နိုင်ငံရေးမတည်ငြိမ်မှုများနှင့် အဆင်းရဲဆုံး ဟေတီနိုင်ငံ၏ သမ္မတဖြစ်သူ ညအချိန် နေအိမ်၌ လုပ်ကြံသတ်ဖြတ်ခံရ။ မည်သူမည်ဝါမှန်း မသိ စပိန်ဘာသာစကား ပြောဆိုသူအချို့ ပါဝင်သော လူအုပ်စုက တိုက်ခိုက်ဟုပြော။ ကိုလံဘီယာနိုင်ငံသားများက လုပ်ကြံဟုဆို


ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းတွင် ဟေတီနိုင်ငံသမ္မတ ခိုးဗင်နိုင်းလ်မွိုင်စ်မှာ ၎င်း၏ နေအိမ်၌ လုပ်ကြံခံရကြောင်း ၎င်းနိုင်ငံ၏ဝန်ကြီးချုပ်က ပြောဆိုသည်ဟု BBC က ယနေ့ရေးသားသည်။…  
ဗုဒ္ဓဟူးနေ့ နံနက် ၁-နာ ရီခန့်တွင် သမ္မတမွိုင်စ်ကို မည်သူမည်ဝါမှန်း မသိ စပိန်ဘာသာစကားပြောဆိုသူအချို့ ပါဝင်သော လူအုပ်စုက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သမ္မတသည် နေရာ၌ သေဆုံးပြီး သမ္မတကတော်ဖြစ်သူမှာလည်း သေနတ်ထိမှန်၍ ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ဟေတီဝန်ကြီးချုပ်၏ သတင်းထုတ်ပြန်ချက်ကို သတင်းမီဒီယာတို့က ဖော်ပြကြသည်။…    
လုပ်ကြံသတ်ဖြတ်သူတို့မှာ ကိုလံဘီယာနိုင်ငံသားဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ ဟေတီသတင်းစာ Le Louverture ဖော်ပြသော်လည်း လုပ်ကြံပုံ အသေးစိတ်အချက်အလက်များကိုမူ ရှင်းလင်းခြင်း မရှိချေ။…  
လုပ်ကြံသတ်ဖြတ်မှုကို စက်ဆုပ်ဖွယ် လူမဆန်သည့် ရိုင်းစိုင်းသောလုပ်ရပ်အဖြစ် ဟေတီဝန်ကြီးချုပ်က ရှုတ်ချ လိုက်သည်။ နိုင်ငံသားတို့အနေဖြင့် ချုပ်တည်းကြပါရန်နှင့် နိုင်ငံတော်ဆက်လက်တည်တန့်ခိုင်မြဲရေး နိုင်ငံသားတို့အား အကာအကွယ်ပေးရန် အဖက်ဖက်မှ ဆောင်ရွက်လျှက်ရှိကြောင်း၊ ဒီမိုကရေစီနှင့် သမ္မတနိုင်ငံတော်မှာ အနိုင်ရရှိလိမ့်မည်ဖြစ်ကြောင်း ဟေတီဝန်ကြီးချုပ်၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။…   
အသက် ၅၃ နှစ်ရှိ အရွယ်ရှိ ခိုးဗင်နိုင်းလ်မွိုင်စ်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်၍ အာဏာရရှိလာသူဖြစ်သည်။ သမ္မတသက်တမ်းတစ်လျှောက် ဟေတီနိုင်ငံတွင် အကျင့်ပျက်ခြစားကြောင်း စွပ်စွဲချက်များအပြင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။…   
ယခုနှစ် စောစောပိုင်းတွင် မြို့တော်နှင့် အခြားမြိုကြီးများ၌ ကန့်ကွက်ဆန္ဒပြမှုများ ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ပြီး လူများက မွိုင်စ်အား သမ္မတရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။…  
မွိုင်စ်၏ သမ္မတသက်တမ်းမှာ ဥပဒေအရ ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီ ၇-ရက်နေ့တွင် ကုန်ဆုံးကြောင်း အတိုက်အခံတို့က ကန့်ကွက်သည်။…   
မွိုင်စ်ကမူ ရာထူးသက်တမ်းကုန်ဆုံးရန် နောက်ထပ် တစ်နှစ်ကျန်ရှိနေသေးကြောင်း အခိုင်အမာ ငြင်းဆိုသည်။ တစ်နှစ်ကြာနှောင့်နှေးခဲ့ရသည်မှာ ရွေးကောက်ပွဲမသမာကြောင်း စွပ်စွဲ ချက်များအရဖြစ်သည်။ နောက်ဆုံးတွင် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ဆန္ဒမဲရလဒ်များကို ပယ်ဖျက်၍ မွိုင်စ်အား အနိုင်ပေးခဲ့သည်။…  
ကာလကြာမြင့်စွာ အမြစ်တွယ်ခဲ့သည့် နိုင်ငံရေးတည်ငြိမ်မှု၊ အာဏာရှင်စနစ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဟေတီမှာ အမေရိကရှိအဆင်းရဲဆုံးတိုင်းပြည်များအနက် တစ်နိုင်ငံဖြစ်သည်။

တိုင်းပြည်တည်ငြိမ် အေးချမ်ရေးအတွက် ၂၀၀၄ ခုနှစ်တွင် ဝင်ရောက်ထိန်းသိမ်းခဲ့သော ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့များသည် ၂၀၁၇ ခုနှစ် ရောက်မှသာ ပြန်လည်ရုတ်သိမ်းနိုင်ခဲ့သည်။…  
၂၀၁၀ ခုနှစ်တွင် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂-သိန်းကျော် သေဆုံးခဲ့ပြီး တိုင်းပြည်၏ အခြေခံအဆောက်အအုံနှင့် စီးပွားရေးမှာ အကြီးအကျယ် ပျက်စီးခဲ့ရသည်။

(( ဟေတီနိုင်ငံအမည်ကို ကြားဖူးသူနည်းနိုင်ပါသည်။ သို့သော် ပင်လယ်ဓါးပြကြီး ကပ္ပီတန် ဂျက်စပဲရိုးကိုမူ အတော်များများ သိရှိကြပါမည်။ ဟေတီသည် Pirates of Caribbean ဇာတ်လမ်းများပါ ကာရစ်ဘီယန်ပင်လယ်အတွင်း၌ တည်ရှိသော ကျွန်းနိုင်ငံလေး တစ်ခုဖြစ်သည်။ ။ သတင်းဘာသာပြန်သူ))

#ဟေတီသမ္မတလုပ်ကြံသတ်ဖြတ်ခံရ

(((Russia Today., 7 Jul, 2021,” Haitian President Jovenel Moise assassinated at home during the night, wife injured by gunshot – PM.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။)))

https://www.bbc.com/news/world-latin-america-57750358
https://www.rt.com/news/528568-haitian-president-assassinated/ 

Leave a Reply

Your email address will not be published.