၃-နာရီကျော် တိုက်ပွဲဖြစ်ပွားပြီးနောက် အယ်လ်ရှာဘက်အကြမ်းဖက်အဖွဲ့၏ ဆိုမာလီ ဟိုတယ်အပိုင်စီးမှု အဆုံးသတ်။ လူပေါင်းများစွာ သေဆုံးဒါဏ်ရာရရှိ။ နိုင်ငံတကာ အယ်လ်ကိုင်ဒါနှင့် ကမ္ဘာအရပ်ရပ်ရှိ အကြမ်းဖက်ကွန်ယက်

 
ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်တွင် အယ်လ်ကိုင်ဒါ အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ ဒေသန္တရအဖွဲ့ခွဲ တစ်ခုဖြစ်သော “ အယ်လ်ရှာဘက် “လက်နက်ကိုင်အဖွဲ့၏ ပင်လယ်ကမ်းခြေရှိ အဆင့်မြင့်ဟိုတယ်တစ်ခုအား စီးနင်းသိမ်းပိုက်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၃-နာရီကျော်ကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီးနောက် အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း Al Jazeera က ယနေ့ရေးသားသည်။   
တိုက်ပွဲဖြစ်ပွားစဉ် အယ်လ်ရှာဘက်တိုက်ခိုက်ရေးသမားများ၏ သေနတ်နှင့်ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိကြောင်း ဆိုမာလီလုံခြုံရေး အရာရှိများနှင့် မျက်မြင်သက်သေများက ပြောဆိုသည်။ 
သေဆုံးသူ ၁၂ ဦးတွင် အစိုးရ ဝန်ထမ်း- ၂ ဦး၊ ဟိုတယ်လုံခြုံရေးအစောင့် – ၃ ဦးတို့လည်း ပါဝင်ပြီး ဟိုတယ်အပိုင်စီးသူ အကြမ်းဖက်သမား ၄-ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေပစ်သတ်ဖမ်းဆီးခဲ့သည် ဆို၏။   
ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်ရေးသမားများသည် ဟိုတယ် လုံခြုံရေးဂိတ်ဝအနီးရှိ ကားတစ်စီးအား ဗုံးဖောက်ခွဲပြီးနောက် ဟိုတယ်အဆောက်အအုံအား အပိုင်စီးခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ဟိုတယ်ထမင်းစားခန်းအတွင် အမျိုးသမီးနှင့် လူငယ်များစွာတို့ကို စုဝေးစေ၍ ဓါးစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။ 
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှင်းလင်းမှုစတင်ချိန်တွင် ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ဟိုတယ်ဧရိယာအနီးတစ်ဝှိုက်၌ လျှပ်စစ်မီး ပြတ်တောက်သွားပြီး သေနတ်ပစ်ခတ်သံများ၊ အရေးပေါ်လူနာတင်ယာဉ် ဥသြသံများ ကြားနေကြရသည်။ ညအမှောင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဟိုတယ်ပတ်ဝန်းကျင်၌ ဝိုင်းရံထားကြ၍ စစ်ဖက်မော်တော်ယာဉ်များကိုလည်း တွေ့မြင်ကြရသည်။ 
အထပ် ၄-ထပ်ပါ ဟိုတယ်အဆောက်အအုံမှ ဧည့်သည်အများစုကို ကယ်တင်နိုင်ခဲ့သည်ဟု သိရှိရပြီး ဒါဏ်ရာရရှိသူ ၂၈-ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံ အရေးပေါ်ဝန်ဆောင်မှုဋ္ဌာနက ပြောဆိုသည်။   
မိုဂါဒစ်ရှူး ဟိုတယ်တိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်သည်ဟု “ အယ်လ်ရှာဘက် “ အဖွဲ့က သတင်းထုတ်ပြန်ကြောင်း၊ တိုက်ပွဲခေါ်သံကို မျှော်လင့်လျှက်ရှိသော အယ်လ်ရှာဘက် အာဇာနည်တို့က ဟိုတယ်အား ထိန်းချုပ်ထားသည်ဟု ပါရှိကြောင်း အမေရိကန်အခြေစိုက် SITE ထောက်လှမ်းရေးအဖွဲ့က ဖော်ပြသည်။   
ဆိုမာလီယာသည် ၁၉၉၁ တွင် သမ္မတ ဆာအိဒ်ဘာရီ၏ စစ်အစိုးရပြုတ်ကျပြီးနောက် နိုင်ငံတစ်ဝှမ်းလုံး ပရမ်းပတာဖြစ်ကာ လက်နက်ကိုင်တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပေါ်လျှက်ရှိသည်။ နိုင်ငံ၏ နယ်မြေအများစုနှင့် မြို့တော် မိုဂါဒစ်ရှူးတို့ကို ထိန်းချုပ်ခဲ့ဖူးသော “ အယ်လ်ရှာဘက် “ လက်နက်ကိုင်အဖွဲ့၏ ထကြွသောင်းကျန်းမှု များ အရှိန်မြင့်တက်လျှက်ရှိသည်။ 

၂၀၁၁ ခုနှစ်တွင် အယ်လ်ရှာဘက်တို့သည် မြို့တော်အား လက်လွှတ်ခဲ့ရသော်လည်း ဆိုမာလီအစိုးရအား ဖယ်ရှားရေး ပုံမှန်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။ 
လွန်ခဲ့သည့် ရက်သတ္တပတ်တွင်လည်း မိုဂါဒစ်ရှူးဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားသော အယ်လ်ရှာဘက် တိုက်ခိုက်ရေးသမား ၄-ဦးတို့မှာ လက်နက်ခိုးသွင်းရန်ကြံစည်ကြောင်း သတင်းအရ ရှာဖွေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

   
(( စစ်မက်ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ သဘောတူညီချက်များရှိသော်လည်း “ အကြမ်းဖက်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်း ဆိုင်ရာ “ နိုင်ငံတကာ သဘောတူညီချက်များ ယနေ့တိုင် မရှိသေးပါ။ 


သို့သော် ဘာသာရေးအစွန်းရောက် Al Qaeda “ အယ်လ်ကိုင်ဒါ “ လက်နက်ကိုင်အဖွဲ့အား “ အကြမ်းဖက် အဖွဲ့အစည်း “ အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားကြသည်။ အယ်လ်ကိုင်ဒါ၏ လုပ်ရပ်များကိုလည်း “ အကြမ်းဖက်ခြင်း” အဖြစ် ဖော်ပြကြပါသည်။ ကမ္ဘာအရပ်ရပ်ရှိ အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်သော အဖွဲ့အစည်းများကိုလည်း Al Qaeda International နိုင်ငံတကာ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြရာ အာဖရိက အနောက်ပိုင်းမှ ဘိုကိုဟာရမ်၊ အာဖရိက အရှေ့ပိုင်းမှ ဆိုမာလီနှင့် ကင်ညာရှိ အယ်လ်ရှာဘက်၊ ဆီးရီးယားနှင့် အီရတ်ရှိ အယ်လ်နူးဆာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ပင်လယ်ပြင်တစ်ဝှိုက်ရှိ အဘူဆေယက်ဖ် တို့သည် အယ်လ်ကိုင်ဒါများ ဖြစ်ကြသည်။

ပြည်တွင်းစစ် ဖြစ်ပွားလျှက်ရှိသော လစ်ဗျား၊ ယီမင်တို့တွင်လည်း အယ်လ်ကိုင်ဒါများ ရှိနေသည်။ တိုက်ခိုက်ရေးသမားများမှာ ဒေသတွင်းသာမက ဥရောပနှင့် နိုင်ငံတကာမှ လာရောက်သူများဖြစ်သည်။ 


IS အိုင်အက်စ်ခေါ် အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်သူများသည် အယ်လ်ကိုင်ဒါမှ ပိုမိုသဘောထားတင်းမာ-အစွန်းရောက်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အစ္စလာမ်နိုင်ငံများမှ ပြည်ပသြဇာလွှမ်းမိုးမှုကို တော်လှန်၍ အသေခံဗုံးခွဲလေ့ရှိသော ဂျီဟဒ်ဝါဒီများမှာလည်း အယ်လ်ကိုင်ဒါ၏ အယူအဆကို လက်ခံကျင့်သုံးသူများ ဖြစ်သည်။   

အမှန်စင်စင် 9/11 ဖြစ်စဉ်သည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံများစွာတို့မှ “အစိုးရအဖွဲ့အစည်း မဟုတ်သူတို့” က အခြားနိုင်ငံ ( အမေရိကန် ) အား နိုင်ငံရေးရည်ရွယ်ချက်ပါဝင်သော စစ်ပြုတိုက်ခိုက်ခြင်းဖြစ်ပြီး လူ့သမိုင်းတွင် ပထမဆုံးအကြိမ်ဟု ဆိုနိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))) 


((( Al Jazeera., 17 Aug 2020, “ Somalia: Over a dozen killed in hours-long Mogadishu hotel siege.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))   

#ဆိုမာလီဟိုတယ်အပိုင်စီးမှု #အယ်လ်ကိုင်ဒါ #နိုင်ငံတကာအကြမ်းဖက်ကွန်ရက်


https://www.aljazeera.com/news/2020/08/somalia-dead-gun-bomb-attack-mogadishu-hotel-200816154623368.html   

https://www.thenational.ae/world/al-qaeda-gaining-strength-as-terror-fight-focuses-on-isis-1.1056441 

0

Leave a Reply

Your email address will not be published.