်းပညာများ ပါဝင်သည်။
 အနုတ်လက္ခဏာဆောင်သော ဓါတ်ငွေ့ထုတ်လွှတ်သည့် စွမ်းအင်စီမံကိန်းများတွင် သြဂဲနစ်နှင့် ကာဗွန်ဖမ်းယူနည်းပညာ ဖွံံ့ဖြိုးရေးကို ရှာဖွေလျှက်ရှိသူ Drax အဖွဲ့ဝင် CNE ၏ အမှုဆောင်အရာရှိ ဝီလ်ဂါဒီနာက ပြောဆိုရာတွင် နိုင်ငံများအနေဖြင့် ကာဗွန် ၁-တန် ဖယ်ရှားတိုင်း ပေးဆောင်ရမည့် အခွန်ကို လွတ်ငြိမ်းခွင့်ပြုြုခင်းဖြင့် နည်းပညာပိုင်းကို ကူညီနိုင်ကြောင်း ထောက်ပြသည်။

…  
CNE တွင် Bank of America နှင့် British Industry of Confederation (CBI) တို့အပြင် ရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ရေးအသင်းအဖွဲ့ပေါင်း ၂၀ ကျော် ပါဝင်သည်။

(( လက်ရှိ ကမ္ဘာ့ကြီးမှာ Population Burst လူဦးရေမှာ ပေါက်ကွဲနေသည်။


လူသားတို့ နေထိုင်နိုင်သည့် ကုန်းမြေမှာ ကမ္ဘာကြီး၏ ၂၉% သာလျှင် ရှိသည်။ လူဦးရေ တိုးပွားလာ၍ နေထိုင်ရန် နယ်မြေနှင့် ပါးစပ်ပေါက်အသစ်များအား ကျွေးမွေးရန် စိုက်ပျိုးမြေသစ်များ လိုအပ်လာသဖြင့် သစ်တောတို့ကို ခုတ်ထွင်ရသည်။ သဘာ၀ သားရိုင်းတိရစ္ဆာန်တို့ မျိုးတုန်းပျောက်ကွယ်ပြီး ဂဟေစနစ် ပျက်စီးသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲ၍ တစ်နေရာ၌ မိုးသည်းထန်၍ ရေကြီးရေလျှံနေချိန် အခြားတစ်နေရာတွင် ဆန့်ကျင်ခြားနားစွာ မိုးခေါင်သည်။ စိုက်ပျိုးခင်းများ ပျက်စီး၍ အငတ်ဘေးဆိုက်ကြခြင်းမှာကား အတူတူပင်ဖြစ်သည်။

ထိုအတွက် အဖြေရှာရန် နိုင်ငံပေါင်းချုပ်အသင်းကြီး (၁၉၂၀-၁၉၄၆-ခုနှစ်) ၌ နိုင်ငံတကာ လူဦးရေညီလာခံ World Population Conference အဖြစ် ၁၉၂၇-ခုနှစ်တွင် စတင်ဆွေးနွေးခဲ့သည်။ ထို့နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂဖြစ်လာခဲ့ပြီးနောက်၌လည်း ၅-ကြိမ်ထက်မနည်း တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာ ကွန်ဖရင့်ကြီးမှာ ကိုယ်ရည်သွေးခြင်း၊ နိုင်ငံရေး ပုတ်ခတ်ခြင်းတို့ အတိပြီးသော စကားပြောစင်မြင့်အဖြစ် အဆုံးသတ်ကာ မည်မည်ရရ အဖြေမထွက်ခဲ့ချေ။

ပဋိသန္ဓေတားဆီးရန် အကြံပြုသော ပညာရှင်မှာ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးအစွဲကြီးနိုင်ငံများ၏ ပြောင်လှောင် စော်ကားခြင်း ခံရသည်။ ကိုယ်ဝန်ဖျက်ချခွင့် တရားဝင်ခွင့်ပြုသင့်ကြောင်း ပြောဆိုမိသူ ပညာရှင်မှာမူ အိမ်တိုင်ရာရောက် အသေလိုက်သတ်ခြင်း ခံလိုက်ရသည်။

ကမ္ဘာကြီးပူနွေးလာမှုကို အဆုံးသတ်ရန် ချမ်းသာအင်အားကြီးနိုင်ငံများအပါဝင် နိုင်ငံတကာတွင် တစ်ပြေးညီ ပူပေါင်းနိုင်ခြင်း မရှိသေးပါ။ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂကွန်ဖရင့် ( UNFCCC ) တိုကျိုပရိုတိုကောဆိုလျှင် နိုင်ငံ၏ စီးပွားရေးရည်မှန်းချက်များကို ထိခိုက်သည်ဟုဆိုကာ အမေရိကန်က လက်မှတ်မထိုးချေ။


ထူးဆန်းစွာ တိုက်ဆိုင်သည်မှာ ဖန်လုံအိမ်ဓါတ်ငွေ့အများဆုံးထုတ်လွှတ်သော အမေရိကန်၊ တရုတ်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများမှာ ယခု ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးနိုင်ငံများ ဖြစ်နေသည်။

ဆင်းရဲနိုင်ငံ ကျွန်တော်တို့ဖြစ်အင်မှာ အချင်းချင်း အလွန်ချစ်ခင်ကြ၍ ခြေထောက်ချင်း တွဲလျှက် ကြိုးချည်သော ဖားနှင့် ကြွက် ကဲ့သို့ ရှိနေသည်။ ဖားသည် ရေတစ်ပိုင်း ကုန်းတစ်ပိုင်းသတ္တဝါဖြစ်သဖြင့် ရေတွင် ဆင်းကူးသော အခါ ကြွက်ခမျာ ရေနစ်သေဆုံးရသည်။ ကြွက်သေကောင်ကို စွန်ချီသောအခါ ဖားလည်း အစားခံလိုက်ရလေသည်။ 

ကမ္ဘာ့လူဦးရေနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြောဆိုရန်မှာ ကျွန်ုပ်တို့ အပူမဟုတ်ဟု သိပ္ပံပညာရှင်အချို့က ဆိုပါ သည်။


လူများလာလျှင် ပါးစိပါးစပ်များလာပြီး ပြဿနာရှုတ်ထွေး၍ စစ်ပွဲများဖြစ်ကြ၍ လူဦးရေ လျှော့ကျမည်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပြီး ရာသီဥတုပြောင်းလဲကာ သေဆုံးကြမည်။ ထူးဆန်းသောရောဂါများ ကပ်အသွင် ဆိုက်ရောက်လျှက် လူအများအပြားတို့ သေကြေမည်။ 


#သဘာဝတရားကြီးသည် #သူ_လက်မခံနိုင်သူတို့ကို #ပမာဏတစ်ခုရောက်သည်အထိ #သူ့ဖာသာ_လူလျှော့ပစ်လိမ့်မည်ဟု ပြောကြခဲ့ပါသည်။   ။သတင်းဘာသာပြန်သူ))

#ကမ္ဘာကြီးပူနွေးလာမှုကိုထိန်းသိမ်းရန် #ကာဗွန်၁-ဘီလီယံတန်ကိုဖယ်ရှားရမည်

(((Reuters., June 30, 2021,” World must remove 1 billion tonnes of CO2 by 2025 to meet climate goal: report.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။)))

https://www.reuters.com/world/world-must-remove-1-bln-tonnes-co2-by-2025-meet-climate-goal-report-2021-06-29/
https://theconversation.com/kyoto-protocol-fails-get-ready-for-a-hotter-world-10742 

Leave a Reply

Your email address will not be published.