နိုင်ငံသား လေးပုံ သုံးပုံက ရွေးကောက်ပွဲရက်နှင့် မဲရလဒ်ထုတ်ပြန်အပြီး၌ အကြမ်းဖက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေကြဟု ဆို ။ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်လိမ့်မည်ဟု ယုံကြည်သူ မဲဆန္ဒရှင် ၂၃ ရာနှုန်းသာရှိ။


အမေရိကန်တွင် နေထိုင်သူ လေးပုံသုံးပုံတို့သည် လာမည့် ရွေးကောက်ပွဲနေ့နှင့် အပြီး၌ အကြမ်းဖက်မှုဖြစ်နိုင်ချေနှင့် ပတ်သက်၍ စိုးရိမ်လျှက်ရှိကြပြီး ၂၀၁၆ ခုနှစ်မှစ၍ ထိုသို့ စိုးရိမ်သူအရေအတွက် သိသိသာသာ တိုးတက်လာခဲ့ကြောင်း မကြာသေးမီက ကောက်ယူခဲ့သည့် စစ်တမ်းအရ သိရှိရသည်ဟု Fox News က ယမန်နေ့ရေးသားသည်။

USA Today မီဒီယာနှင့် ဆပ်ဖ်လော့တက္ကသိုလ်တို့ ပူးတွဲကောက်ယူခဲ့သော စစ်တမ်းအရ မဲဆန္ဒရှင် ၄ ဦးတွင် ၃ ဦးမှာ ရွေးကောက်ပွဲ ကျင်းပသည့်နေ့နှင့် ကျင်းပပြီး နောက်ပိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်သည်ကို စိုးရိမ်ကြောင်း အဖြေပေးကြသည်။ အကယ်၍ လာမည့် အင်္ဂါနေ့တွင် ဂျိုးဘိုင်ဒင်က သမ္မတဒေါ်နယ်ထရမ့်အား အနိုင်ရရှိခဲ့လျှင် အေးချမ်းစွာ အာဏာလွှဲပေးလိမ့်မည်ဖြစ်ကြောင်း လူ ၄-ဦးတွင် ၁-ဦးသာ အခိုင်အမာ ယုံကြည်သူ ရှိသည်ဆို၏။

စစ်တမ်းကောက်ယူခဲ့သူများ၏ ၂၂ ရာခိုင်နှုန်းသာလျှင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အနည်းငယ် သို့မဟုတ် လုံးဝစိုးရိမ်ခြင်း မရှိကြောင်း ဖြေဆိုသည်။

USA Today ၏အဆိုအရမူ ၂၀၁၆ ခုနှစ်အောက်တိုဘာတွင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ထိုသို့ အနည်းငယ် သို့မဟုတ် လုံးဝစိုးရိမ်ခြင်း မရှိသူ ၄၇ ရာခိုင်နှုန်းရှိရာမှ ယခုအခါ ရာခိုင်နှုန်း လျော့ကျလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ပြည်တွင်းနေ ၄၀ရာနှုန်းက ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ခဲ့ကြပြီး ယခုမူ ထိုသို့ယုံကြည်သူ ၂၃ ရာနှုန်းသာ ရှိသည်။ လူ ၁၀-ဦးတွင် ၄-ဦး က ယုံကြည်မှူ နည်းပါးကြောင်း စစ်တမ်းကောက်ယူ တွေ့ရှိရသည်။ ပြည်နယ်အတော်များများတွင် မငြိမ်မသက် ဖြစ်ပွားနိုင်သည့် စိုးရွံ့မှုကြောင့် National Guard အမျိုးသားကာကွယ်ရေးအစောင့်တပ်ကို ဖြန့်ချထားရန် စဉ်းစားလျှက်ရှိသည်။

လွန်ခဲ့သော ဆယ်စုနှစ်များတွင် အင်အားကြီးမားသော စက်မှုကဏ္ဍ ကြုံ့ဝင်ခြင်းကြောင့် စက်မှုဖွံ့ဖြိုးမှု သို့မဟုတ် စီးပွားရေးကျဆင်းခြင်း၊ လူဦးရေနှင့် မြို့ပြဖွံ့ဖြိုးမှုဆုံးရှုံးခဲ့ရသော ပြည်နယ်များသည် အဓိကကျသော ပဋိပက္ခနယ်မြေများဖြစ်လာနိုင်သဖြင့် လုံခြုံရေးအတွက် အမျိုးသားကာကွယ်ရေးအစောင့်တပ်၏ အကူအညီရယူရန် အုပ်ချုပ်ရေးမှူးများက အသင့်ရှိနေကြသည်။ မဲရုံဝန်ထမ်းအင်အား တိုးမြှင့်ခြင်း၊ မြို့ပြမငြိမ်မသက်ဖြစ်ပွားလာပါ က အမျိုးသားကာကွယ်ရေးအစောင့်တပ်ချထားနိုင်ရန် ပြင်ဆင်ထားကြသည်။

အောက်တိုဘာ ၂၆-ရက်နေ့ ဖီလာဒါးဖီးယားတွင် ဝေါလ်တာဝေါလေ့စ်အည်ရှိ အသက် ၂၇-နှစ်အရွယ် အမေရိကန်လူမည်းဖြစ်သူမှာ လူဖြူရဲတပ်ဖွဲ့ဝင် ၂-ဦးက သေနတ်ဖြင့် ပတ်ခတ်ဖမ်းဆီးခြင်းကြောင့် သေဆုံးခဲ့ရသည်။ ဝေါလေ့စ်သေဆုံးရသည့်အတွက် ကန့်ကွက်ဆန္ဒပြကြရာမှ ရုတ်ရုတ်သဲသဲကာလ အဆောက်အအုံဖောက်ထွင်းလုယက်မှုများဖြစ်ပွားပြီး အကြမ်းဖက်မှုအဖြစ် အရှိန်မြင့်တက်သွားခဲ့ရသည်။ ရုန့်ရင်းဆန်ခတ်ဖြစ်ကြရာ၌ ဆန္ဒပြသူများသာမက ရဲတပ်ဖွဲ့ဝင်များပါ ဒဏ်ရာရရှိပြီး လူအတော်များများ ဖမ်းဆီးခံရသည်။

ဖီလာဒါးဖီးယား၏ လက်ရှိဖြစ်ပွားနေသော အခြေအနေနှင့် ရွေးကောက်ပွဲအတွက် ပင်ဆယ်ဗေးနီးယား အမျိုးသားကာကွယ်ရေးအစောင့်တပ်ကို ဖြန့်ချထားမည်ဖြစ်သည်။

USA Today မီဒီယာနှင့် ဆပ်ဖ်လော့ တက္ကသိုလ်တို့သည် အောက်တိုဘာ ၂၃ မှ ၂၇ ရက်များအတွင်း မဲဆန္ဒရှင် ၁,၀၀၀ တို့အား ဖုန်းဆက်သွယ် မေးမြန်း၍ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

(( အမေရိကန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် ၅၉-ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို မနက်ဖန် နိုဝင်ဘာ ၃-ရက်နေ့ တွင် စတင်ကျင်းပရန် စီစဉ်ထားသည်။ သမ္မတနှင့် ဒုတိယသမ္မတများကို လာမည့် ဒီဇင်ဘာ ၁၄-ရက်နေ့တွင် ဆန္ဒမဲပေးဆုံးဖြတ်ကြမည်ဖြစ်ရာ သမ္မတဒုတိယသက်တမ်းအဖြစ် ရီပတ်ဘလစ်ကင်မှ ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်မှ ဂျိုးဘိုင်ဒင်တို့က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထရမ့်နှင့် ဘိုင်ဒင်တို့အကြား နှုတ်လှန်ထိုးမှုများ ပြင်းထန်လျှက်ရှိစဉ် နှစ်ဘက်အသီးသီးမှ ထောက်ခံသူများအကြားတွင်လည်း မကြေလည်မှုများ ဖြစ်ပွားလျှက်ရှိသည်။

လူမည်း ဂျော့ဖလွိုက်သေဆုံးရသဖြင့် BLM လှုပ်ရှားမှုများ၊ အပြန်အလှန်ဆန္ဒပြမှုများဖြင့် အမေရိကန်မြို့ကြီးအချို့၌ မငြိမ်မသက်ဖြစ်ပွားခဲ့ပြီး ကိုရိုနာဗိုင်းရပ်ကြောင့် လူပေါင်း ၉-သန်းခွဲနီးပါး ရောဂါကူးစက်ခံနေရကာ လူ ၂-သိန်း ၄-သောင်းနီးပါး သေဆုံးခဲ့ရပြီးဖြစ်သည်။ ထိုသို့သော အကြပ်အတည်း အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရစဉ် အကြိတ်အနယ်ယှဉ်ပြိုင်ကြမည့် ရွေးကောက်ပွဲနှင့်လည်း တိုက်ဆိုင်နေသည်။ ရွေးကောက်ပွဲကျင်းပစဉ်နှင့် ရွေးကောက်ပွဲရလဒ်ထုတ်ပြန်စဉ် အကြမ်းဖက်မှုဖြစ်ပွားမည်ကို အမေရိကန်အာဏာပိုင်များနှင့် ပြည်သူများက စိုးရိမ်လျှက်ရှိသည်။

အကယ်၍ ဂျိုးဘိုင်ဒင်ကို အရေးနိမ့်သွားခဲ့လျှင် ဒေါ်နယ်ထရမ့်အနေဖြင့် ငြိမ်းချမ်းစွာအာဏာလွှဲပေးရန် ငြင်းဆန်ခြင်းမှာ အစွန်းရောက်ပြီးသား ၎င်းအပေါ်ထောက်ခံသူတို့အား အချက်ပြသကဲ့သို့ ဖြစ်လာနိုင်သည်။ လက်ယာပြည်သူ့ စစ်တို့၏ ကျည်ကာအင်္ကျ ီဝတ်ဆင်၍ စစ်သုံးချေမှုန်းရေး ရိုင်ဖယ်ကိုင်ဆောင်ကာ အင်အားပြချီတက်မှုများလည်း တွေ့နေရသည်။ စိုးရိမ်မှုမြင့်တက်လျှက်ရှိသော ပြည်သူလူထုအတွင်း လက်နက်ဝယ်ယူမှု များပြားလာပြီး စားနပ်ရိက္ခာစုဆောင်းသူများလည်း ရှိနေကြာင်း USA Today, Time, Indepandant တို့က သတင်းရေးသားကြသည်ကို တွေ့ရှိရသည်။

#ရွေးကောက်ပွဲရက်နှင့်မဲရလဒ်ထုတ်ပြန်အပြီးအကြမ်းဖက်မှုများအတွက်စိုးရိမ်နေကြ

((( Fox News., Nov 01 2020, Three-quarters of Americans concerned about post-election violence: poll. By Adam Shaw .” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။))) https://www.foxnews.com/politics/three-quarters-americans-election-violence-poll https://edition.cnn.com/2020/11/01/us/philadelphia-police-community-tensions-walter-wallace/index.html https://edition.cnn.com/2020/10/29/us/phildelphia-shooting-wallace-release/index.html https://www.usatoday.com/story/news/politics/elections/2020/10/29/businesses-boarding-up-anticipation-post-election-violence/6069157002/ https://time.com/5892945/law-enforcement-post-election-violence/ https://www.independent.co.uk/news/world/americas/us-election-2020/us-election-2020-michigan-polls-violence-whitmer-militia-plot-trump-biden-boogaloo-bois-wolverines-b1481319.html

0

Leave a Reply

Your email address will not be published.