၎င်းနိုင်ငံတွင် လက်ခံကျွေးမွေးထားရသည့် ဆီးရီးယား ဒုက္ခသည်များကို ထိန်းမရတော့ဟု တူရကီပြောဆို။ ဒုက္ခသည် ၃-သန်းမှာ ဥရောပသို့ ရေလမ်း-ကုန်းလမ်းဖြင့် ရက်ပိုင်း ဝင်ရောက်သွားနိုင်မည်ဟု ဆို

တူရကီက ၎င်းနိုင်ငံတွင် လက်ခံကျွေးမွေးထားရသည့် ဆီးရီးယား ဒုက္ခသည်များကို ထိန်းမရတော့ဟု ပြောဆိုခြင်းမှာ ဆီးရီးယားအနောက်မြောက်ပိုင်းတွင် အာဆတ်အစိုးရတပ်မျာားနှင့် ရောနှောနေသည့် တူရကီတပ်များအား ဆီးရီးယားလေတပ်က ထိုးနှက်တိုက်ခိုက်ခြင်းကြောင့် တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံး ၃၀ ကျော်ဒါဏ်ရာရရှိပြီးနောက်ဖြစ်ကြောင်း Reuters က ယနေ့ရေးသားသည်။

ယခုရက်သတ္တပတ် ဆီးရီးယားလေကြောင်းထိုးစစ်၌ ရုရှားဂျက်တိုက်လေယာဉ်တို့ အများဆုံးပါဝင်ခဲ့ေကြောင်း တူရကီတောင်ပိုင်း ဟာတေခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုသည် ဆက်တိုက် စစ်ရေးအသာရလာသော အစိုးရတပ်များသည် နိုင်ငံ့အနောက်မြောက်ပိုင်း သူပုန်တို့နောက်ဆုံး ခြေကုတ်ယူရာ အိုင်ဒဲလ်ဗ်ခရိုင်ကို ရုရှားစစ်လေယာဉ်များအကူအညီရယူလျှက် အပြင်းအထန်ထိုးစစ်ဆင်ခဲ့သည်။

လတ်တလောတွင် အစိုးရနှင့် သူပုန်နှစ်ဖက်စလုံးက စစ်ရှိန်မြှင့်တင်လျှက်ရှိရာတွင် သူပုန်ထောက်ပံ့ တူရကီနှင့် ဆီးရီးယားအနောက်မြောက်ပိုင်းဝေဟင်အား စစ်ရေးထိန်းချုပ်ထားသည့် ရုရှားတို့ ထိပ်တိုက်တွေ့လာရသည်။ ဆီးရီးယားအစိုးရတပ်များ ပိတ်ဆို့ဝိုင်းရံလျှက်ရှိသော တူရကီတို့တပ်စွဲထားသည့် လက်ရှိနေရာမှ ရုရှားတပ်များက အပစ်အခတ်ရပ်စဲပြီး ဆုတ်ခွာသွားရန် အာဒိုဂန်ကတောင်းဆိုသည်။

ဆီးရီးယားအစိုးရတပ်များ စစ်ဦးတွင် ရှိနေသည့် တူရကီတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာတို့မှာ လေကြောင်း အကူအညီမရရှိပဲ အစိုးရတပ်များ၏ ဖြတ်တောက်ပိတ်ဆို့ ထိုးနှက်ခြင်းကို အလူးအလဲခံနေရသည်။ ရုရှားသည် ဆီးရီးယားအစိုးရကို လေကြောင်းအကာအကွယ်ပေးရာ၌ ပါဝင်လျှက်ရှိသည်။

ခွာပြဲနေသည့် အမေရိကန်ထံ ပက်ထရီယော့မစ်ဆိုင်းလ်များ ပေးပို့ရန် တောင်းခံနေရပြီး နေတိုးတပ်ဖွဲ့ဝင်တို့ကလည်း ဆီးရီးယားအနောက်မြောက်ပိုင်းတွင် “ လေယာဉ်မပျံသန်းဇုံ “ သတ်မှတ်ခြင်းဖြင့် အိုင်ဒဲလ်ဗ်ဒေသခံ ၃-သန်းတို့အား အကာအကွယ်ပေးရန် တူရကီက တောင်းဆိုသည်။

သို့သော် အမေရိကန်ရော နေတိုးပါ ဆီးရီးယားအနောက်မြောက်ပိုင်း စစ်ရေးစွက်မှုမှန်သမျှသည် ရုရှားနှင့် ထိပ်တိုက်တိုးနိုင်သည့်အတွက် ဝေးဝေးက ရှောင်လျှက်ရှိသည်။

တူရကီသည် ဆီးရီးယားစစ်ဘေးဒုက္ခသည် ၃-သန်းကို လက်ခံထားရသည်။ ထိုအတွက် စောင့်ရှောက်ကျွေးမွေးစရိတ် ဘီလျံချီကုန်ကျနေပြီး ဥရောပသမဂ္ဂက စိုက်ထုတ်မပေးလျှင် ဥရောပသို့ တာစူနေသည့် ဒုက္ခသည်များအား ဂိတ်တံခါးဖွင့် လွှတ်လိုက်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။ ထို့ကြောင့် ဂျာမနီဦးဆောင်ဥရောပနိုင်ငံများက တူရကီအား ဒေါ်လာဘီလျှံချီ ပေးခဲ့ရသည်။

လွန်ခဲ့သည့်နှစ် ဆီးရီးအရှေ့မြောက်ပိုင်း နယ်စပ်တစ်လျှောက် ” Safe Zone ” တည်ဆောက်ရန်ဟုဆိုကာ ဆီးရီးယားနယ်မြေအတွင်း တူရကီဦးဆောင် ဆီးရီးယားအတိုက်အခံများ စစ်အင်အားဖြင့် ကျူးကျော်ဝင်ရောက်ခဲ့သည်။ ၎င်းကို ပြင်သစ်- ဂျာမနီအပါအဝင် ဥရောပနိုင်ငံတို့က အပြင်းအထန်ကန့်ကွက်ခဲ့သည်။ ဥရောပက ယခုစစ်ဆင်ရေးကို ကျူးကျော်စစ်အဖြစ် ပြောဆိုလျှင် ဒုက္ခသည်များအား ဂိတ်တံခါးဖွင့် လွှတ်လိုက်မည်ဟု ထပ်မံခြိမ်းခြောက်ခြင်းဖြင့် အီးယူအား နှုတ်ဆိတ်သွားစေခဲ့သည်။

ယခုလည်း ဆီးရီးယား ဒုက္ခသည်များကို ထိန်းမရတော့ကြောင်း ဒုက္ခသည် ၃-သန်းမှာ ဥရောပသို့ ရေလမ်း-ကုန်းလမ်းဖြင့် ရက်ပိုင်း ဝင်ရောက်သွားနိုင်မည်ဟု တူရကီက ပြောဆိုလာသည်ကို တွေ့ရှိရသည်။

အစဉ်လေးစားစွာဖြင့်

#Htayoung, #OungMarine

https://www.facebook.com/watch/?v=2806665562727290

0

Leave a Reply

Your email address will not be published.