သြစတြီးယားနိုင်ငံ ဗီယင်နာမြို့လယ် ၆-နေရာ၌ သေနတ်ပစ်ခတ်အကြမ်းဖက်မှု ဖြစ်ပေါ်၊ အနည်းဆုံး ၂-ဦးသေဆုံးပြီး ၁၅-ဦး ဒါဏ်ရာရရှိ။ အကြမ်းဖက်သမားတစ်ဦး လွတ်မြောက်နေ

  
မောင်းပြန်ရိုင်ဖယ်ကိုင်ဆောင်ထားသည်ဟု မှတ်ယူရသူများသည် အလယ်ဥရောပတောင်ပိုင်း သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်အလယ် ၆-နေရာ၌ ပစ်ခတ်တိုက်ခိုက်မှုအပြီး ရဲတပ်ဖွဲ့ဝင်များက မြို့တော်လမ်းမများပေါ်တွင် သေနတ်သမားကို လိုက်လံရှာဖွေလျှက်ရှိသည်ဟု Al Jazeera က ယနေ့ရေးသားသည်။ 

  
ဗီယင်နာမြို့တော်၏ လူစည်ကားသောနေရာ၌ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂-ဦး သေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့ရသည်မှာ စက်ဆုပ်ရွံ့ရှာဖွယ်အကြမ်းဖက်မှုဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က အကြမ်းဖက်မှုကိုဖြိုခွင်းနေစဉ် မြို့တော်၏ အရေးပါသောနေရာများကို တပ်မတော်က ကာကွယ်ပေးထားမည်ဖြစ်ကြောင်း၊ ကျုးလွန်သူများအား ထိရောက်ပြတ်သားစွာ အရေးယူမည်ဖြစ်၍ အကြမ်းဖက်သမားများကို ကြောက် လန့်သွားမည်မဟုတ်ဘဲ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် တုန့်ပြန်ချေမှုန်းသွားမည်ဖြစ်ကြောင်း သြစတြီးယားဝန်ကြီးချုပ် ဆီဗက်စတီယန်ကတ်ဇ်က ပြောဆိုသည်။ 


တနင်္လာနေ့ည ဒေသစံတော်ချိန် ည ၈-နာရီတွင် မြို့တော်အလယ် ၆-နေရာ၌ ရိုင်ဖယ်သေနတ်ကိုင်ဆောင်များက သေနတ်နှင့်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရသူများတွင် ရဲတပ်ဖွဲ့ဝင် ၁- ဦး ပါဝင်ပြီး အမျိုးသမီးတစ်ဦးမှာ ရရှိထားသော ဒဏ်ရာများကြောင့် အင်္ဂါ နေ့နံနက်စောစောပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက သေနတ်သမားတစ်ဦးကို နေရာ၌ပင် အသေပစ်သတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၁-ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း သိသာထင်ရှားသည်ဟု ဗီယင်နာမြို့တော်ဝန်က ORF မီဒီယာအား အတည်ပြုသည်။ 


ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းအသုံးပြု၍ စစ်ဆင်ရေးဆောက်ရွက်နေဆဲဖြစ်ပြီး ဒေသခံများအနေဖြင့် မြို့ လယ်ပိုင်းနှင့် ဝေးဝေးနေကြပါရန်၊ အင်္ဂါနေ့တွင် ကျောင်းများပိတ်ထားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များအား အသုံးပြု၍ သွားလာခြင်း မပြုကြပါရန် အာဏာပိုင်များက မေတ္တာရပ်ခံထားသည်ဆို၏။ 

  
အခင်းဖြစ်ပွားရာနေရာများတွင် အရေးပေါ်လူနာတင်ယာဉ်ဥသြသံများနှင့် ရဟတ်ယာဉ်အသံများ ကြားနေရပြီး ဒဏ်ရာရရှိသူ ၁၅-ဦး ရှိကြောင်း သတင်းရရှိရသည်။ သေနတ်ပစ်ခတ်မှုမှာ ဗီယင်နာတွင် “ဆင်နက်ဂေါ် “ ခေါ် ဂျုးလူမျိုးများ ဝတ်ပြုရာနေရာအနီးတွင် ဖြစ်ပွားကြောင်း ဒေသခံမီဒီယာများက ရေးသားကြသော်လည်း သေနတ်သမားတို့၏ ဦးတည်ချက်ပစ်မှတ်ကို ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခြင်း မရှိသေးချေ။ 


ဂျူးအသိုင်းအဝိုင်း၏ ခေါင်းဆောင်ဖြစ်သူ အော်စကာဒွိုက်ကမူ “ဆင်နက်ဂေါ် “ နှင့် ကပ်လျှက်အနီးတစ်ဝှိုက်ရှိ ရုံးအဆောက်အအုံများအား ပစ်မှတ်ထားခြင်း ဟုတ်-မဟုတ် သေချာခြင်းမရှိကြောင်း ၎င်း၏ Twitters စာမျက်နှာ၌ ရေးသားသည်။

  
သေနတ်ပစ်ခတ်မှုသည် ဒေသစံတော်ချိန် ည ၁၁-နာရီတွင် စတင်မည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှု ကာကွယ် ရေး Lockdown တားဆီးပိတ်ဆို့ချိန်မတိုင်မီ နာရီအနည်းငယ်အလို၌ဖြစ်ပြီး ဘားနှင့် စားသောက်ဆိုင်များ၌ စားသောက်သူများနှင့် စည်ကားချိန်ဖြစ်သည်။ 

  
မြို့လယ်ပိုင်းကို ပိတ်ဆို့ထားပြီး  နေရာအနှံ့၌ ရဲတပ်ဖွဲ့ဝင်များကို တွေ့မြင်နေရကြောင်း၊ Lockdown ချိန်မတိုင်မီ စိတ်အပန်းဖြေရန် ဘားနှင့် စားသောက်ဆိုင်များသို့ ရောက်ရှိနေသူများမှာလည်း နေအိမ်များသို့ ပြန်ရန် အခက်တွေ့လျှက်ရှိကြောင်း သြစတြီးယားသတင်းစာ Der Standard က ဖော်ပြသည်။ 


မျက်မြင်သက်သေတစ်ဦးကမူ အနည်းဆုံး လူ ၁-ဦးသည် ဘားဆိုင်အပြင်ဘက်၌ ထိုင်နေသူများအား သေနတ်နှင့် ပစ်ခတ်သည်ကို ၎င်း၏ ပြတင်းပေါက်မှတစ်ဆင့် မြင်တွေ့ခဲ့ရကြောင်း၊ ၎င်းရှိရာ အဆောက်အုံအပြင်ဘက်တွင် သေနတ်ပစ်သံ အချက် ၁၀၀ ခန့် ရှိမည်ဖြစ်ကြောင်း၊ ဘားဆိုင်အပြင်ဘက်တွင် စားပွဲများရှိနေကြောင်း AP သတင်းဋ္ဌာနအား ပြောဆိုသည်။ 
.

  
သေနတ်ပစ်ခတ်မှုဖြစ်ပွားခြင်းအတွက် အံ့သြတုန်လှုပ်မိကြောင်း၊ ထိခိုက်အသက်ဆုံးရှုံးရသည့် သြစတြီးယားပြည်သူများနှင့် မိသားစုများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း၊ ကျွန်ုပ်တို့၏ ရန်သူများသည် ၎င်းတို့ရင်ဆိုင်နေရသူများမှာ မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို သိကြရမည်ဖြစ်ကြောင်း၊ မည်သည့်အခါမျှ အရှုံးပေးမည် မဟုတ်ပဲ သြစတြီးယားနှင့်အတူ ရပ်တည်လျှက်ရှိပါကြောင်း အခြားဥရောပနိုင်ငံခေါင်းဆောင်များက ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများ၌ အသီးသီး ရေးသားကြသည်။ 



#သြစတြီးယားနိုင်ငံဗီယင်နာမြို့လယ်၆-နေရာ #သေနတ်ပစ်ခတ်အကြမ်းဖက်မှု 



((( Al Jazeera., 2 Nov 2020,” Police hunt gunmen in Vienna streets after ‘terrorist’ attack.” ကို #HtayOung,#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

  
https://www.aljazeera.com/news/2020/11/2/injuries-reported-after-shooting-incident-in-vienna-police 
https://www.rt.com/news/505317-vienna-attack-terrorist-photos/ 
https://www.dw.com/en/austria-terror-attack-multiple-casualties-after-shooting-near-vienna-synagogue/a-55478882 
https://www.rt.com/news/505318-austria-attack-armed-dangerous/ 
https://www.theguardian.com/world/2020/nov/02/several-people-injured-as-shots-fired-in-centre-of-vienna 
https://www.rt.com/news/505308-vienna-terrorist-attack-videos/ 

0

Leave a Reply

Your email address will not be published.