၄-နှစ်အတွင်း တောင်အာဖရိက၌ ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၄၀၀ ကျော် အသတ်ခံခဲ့ရ။ ရွှေ့ပြောင်းဝင်ရောက်လာသူဆန့်ကျင်ရေး သောင်းကျန်းလျှက်ရှိရာ ပုဂ္ဂလိက ဈေးဆိုင်များ တိုက်ခိုက်ခံရနှုန်း တိုးမြင့်လာနေ။

လွန်ခဲ့သည့် ၄-နှစ်အတွင်း တောင်အာဖရိကနိုင်ငံ၌ ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၄၀၀ ကျော် အသတ်ခံခဲ့ရရာ အလုပ်အကိုင်၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ နှင့် ငွေကြေးအရှုတ်အထွေးနှင့် ပုဂ္ဂိုလ်ရေးအငြင်းပွားရာမှဖြစ်ကြောင်း၊ ထိုကိန်းဂဏန်းမှာ လက်ရှိရက်သတ္တပတ်များ၌ တောင်အာဖရိကရောက် နိုင်ငံခြားသားအလုပ်သမားများအပေါ် ကြောက်မက်ဖွယ်တိုက်ခိုက်ခံရခြင်းကို ဖော်ပြလျှက်ရှိကြောင်း တောင်အာဖရိကဆိုင်ရာ ဘင်္ဂလားဒက်ရှ် သံအ မတ်ကြီးက ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 

သို့သော် သတ်ဖြတ်သောင်းကျန်းမှုများ၌ ဘင်္ဂလားဒက်ရှ်နိုင်ငံသားများ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ ယခုနှစ်တွင် တောင်အာဖရိကရောက် ရွှေ့ပြောင်းနေထိုင်သူ ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၈၈ -ဦး၏ ရုပ်အလောင်းကို ဇာတိရပ်ရွာသို့ ပြန်လည်သယ်ယူသွားခဲ့ရာ ၂၀၁၅-ခုနှစ် ဇန်နဝါရီမှဆိုလျှင် ၄၅၂-ဦး ရှိပြီဖြစ်ကြောင်း သံအမတ် ကြီး ဆတ်ဗီယာအာမက်ချောင်ဒရီက ဆက်လက်ပြောဆိုသည်။

သေဆုံးသူများတွင် ၉၅ ရာခိုင်နှုန်းမှာ လူသတ်ခံရခြင်းဖြစ်ပြီး အများစုမှာ ၎င်းတို့၏ ဈေးဆိုင်ခန်းများအတွင်းရှိနေခိုက် သေနတ်နှင့်ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ အသတ်ခံရသူ ထိုထက်ပိုနိုင်သော်လည်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြ၍ ၎င်းတို့၏ မိသားစုဝင်များက သံရုံးသို့ ဆက်သွယ်အကြောင်းကြားခြင်း မရှိကြပဲ တောင်အာဖရိကမှာပင် သြင်္ဂိုဟ်လိုက်ကြသဖြင့်  အရေအတွက်အတိအကျ မသိရှိနိုင်ပဲ ဖြစ်ရသည်ဆို၏။ 

လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်ကာလတစ်ဝှိုက်မှ စတင်ကာ ဘင်္ဂလားဒက်ရှ်လူမျိုးတို့သည် တောင်အာဖရိကတွင် ရွှေ့ပြောင်းနေထိုင်ကြပြီး၊ ယခုအချိန်တွင် ၃၀၀,၀၀၀ ခန့်ရှိမည်ဖြစ်သည်။ အများစုမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြပြီး ၎င်းနိုင်ငံတစ်ဝှမ်း၌ ကုန်စုံဆိုင်လေးများ ဖွင့်လှစ်လုပ်ကိုင်လေ့ရှိခြင်းဖြင့် နိုင်ငံတကာ အရေအတွက် အများဆုံး ရေခြားမြေခြားတွင် အခြေချနေထိုင်သူများတွင် ဘင်္ဂါလီလူ့အဖွဲ့အစည်း ပါဝင်လာကြောင်း သိရှိရသည်။


ဘင်္ဂါလီတို့အား ပြိုင်ဘက်အဖြစ်ရှု့မြင်ကြပြီး ဒေသခံတို့ထံတွင် အလုပ်မရသေးခင် သေနတ်နှင့် ဖြေရှင်းခြင်း ခံရသည်။ ထိုအတွက် အထောက်အထားမဲ့ ခိုးဝင်တို့အား တင်းတင်းကြပ်ကြပ်တားဆီးရန်နှင့် ဥပဒေဖောက်ဖျက်မှုများအား ထိရောက်စွာ အရေးယူသင့်ကြောင်း တောင်အာဖရိက အာဏာပိုင်များအား တောင်းဆိုထားသည်။

 သို့သော်လည်း ဘင်္ဂါလီလူငယ်တို့အကြား တောင်အာဖရိကသို့ တရားမဝင်သွားရောက်လိုသူအရေအတွက် တိုးမြင့်နေဆဲဖြစ်ရာ မည်သည့်အခါမှ ရပ်တန့်မည်ဟု မပြောနိုင်သေးကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောဆိုသည်။

(( ယခုသတင်းကိုဖတ်၍ ကျွန်တော်ပထမဆုံး တွေးတောစိုးရိမ်မိသည်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးဖြစ်သည်။ တစ်ချိန်က ကျွန်တော်များနိုင်ငံတော်သည် စီးပွားရေးပိတ်ဆို့ခြင်းဒါဏ်ခတ်ခြင်းကို အလူးအလဲ ခံစားရခဲ့သည်။ အကျိုးဆက်အဖြစ် ပြည်တွင်းအလုပ်အကိုင်ဈေးကွက်ပျက်ပြားကာ  အရွယ်ကောင်း ကျား-မပျို သန်းနှင့်ချီလျှက် အိမ်နီးချင်းနိုင်ငံများတွင် ရောက်ရှိနေသည်။ ရွှေ့ပြောင်းအလုပ်သမားအဖြစ်မူ ဝေးဝေးလံလံ မတွေ့ရသေးပါ။

အရာရာတိုင်း၌ မိမိနိုင်ငံသားနှင့် ပြည်ပနိုင်ငံသားအား တန်းတူအခွင့်အရေးပေးထားသည့်နိုင်ငံဟူ၍ လုံးဝမရှိပါ။ ရေခြားမြေခြားရောက်သူတိုင်း သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ ကွပ်ညှပ်ခြင်း ခံစားရမြဲဖြစ်သည်။ ငါ့ဝမ်းပူဆာ မနေသာ၍ ရောက်ရှိရာနိုင်ငံ၏ ဥပဒေကို ချိုးဖောက်မိသည်လည်းဖြစ်နိုင်ပါသည်။ ရေရှည်တွင် မြန်မာလူမျိုးဆိုသည်မှာ ရေခြားမြေခြားတွင် အလုပ်ရှာ-အသက်မွေးတတ်သူအဖြစ် နိုင်ငံတကာအလယ် ပြောစမှတ် မဖြစ်ရအောင် ပြည်တွင်းအလုပ်အကိုင်ဈေးကွက်အား မဖြစ်မနေပြန်လည်အသက်သွင်းသင့်နေပါပြီ။

အလုပ် လုပ်ကိုင်နိုင်သော အသက်အရွယ်ရှိသူတိုင်း ဆီလျှော်သော အလုပ်အကိုင်ရရှိရေးမှာ ပစ္စုပ္ပန်ကာလ နိုင်ငံတော်အား စီမံခန့်ခွဲမည့် အစိုးရတိုင်းသာမက မဲပေးရွေးချယ်မည့် နိုင်ငံသားတိုင်း၏ အရေးကြီးတာဝန် ဖြစ်နေပါပြီ။        ။ သတင်းဘာသာပြန်သူ ))

အောက်တိုဘာ ၀၂၊ ၂၀၁၉ ((( Dhaka Tribune., October 1st, 2019, “Over 400 Bangladeshis murdered in South Africa in 4yrs.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/2019/10/01/more-than-400-bangladeshis-murdered-in-south-africa-in-four-years

2+

Leave a Reply

Your email address will not be published.