၂၀၂၈-ခုနှစ်တွင် တရုတ်သည်အမေရိကန်အား ခုန်ကျော်၍ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာမည်။ မတူညီသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနာလန်ထူမှုကြောင့် ယခင်ခန့်မှန်းသည်ထက် ၅-နှစ်စော။ ဂျပန်သည် အိန္ဒိယအား ကျော်တက်ပြီး ဂျာမနီမှာ ပဉ္စမဖြစ်သွားဖွယ်ရှိ


COVID-19 ကူးစက်ရောဂါကပ် ဖြစ်ပွားကြရာတွင် နှစ်နိုင်ငံအကြားကွဲပြားခြားနားသော ပြန်လည်နာလန်ထူမှုကြောင့် ယခင်ခန့်မှန်းထားသည်ထက် ၅-နှစ်စောကာ ၂၀၂၈-ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုအား ခုန်ပျံကျော်လွှား၍ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာစေမည်ဟု Reuters က ယနေ့ ရေးသားသည်။ 


အမေရိကန်နှင့် တရုတ်တို့အကြား စီးပွါးရေးနှင့် ပါဝါအပျော့တို့၌ ရုန်းကန်မှုသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် ဆက်စပ်လွှမ်းခြုံသည့် အကြောင်းရင်းများ ဖြစ်လာစေကြောင်း၊ Covid-19 ကူးစက်ကပ်ရောဂါနှင့် ဆက်စပ်လျှက်ရှိသော စီးပွားရေးဆိုးကျိုးများသည် ယှဉ်ပြိုင်ဘက်နှစ်နိုင်ငံတို့တွင် တရုတ်ဘက်မှ အသာစီးရရှိစေခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း စနေနေ့တွင် ထုတ်ပြန်သည့် လန်ဒန်အခြေစိုက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သုတေသနစင်တာ CEBR ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်ဆို၏။ 


တရုတ်နိုင်ငံသည် တင်းကြပ်သည့် Lockdown တားဆီးပိတ်ဆို့ခြင်းများ စောစီးစွာချမှတ်ခြင်းဖြင့် ကူးစက်ကပ်ရောဂါအပေါ် ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်ခဲ့ကြောင်း၊ အနောက်နိုင်ငံများ၌ Covid-19 ရောဂါကာလရှည် ပြင်းထန်စွာဖြစ်ပွားနေခြင်းသည် တရုတ်အတွက် စီးပွားရေးစွမ်းရည်အသွင်သဏ္ဍာန်ကို တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးရာရောက်ခဲ့ကြောင်း၊ 


တရုတ်သည် ၂၀၂၆-၂၀၃၀ ခုနှစ်များတွင် နှစ်စဉ်ပျမ်းမျှစီးပွားရေးတိုးတက်မှု ၄.၅% အထိ နှေးကွေးသွားခြင်း မတိုင်မီ ( ကိုဗစ်အလွန် ) ၂၀၂၁ မှ ၂၀၂၅-ခုနှစ်အတွင်း တစ်နှစ်လျှင် ၅.၇% တိုးတက်ရန်မျှော်မှန်းထားသည်။ အမေရိကန်ပြည်ထောင်စုသည် ပြင်းထန်သော ကူးစက်ရောဂါနောက်ပိုင်း ၂၀၂၁ ခုနှစ်တွင် စီးပွားရေး ပြန်လည် ခုန်တက်နိုင်သော်လည်း ၂၀၂၂ နှင့် ၂၀၂၄ အကြား နှစ်စဉ် ပျမ်းမျှစီးပွားရေးတိုးတက်မှု ၁.၉% သို့ နှေးကွေးသွားပြီး ထို့နောက်ပိုင်း ၁.၆% အထိ ကျဆင်းသွားဖွယ်ရှိကြောင်း၊ 

…  
ဂျပန်သည် အိန္ဒိယအား ကျော်တက်ပြီး ဒေါ်လာငွေကြေးအရ ကမ္ဘာ့တတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ၂၀၃၀ ပြည့် နှစ်ဦးပိုင်းအထိ ဆက်လက်တည်ရှိလိမ့်မည်ဖြစ်ပြီး ဂျာမနီမှာမူ စတုတ္ထနေရာမှ ပဉ္စမနေရာသို့ သက်ဆင်းဖွယ်ရှိကြောင်း၊ လက်ရှိကာလတွင် ပဉ္စမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဗြိတိန်သည် ၂၀၂၄ ခုနှစ်မှစတင်ကာ ဆဋ္ဌမနေရာသို့ ကျဆင်းသွားနိုင်ကြောင်း CEBR က ခန့်မှန်းထား သည်။ 


ဥရောပသမဂ္ဂ၏တစ်ခုတည်းသော ဈေးကွက်မှ နှုတ်ထွက်ခြင်းဖြင့် ၂၀၂၁-ခုနှစ်တွင် ဗြိတိန်မှာ ထိခိုက်မည်ဖြစ်သော်လည်း၊ အရေးပါသော ဒစ်ဂျစ်တယ်စီးပွားရေး၌ ဦးဆောင်ခြင်းဖြင့် ၂၀၃၅-ခုနှစ်တွင် ဒေါ်လာငွေကြေးအရ ဗြိတိန်၏ ဂျီဒီပီမှာ ပြင်သစ်ထက် ၂၃% ပိုမို မြင့်မားနေမည်ဖြစ်သည်။


ဥရောပသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံ ၁၀ ခု၏ ၁၉% ကို ထုတ်လုပ်သော်လည်း ၂၀၃၅ ခုနှစ်တွင် ၁၂% သို့ကျဆင်းသွားနိုင်ကြောင်း၊ သို့မဟုတ် ဥရောပသမဂ္ဂ နှင့် ဗြိတိန်တို့အကြား စလုံးစခု ကွဲပြဲနေခဲ့ပါက ယခုထက်ပို၍ နိမ့်ကျလိမ့်မည်ဖြစ်ကြောင်း၊ CEBR ကပြောကြားခဲ့သည်။ 


ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် ကူးစက်ရောဂါ၏ အကျိုးသက်ရောက်မှုမှာ စီးပွားရေးအရ တိုးတက်မှု နှေးကွေးခြင်းမဟုတ်ဘဲ မြင့်မားသော ငွေကြေးဖောင်းပွမှု ပေါ်ထွန်းလာဖွယ်ရှိခြင်းဖြစ်သည်။ COVID-19 အကျပ်အတည်းကို တုံ့ပြန်ရန်အတွက် ငွေကြေးအမြောက်အမြားချေးယူရသော အစိုးရများအတွက် ၂၀၂၀ ပြည့်နှစ်လယ်ခန့်တွင် အတိုးနှုန်းများ မြင့်တက်ခဲ့ခြင်းမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး စီးပွားရေးသံသရာလည်ပုံကို တွေ့မြင်ရနိုင်ကြောင်းသိရှိရသည်။


သို့သော်လည်း အဆိုပါအခက်အခဲများ အရှိန်မြင့်လာသည်ကို ရင်ဆိုင်ရင်း နည်းပညာအပေါ် ပိုမိုအခြေခံသည့် ကမ္ဘာကြီးနှင့် တစ်စိမ်းတရံစာများအဖြစ် ၂၀၃၀ ပြည့်နှစ်များသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း CEBR ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

(( ယခုသတင်းကိုဖတ်မိသည့်အခါ တရုတ်က သည်ယုန်မြင်၍ သည်ခြုံထွင်ခြင်း သို့မဟုတ် လူလုပ်ဗိုင်းရပ်စ်၊ ဇီဝလက်နက်ဇာတ်ဆန်းများ တစ်စခန်းထလာနိုင်သည်ကို တွေးမိပါသည်။ လက်ရှိအခြေအနေတွင် ဗီဇပြောင်း ပုံစံကွဲ ( ၈ ) ခုထက်မနည်း ရှိနေပြီဖြစ်သော SARS-CoV-2 ခေါ် ကိုရိုနာဗိုင်းရပ်စ်သည် လူလုပ် ဓါတ်ခွဲခန်းထွက် မဟုတ်ကြောင်း နိုင်ငံတကာ ဗိုင်းရပ်စ်ဗေဒနှင့် ကူးစက်ရောဂါဆိုင်ရာပညာရှင်များက လက်ခံထားပြီးဖြစ်သည်။ ကူးစက်ကပ်ရောဂါအား အမြစ်ပြတ်ချေမှုန်းရေးတွင် ဗိုင်းရပ်စ်၏ ဇာတိဇာစ်မြစ်အား သိရှိရန် လိုအပ်ပါသဖြင့် WHO မှ ပညာရှင်များ တရုတ်နိုင်ငံတွင် လေ့လာစစ်ဆေးလျှက်ရှိကြောင်း လွန်ခဲ့သော ရက်သတ္တပတ်၌ သတင်းများဖတ်ရပါသည်။ 


ထိုကဲ့သို့သော ဗိုင်းရပ်စ်မျိုးကို ဖန်တီးသည်ဆိုခြင်းမှာ အမှန်တကယ်ပင် လူသားမျိုးနွယ်အပေါ် အကြီးစားရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပါသည်။ နိုင်ငံတကာ လူပေါင်း ၁.၈ သန်းနီးပါးသေဆုံးခဲ့ရာတွင် သိပ္ပံနှင့်နည်းပညာ၌ ရှေ့ဆောင်လျှက်ရှိသည့် အနောက်နိုင်ငံများမှ အများဆုံးဖြစ်သည်။ နိုင်ငံအရပ်ရပ်မှ ဗိုင်းရပ်စ်ပညာရှင်များ၊ ဆေးပညာပါရဂူများအား မွေးထုတ်ပေးနေသည့် နိုင်ငံများဖြစ်ပြီး နလပိန်းတုံးများ မဟုတ်ကြပါ။ 


ယမန်နေ့ညတွင် ယခုကိုရိုနာရောဂါပိုးမှာ ဗိုင်းရပ်စ်မဟုတ်ပဲ ဘက်တီးရီးယားဖြစ်ကြောင်း၊ လက်ကိုင်ဖုန်း ဆက်သွယ်ရေး 5G စံနစ်ကြောင့် ပေါ်ပေါက်လာကြောင်း အီတလီပညာရှင်များက အတည်ပြုသည်ဟု မြန်မာဘာသာပြန်သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါသည်။ 
၎င်းမှာ လွန်ခဲ့သည့် ၆-လခန့်တွင် ပေါ်ပေါက်ခဲ့သော သတင်းတု တစ်ကျော့ပြန်လာခြင်းဖြစ်သည်။ အင်္ဂလန်၊ နယ်သာလန်နှင့် ဥရောပနိုင်ငံအချို့ရှိ 5G ဆန့်ကျင်ရေးသမားများ လွှင့်ထုတ်သော သတင်းတုဖြစ်ပါသည်။

အမှန်စင်စစ် 5G နည်းပညာမှာ နိုင်ငံတကာတွင် စတင်ကာစဖြစ်သည်။ တည်ဆောက်နေဆဲ တာဝါတိုင်များ မီးရှို့ဖျက်ဆီးကြသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းအချို့ကို ကျွန်တော် တင်ပြခဲ့ပြီးဖြစ်ပါသည်။ 


သူတို့ပြောသည့်အတိုင်း 5G ကြောင့် ကိုဗစ်ရောဂါဖြစ်ရသည်ဆိုလျှင် ယခု အဆိုပါကူးစက်ရောဂါကြောင့် အကြီးအကျယ် ရှောဘရားသားဖြစ်နေကြရသည့် နိုင်ငံအတော်များများတွင် 5G တာဝါတိုင်ပင်လျှင် မရှိသေးချေ။     ။ သတင်းဘာသာပြန်သူ )) 

#အမေရိကန်အားခုန်ကျော်၍တရုတ်ကနိုင်ငံတကာစီးပွားရေးအင်အာအကြီးဆုံးဖြစ်လာမည်


..
((( Reuters., Dec.26, 2020, “ China to leapfrog US as world’s biggest economy by 2028: think tank.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
… 
https://www.reuters.com/article/us-health-coronavirus-china-economy-idUSKBN29000C 
… 
https://finance.yahoo.com/news/china-leapfrog-us-worlds-biggest-020302643.html 
… 
https://bdnews24.com/economy/2020/12/26/china-to-leapfrog-us-as-world-s-biggest-economy-by-2028-think-tank

0

Leave a Reply

Your email address will not be published.