နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်ဖြင့် လူ ၁-ဦးသေဆုံးကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပထမဆုံးအကြိမ်ကြေညာ။ ဖျားနာသူမရှိသော်လည်း ဆိပ်ကမ်းကပ်ခွင့်ပြုရန် နိုင်ငံ ၄-နိုင်ငံက ငြင်းပယ်ခံရသော ခရီးသည်တင်သင်္ဘောကို ကမ္ဘေ္ဘာဒီးယား လက်ခံ

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ဖြင့် လူ ၁-ဦးသေဆုံးခဲ့ရာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး ကတ်ဆူနိုဘူကေတိုက အတည်ပြုသည်ဟု Russia Today က ယနေ့ရေးသားသည်။

သေဆုံးသူမှာ တိုကျိုအနောက်တောင်ဖက်စွန်ဖျား ကနာဂါဝါစီရင်စုမှ အသက် ၈၀- အရွယ်အမျိုးသမီးကြီး ဖြစ်ကြောင်း သိရှိရသည်။

ယနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည် သံသယကြောင့် ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့က ဆိုက်ကပ်ခွင့်ပြုရန် ငြင်းပယ်ခံခဲ့သော ခရီးသည်တင်သင်္ဘောသည် ဖျားနာသူမရှိပဲ ပင်လယ်အတွင်း ၂-ပတ်ကြာခဲ့ပြီးနောက် ယခုနောက်ဆုံး ကမ္ဘေ္ဘာဒီးယားဆိပ်ကမ်းတွင် ကျောက်ချရပ်နားခွင့်ရရှိသည်။

ဟော်လန်အမေရိကန်လိုင်းပိုင် MS Westerdam အမည်ရှိ အဆိုပါခရီးသည်တင်သင်္ဘောတွင် ရေယာဉ်အမှု့ ထမ်း ၈၀၂-ဦး၊ ခရီးသည် ၁,၄၅၅-ဦး လိုက်ပါပြီး လွန်ခဲ့သောလ၌ စင်္ကာပူမှ ထွက်ခွာလာခြင်းဖြစ်သည်။ ယနေ့ စောစောပိုင်းတွင် ခရီးသည်တင်သင်္ဘောသည် သီယာနုဗီလာဆိပ်ကမ်းအလွန်၌ ကျောက်ချခဲ့ပြီး ညနေပိုင်းတွင် ကမ္ဘေ္ဘာဒီးယားအရာရှိများက သင်္ဘောပေါ်လိုက်ပါလာသူများ၌ မကျန်းမာသူ သို့မဟုတ် တုတ်ကွေးဖျားနာဟန်ရှိသူအားလုံးတို့၏ သွေး- သလိပ်နမူနာများ ရယူခဲ့သည်။ လူ ၂၀-ဦး၏ ဆေးစစ် နမူနာများကို ဗိုင်းရပ်စ်စစ်ဆေးနိုင်ရန် မြို့တော် ဖနွမ်းပင်သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်မည့်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့တွင် ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၉ ဒီဇင်ဘာ ၃၁ ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ၌ ရောဂါစတင် ဖြစ်ပွားကြောင်းကို အတည်ပြုပြီး ရောဂါလက္ခဏာများကို သတ်မှတ်ခဲ့သည်။ ထိုမှသီတင်း ၆- ပါတ်ခန့်ကြာပြီးနောက် ယမန်နေ့မှစ၍ ရောဂါလက္ခဏာ သတ်မှတ်ချက်များကို ပြောင်းလဲခဲ့ပြီး Covid-19 ဗိုင်းရပ်စ်စွဲရောဂါဟု အမည်ပေးခြင်းဖြစ်သည်။

ယခင်နှင့်မတူသော အသေးစိတ် စံသတ်မှတ်ချက်များကို ပြောင်းလဲပြီးနောက် ယနေ့နံနက်ပိုင်းအထိ တရုတ်နိုင်ငံတစ်ဝှမ်း ၂၄-နာရီအတွင်း သေဆုံး ၂၄၂- ဦး၊ ကူးစက်ခံရသူ ၁၄,၈၄၀- ဦးတို့မှာ Covid-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

ဝေဒနာရှင်တို့၏ ရောဂါအမျိုးအမည်ကို ဖော်ထုတ်၍ အချိန်မီဆေးဝါးကုသမှုပေးနိုင်ရန် ယခင်နှင့်မတူသော အသေးစိတ်စံသတ်မှတ်ချက်များကို ပြောင်းလဲခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များ၏ သတင်းထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရကြောင်း ရောဂါဖော်ထုတ်ရာတွင် ပြောင်းလဲလိုက်သည့် စံသတ်မှတ်ချက်များအရ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တစ်ခုတည်းမှာပင် လူသေဆုံး- ကူးစက်နှုန်းမှာ အကြီးအကျယ် မြင့်တက်ပြောင်းလဲသွားရသည်။ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံး ၂၄၂- ဦး၊ ကူးစက်ခံရသူ ၁၄,၈၄၀- ဦး ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ယမန်နေ့ထက်စာလျှင် လူပေါင်း ၂-ဆကျော်သေဆုံးပြီး ကူးစက်ခံရကြောင်း အတည်ပြုခံရသူ ဦးရေတွင် ၁၀-ဆကျော်သို့ ထိုးတက်သွားရသည်။

((( Russia Today., 13 Feb, 2020, “Japanese Health Ministry confirms first coronavirus death in country.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ် #ဗိုင်းရပ်စ်ကြောက်ရွံ၍ ငြင်းပယ်ခံခရီးသည်တင်သင်္ဘော

https://www.rt.com/newsline/480752-japan-confirms-first-coronavirus/

https://www.voanews.com/east-asia-pacific/cruise-ship-barred-4-governments-set-dock-cambodia

0

Leave a Reply

Your email address will not be published.