နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားခဲ့ရာ တရုတ်နယ်စပ်ဒေသသို့ ဝန်ကြီးချုပ် မိုဒီနှင့် အိန္ဒိယစစ်ဘက်အရာရှိကြီးများ ရုတ်တရက်ရောက်ရှိ။ အိန္ဒိယတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်မြင့်တက်နေ

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံ့မြောက်ပိုင်း တရုတ်နယ်စပ် လာဒက်ဒေသရှိ နီမူး စစ်စခန်းသို့ အံ့အားသင့်ဖွယ် ရုတ်တရက်ရောက်ရှိသွားခဲ့ရာ အဆိုပါ အိန္ဒိယစစ်စခန်းမှာ ယခင် ဇွန်လ ၁၅-ရက် တရုတ်တပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ခဲ့ရသည့်နေရာမှ အဖြောင့်တိုင်းလျှင် မိုင် ၆၀ ခန့်သာ ကွာဝေးသည်ဟု AFP အား ကိုးကား၍ Dhaka Tribune က ယနေ့ရေးသားသည်။

ဂယ်လ်ဝမ် တောင်ကြားဒေသ၏ အဆိုပါ ပဋိပက္ခသည် ညူကလီယာလက်နက်ပိုင်ရှင် အိမ်နီးချင်းစစ်အင်အားကြီး ၂-နိုင်ငံအကြား ၄၅-နှစ်အတွင်း လူအသေအပျောက်ဖြစ်ရသည့် ဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ရသည်။


ထိရှလွယ်သော နယ်မြေအတွင်း ဝန်ကြီးချုပ်မိုဒီ၏ ခရီးစဉ်တွင် ၎င်းနယ်မြေ စစ်ဆေးရုံရှိ ( တရုတ်တို့နှင့် သတ်ပုတ်ရာတွင် ) ဒါဏ်ရာရစစ်သည်တို့အား တရင်းတနှီး တွေ့ဆုံအားပေးရန် စီစဉ်ထားကြောင်း၊ ဝန်ကြီးချုပ်နှင့်အတူ အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားအိန္ဒိယတပ်မတော်အရာရှိကြီးများလိုက်ပါလာခြင်းက အဆိုပါဒေသမှာ အိန္ဒိယအတွက် အရေးပါသော နယ်မြေတစ်ခုအဖြစ် ပြသလျှက်ရှိသည်။

နှစ်ဖက်သဘောတူ ပိုင်ဆိုင်မှု အတိအကျမသတ်မှတ်ရသေးသော နယ်မြေတွင် တရုတ်နှင့် အိန္ဒိယတပ်ဖွဲ့ဝင်များအကြား သေနတ်မပါ လက်ရုံးချင်း ယှဉ်ပြိုင်သတ်ပုတ်ခဲ့ကြခြင်းဖြစ်သည်။ အိန္ဒိယဘက်က တပ်ဖွဲ့ဝင် ၂၀-ဦး ကျဆုံးခဲ့ရကြောင်း ရေးသားကြသော်လည်း တရုတ်ဘက်အကျအဆုံးကိုမူ ရှင်းလင်းစွာ မသိရချေ။

အဖြစ်အပျက်နှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးက တစ်ဘက်နှင့်တစ်ဘက် အပြစ်တင်ခဲ့ကြပြီး၊ ဒေသအတွင်းသို့ ထောင်ပေါင်းများစွာသောတပ်ဖွဲ့ဝင်များ တိုးတက်စေလွှတ်ခဲ့သည်။

တစ်ချိန်က အတိအလင်း စစ်ခင်းခဲ့ကြသည့် မသင့်မြတ်သော အိမ်နီးချင်းနှစ်နိုင်ငံအကြား စစ်တပ်အဆင့်ဆွေးနွေးမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသော်လည်း သဘောတူညီမှုရရှိသည်အထိ တိုးတက်မှုအနည်းငယ်သာ အဖြေထွက်ခဲ့သည်။

အိန္ဒိယသည် တရုတ်နှင့် စီးပွားရေး ဆက်နွယ်မှုတို့ကို ပြောင်းလဲရန် အတင်းအကြပ်ကြိုးပမ်းလျှက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် လူကြိုက်များသော TikTok အပါအဝင် တရုတ် မိုဘိုင်းဖုန်းအက်ပလီကေးရှင်း ၅၉ ခုအား ပိတ်ပင်ခဲ့သည်။


အိန္ဒိယ ဒေသအတွင်း၌လည်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်မြင့်တက်လာသည်နှင့်အမျှ နယ်စပ်စစ်ဆေးရေးဂိတ်များတွင် တရုတ်သွင်းကုန်ပစ္စည်းများအပေါ် စစ်ဆေးမှု ပိုမိုတင်းကြပ်ခဲ့သည်။

အဆိုပါဂိတ်များတွင် စုပုံလျှက်ရှိသော တရုတ်သွင်းကုန်များတွင် အိန္ဒိယဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းအတွက် အရေးပါသော ကုန်ကြမ်းပစ္စည်းများ ပါဝင်နေသည်ဟု သတင်း၌ ဆက်လက်ဖော်ပြသည်။


(( မိုဒီ၏ လုပ်ရပ်မှာ ရွှေမော်ဓေါစေတီရင်ပြင်တွင် နားထွင်းသော တပင်ရွှေထီးနှင့် တူလှပါသည်။

အမျိုးသား ရေးဝါဒီနိုင်ငံကြီး ၂-နိုင်ငံအကြား ရှီကျင့်ဖျင်၏ တုန့်ပြန်မှုကို ဆက်လက်လေ့လာရပါမည် ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., July , 2020, “Modi makes surprise China border visit after clash.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ပဋိပက္ခဖြစ်ပွားခဲ့ရာ_တရုတ်နယ်စပ်ဒေသသို့_ဝန်ကြီးချုပ် မိုဒီနှင့်_အိန္ဒိယစစ်ဘက်အရာရှိကြီးများ_ရုတ်တရက်ရောက်ရှိ

https://www.dhakatribune.com/world/south-asia/2020/07/03/modi-makes-surprise-china-border-visit-after-clash

0

Leave a Reply

Your email address will not be published.