နိုင်ငံခြားလက်နက်ကိုင်များ၊ ကြေးစားစစ်သားများ လစ်ဗျားမှ ဆုတ်ခွာပေးရန် ကုလလုံခြုံရေး ကောင်စီ တောင်းဆို၊ ကဒါဖီဖြုတ်ချရေး အာရပ်နွေဦးအပြီး နိုင်ငံပြိုကွဲ၍ ပြည်တွင်းစစ် ၁၀-နှစ်ခန့်ကြာခဲ့၊ ၂၀၂၀-နှစ်ကုန် လစ်ဗျားတွင် နိုင်ငံခြားစစ်သားနှင့် ကြေးစားလက်နက်ကိုင် ၂၀,၀၀၀ ခန့်ရှိနေ

=
လစ်ဗျားနိုင်ငံအတွင်းရောက်ရှိနေသော နိုင်ငံခြားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ကြေးစားစစ်သားများအနေဖြင့် တစုံတရာတုန့်ဆိုင်းခြင်းမရှိပဲ ဆုတ်ခွာသွားကြရန် တောင်းဆိုကြောင်း သောကြာနေ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) က ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပြီး လစ်ဗျားပါလီမန်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်သည်ဟု AFP က ယမန်နေ့ ရေးသားသည်။

..    
၂၀၁၁-ခုနှစ် #အာရပ်နွေဦးအဖြစ် #အာဏာရှင်_မွမ်မာကဒါဖီအား ဖယ်ရှားပြီးနောက် ဆယ်စုနှစ်ချီကာ ပဋိပက္ခဖြစ်ပွားခဲ့ရသော ရေနံကြွယ်ဝသည့်နိုင်ငံ၌ ဒီဇင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဦးတည်ကာ ဗုဒ္ဓဟူးနေ့၌ အသစ်ဖွဲ့စည်းလိုက်သော #Unified_government တပ်ပေါင်းစုအစိုးရသစ်ကို လစ်ဗျား (ထရီပိုလီအစိုးရ) ပါလီမန်က အတည်ပြုခဲ့သည်ဆို၏။

..   
လစ်ဗျား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား အပြည့်အ၀ အကောင်အထည်ဖော်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ခဲ့ကြောင်း၊ သဘောတူညီချက်များအား အပြည့်အဝထောက်ခံ၍ အဖွဲ့အစည်းတို့က လည်းအကောင်အထည်ဖော်ကြရန် တိုက်တွန်းကြောင်း UNSC အဖွဲ့ဝင် ၁၅ နိုင်ငံ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

..   
နိုင်ငံတကာအေဂျင်စီများ၏အဆိုအရ ၂၀၂၀ ပြည့်နှစ်အကုန် လစ်ဗျား၌ နိုင်ငံခြားသားလက်နက်ကိုင်တပ်ဖွဲ့ဝင်နှင့် ကြေးစားစစ်သား ၂၀,၀၀၀ ခန့် ကျန်ရှိနေပြီး ပြန်လည်ရုပ်သိမ်းသည်ကို မတွေ့ရသေးကြောင်း သိရှိရသည်။

..  
ထိုအတွက် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးတို့အနေဖြင့် ကုလသမဂ္ဂလက်နက်တင်ပို့ မှုတားဆီးရေးနှင့်အညီ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာကြရန် UNSC က တောင်းဆိုထားသည်။ သို့သော်လည်း အာဏာရှင်ကဒါဖီဖယ်ရှားရေး၌ #အမေရိကန်ဦးဆောင်သည့်_နေတိုးအဖွဲ့၏ (#R2P ) စစ်ဆင်ရေးစတင်ချိန်ကတည်းက ပြဋ္ဌာန်းခဲ့သော ကုလသမဂ္ဂလက်နက်တင်ပို့မှုတားဆီးရေးမှာ ပုံမှန်လိုလို ချိုးဖောက်ခြင်းခံနေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများက ပြောဆိုသည်။ လက်နက်တင်ပို့မှု တားဆီးရေးအကောင်အထည်ဖော်ခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ အစီရင်ခံစာမှာ လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ဖွယ်ရှိသည်။

..   
ကျွမ်းကျင်သူများ၏ ယခင်အစီရင်စာ၌ လစ်ဗျားတွင် ရုရှားကြေးစားစစ်သားများ၊ တူရကီစစ်တပ်များနှင့် ဆီးရီးယား၊ ချဒ်၊ ဆူဒန်လူမျိုးများဖြင့် ဖွဲ့စည်းထားသည့် လက်နက်ကိုင်အုပ်စုများရှိနေကြောင်း ဖော်ပြ၍ ရှုတ်ချခဲ့သည်။
..
လုံခြုံရေးကောင်စီအနေဖြင့် လက်နက်ကိုင်အုပ်စုများအား လက်နက်ဖျက်သိမ်းခြင်း၊ တပ်ဖျက်သိမ်းခြင်း၊ တပ်ဖွဲ့ဝင်စိစစ်၍ ပြန်လည်ပေါင်းစည်းခြင်းနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ လစ်ဗျားတစ်နိုင်ငံလုံးအား အရပ်ဖက် ဦးဆောင်ပါဝင်သည့် လုံခြုံရေး အဆောက်အအုံ တည်ဆောက်ရန်လိုအပ်ကြောင်း အသိအမှတ်ပြုထားသည်။

(( ၂၀၁၉ – ခုနှစ်တွင် လူဦးရေ ၅.၆ သန်းခန့်ရှိသော လစ်ဗျားသည် အာဖရိကမြောက်ပိုင်း မြေထဲပင်လယ်အား မေးတင်လျှက် မဟာဗျူဟာမြောက်အနေအထားတွင် တည်ရှိခြင်းကြောင်း သမိုင်းတစ်လျောက် ဂရိ၊ ရောမ၊ စပိန်၊ တူရကီ၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလိပ်တို့၏ လက်အောက်ခံအဖြစ် သိမ်းသွင်းခြင်း ခံခဲ့ရဖူးသည်။ ၁၉၅၁-ခုနှစ်တွင် လွတ်လပ်သောနိုင်ငံတစ်ခုဖြစ်လာပြီး များမကြာမီ ဗိုလ်မှူးကြီး မွမ်မာကဒါဖီဦးဆောင်သော လစ်ဗျားတပ်မတော်က ဘုရင်အိုင်ဒြစ်အား သွေးထွက်သံယိုမရှိ ဖြုတ်ချ၍ အာဏာသိမ်းသည်။

..  
ဗိုလ်မှူးကြီးကဒါဖီ အာဏာရလာသောအခါ လစ်ဗျနိုင်ငံရှိ အမေရိကန်နှင့် ဗြိတိသျှ လေတပ်စခန်းများကို ရုပ်သိမ်းစေသည်။ ထို့ကြောင့် ဗြိတိန်က လစ်ဗျားလေကြောင်းကာကွယ်ရေးတာဝန်ယူမည့် ကန်ထရိုက်စာချုပ်ကို ပယ်ဖျက်လိုက်သည်။ ကဒါဖီသည် ၁၉၇၃ ခုနှစ်တွင် နိုင်ငံခြား ရေနံလုပ်ငန်း၏ အစုရှယ်ယာ ၅၁% ကိုသိမ်းယူသည်။ ကဒါဖီဝန်ကြီးချုပ်ဖြစ်နေစဉ် နိုင်ငံတွင် အရက်သေစာ ပိတ်ပင်၍ ညကလပ်များကိုလည်း ပညတ်ခဲ့သည်။

..   
လစ်ဗျား စီးပွားရေးသည် ပို့ကုန်ဝင်ငွေ၏ ၉၅% ကျော်နှင့် ဂျီဒီပီ၏ ၆၀% မှာ ရေနံဝင်ငွေမှ ရရှိသည်။ လူဦးရေအလွန်နည်းသဖြင့် အာဖရိကတွင်သာမက ဥရောပနိုင်ငံအချို့ထက်ပင် လူတစ်ဦးချင်း ဝင်ငွေအမြင့်ဆုံးဖြစ်ခဲ့သည်။

..  
တူနီရှားနိုင်ငံမှ ကူးစက်လာသော #အာရပ်နွေဦးသည် ၂၀၁၁-ခုနှစ် ဖေဖော်ဝါရီတွင် #အာဏာရှင်ကဒါဖီဖြုတ်ချရေး လူထုအုံကြွမှုဖြစ်လာသည်။ ဘင်ဂါဇီမြို့မှ စတင်သော ကန့်ကွက်ဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့များက #တိုက်လေယာဉ်အပါအဝင် အင်အားသုံးဖြိုခွင်းအပြီး တစ်နိုင်ငံလုံးသို့ ပြန့်နှံ့ကာ ပုန်ကန်မှုအဖြစ်ပြောင်းလဲသွားသည်။

..   
ဖေဖော်ဝါရီ ၂၆-ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကဒါဖီနှင့် ၎င်း၏ အတွင်းစည်းတွင် တာဝန်ထမ်းဆောင်သူများကို ဒဏ်ခတ်ပိတ်ဆို့ခြင်းများ ပြဋ္ဌာန်း၍ လစ်ဗျားနိုင်ငံအတွင်း အသက်ဆုံးရှုံးမှုများကို စုံစမ်းစစ်ဆေးနိုင်ရန် #နိုင်ငံတကာရာဇဝတ်တရားရုံး_ICC သို့ လွှဲပြောင်းပေးသည်။

..  
ထို့နောက် #လစ်ဗျားဝေဟင်တွင်လေယာဉ်မပျံသန်းရဇုံနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများမှ အကာအကွယ်ပေးရန် ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ဖြင့် နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများအား စစ်ရေးဖြင့် #R2P ထိုးဖောက်အရေးယူရေးခွင့်ပြုခဲ့သည်။

..  
ပြည်ပအထောက်အပံ့ ရရှိထားသော ပုန်ကန်သူများသည် နေတိုးလေယာဉ်များ ဗုံးကြဲတိုက်ခိုက်မှုကို နောက်ခံပြုလျှက် လစ်ဗျားကမ်းခြေတစ်လျှောက် မြေပြင်ထိုးစစ်ဆင်ကာ သြဂုတ်လတွင် ထရီပိုလီမြို့အား သိမ်းပိုက်သည်။ ကဒါဖီမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ၂၀၁၁-ခုနှစ် အောက်တိုဘာ ၂၀-ရက်နေ့၌ ဖမ်းဆီးရမိပြီးနောက် သုတ်သင်ခြင်းခံရသည်။

..  
၃၁-ရက် အောက်တိုဘာ ၂၀၁၁-ခုနှစ်တွင် လစ်ဗျားစစ်ဆင်ရေးပြီးဆုံးကြောင်း UNSC က မဲခွဲဆုံးဖြတ်သည်။ သို့သော် လုံခြုံရေး-အုပ်ချုပ်ရေး လစ်ဟာသွားသော လစ်ဗျားမှာ နိုင်ငံအစိတ်စိတ်အမွှာမွှာ ပြိုကွဲပြီး အိုင်အက်စ် ကဲ့သို့ အစွန်းရောက်အကြမ်းဖက် အုပ်စုများအပြင် ဒေသန္တရ စစ်ဘုရင်အသီးသီးတို့၏ လက်နက်ကိုင်အုပ်စုများ မင်းမူရာဖြစ်သွားသည်။

..  

ပြည်တွင်းစစ်သည် ခေတ္တမျှသာ ရပ်နား၍ ၂၀၁၄-ခုနှစ်တွင် တဖန်ပြန်လည်ဖြစ်ပွားသည်။ ပထမအကြိမ်ပြည်တွင်းစစ်၌ လူပေါင်း ၂၅,၀၀၀ ခန့်သေဆုံး၊ ၅၀,၀၀၀ ခန့်ဒဏ်ရာရရှိ၍ ၄,၀၀၀ ခန့် ပျောက်ဆုံးသည်။

..   
လစ်ဗျားတွင် ထရီပိုလီနှင့် ဘင်ဂါဇီဟူ၍ စင်ပြိုင်အစိုးရ ၂-ရပ်ရှိနေပြီး ဗိုလ်ချုပ်ကြီး ခလီဖာဟဖ်တာ၏ LNA တပ်များက ကုလသမဂ္ဂအသိအမှတ်ပြု ထရီပိုလီအစိုးရရုံးစိုက်ရာအနီးထိ နယ်မြေအများအပြားကို သိမ်းပိုက်ထားသည်။

..  
ယခုကဲ့သို့ အပစ်အခတ်ရပ်စဲခြင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ်ခြင်းတို့မှာ ယခင်ကလည်း ရှိဖူး၍ အကြိမ်ကြိမ် ပျက်ပြားခဲ့ဖူးသည်။     ။ သတင်းဘာသာပြန်သူ ))

..   
((( AFP., Mar. 13 2021, “ UN calls for withdrawal of foreign troops, mercenaries from Libya.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
#လစ်ဗျားအပစ်အခတ်ရပ်စဲရေးနှင့်ရွေးကောက်ပွဲ #လစ်ဗျားမှနိုင်ငံခြားနှင့်ကြေးစာစစ်သားများဆုတ်ခွာပေးရန်

..  
https://www.dhakatribune.com/world/middle-east/2021/03/13/un-calls-for-withdrawal-of-foreign-troops-mercenaries-from-libya
https://www.aljazeera.com/news/2011/4/12/libyan-rebels-reject-african-union-road-map
https://www.theguardian.com/world/2011/aug/24/nato-will-not-put-troops-ground-libya

0

Leave a Reply

Your email address will not be published.