ရုရှား၌ရုံးခွဲများဖွင့်လှစ်ရန် အနောက်ဆိုရှယ်မီဒီယာဘီလူးကြီးများအပေါ် ဖိအားပေးသည့် ဥပဒေတွင် သမ္မတပူတင် လက်မှတ်ရေးထိုး။ တရားမဝင်မှုများကို ဖယ်ရှားရန် ပျက်ကွက်မှုဖြင့် ကုမ္ပဏီများအား ဒဏ်ငွေတပ်ရိုက်။ ဥပဒေချိုးဖောက်မှုဖြင့် Google အပေါ် အမှုဖွင့်


နိုင်ငံခြားဆိုရှယ်မီဒီယာကုမ္ပဏီကြီးများအနေဖြင့် ရုရှားနိုင်ငံတွင် ရုံးများဖွင့်လှစ်ရန် တာဝန်ရှိကြောင်း ဥပဒေတစ်ရပ်ကို သမ္မတဗလာဒီမာပူတင်က ကြာသပတေးနေ့၌ လက်မှတ်ရေးထိုးလိုက်ရာ နည်းပညာအဆင့်မြင့်မားသော အနောက်ကုမ္ပဏီများအပေါ် မော်စကိုအစိုးရက ပိုမိုထိန်းချုပ်ရန် နောက်ဆုံးပြသမှုတစ်ရပ်ဖြစ်သည်ဟု Reuters က ယမန်နေ့ ရေးသားသည်။

…      
ရုရှားအာဏာပိုင်များအနေဖြင့် အင်တာနက်ထိန်းချုပ်မှုကို အားဖြည့်ရန်နှင့် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်ပတိုင်းပြည်များအပေါ် မှီခိုမှုတို့ကို လျှော့ချရန် စိတ်အားထက်သန်လျှက်ရှိကြသည်။

…   
အထူးသဖြင့် ကရင်မလင်အပေါ် နိုင်ငံရေးအတိုက်အခံဟောင်းများက ပြည်ပလူမှုကွန်ယက်ပလက်ဖောင်းများကို အသုံးပြု၍ စည်းရုံးသိမ်းသွင်းခြင်းအား ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့သည် အဂတိစွပ်စွဲမှုများကို နိုင်ငံရေးရည်ရွယ်ချက်အရ လူသိရှင်ကြားဖြစ်အောင် တရားမဝင် ကန့်ကွက်နေခြင်းအဖြစ် ကရင်မလင်က ရှု့မြင်သည်။

…   
ထိုသို့သော တရားမဝင်မှုများကို ဖျက်ချပေးရန် ပျက်ကွက်မှုဖြင့် မော်စကိုအစိုးရက စီးပွားရေးကုမ္ပဏီများအား ဒဏ်ငွေ တပ်ရိုက်ခဲ့သည်။ ပြစ်ဒဏ်အဖြစ် Twitter ၏ အမြန်နှုန်းကို နှေးကွေးစေခဲ့သည်။ ထို့ပြင် ပုဂ္ဂလိက အချက်အလက်များဆိုင်ရာဥပဒေအား ချိုးဖောက်မှုဖြင့် ဗုဒ္ဓဟူးနေ့တွင် Google အပေါ် အမှုဖွင့်ခဲ့သည်။

…  
အင်တာနက်ပေါ်တွင် လုပ်ငန်းဆောင်ရွက်မှုပြုလုပ်သော နိုင်ငံခြားအဖွဲ့အစည်းတစ်ခုအနေဖြင့် ရုရှားနိုင်ငံ၌လည်း ရုံး သို့မဟုတ် တရားဝင်အဖွဲ့အစည်းအဖြစ် ဖွင့်လှစ်ရန် တာဝန်ရှိကြောင်း ဥပဒေသစ်၌ ဖော်ပြထားသည်။

…   
ဥပဒေပြဋ္ဌာန်းချက်များသည် ရုရှားနိုင်ငံတွင် နေ့စဉ် ပရိဿတ် ၅-သိန်းထက်မနည်း ရရှိနေသော အင်တာနက်ဘီလူးကြီးများနှင့် အကျုံးဝင်လိမ့်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အမည်ကို ရုရှား၏ နိုင်ငံပိုင်ဆက်သွယ်ရေးထိန်းညှိမှုဆိုင်ရာဋ္ဌာန #ရော့စ်ကွမ်းနက်ဒိုဝဘ်ဆိုက်တွင် မှတ်ပုံတင်ကြရမည်ဟု #ရုရှား_ဒူးမား_အောက်လွှတ်တော်၏ အိုင်တီနည်းပညာကော်မတီနှင့် ပြန်ကြားရေးပေါ်လစီဥက္ကဋ္ဌဖြစ်သူက ၎င်း၏ Telegram ချန်နယ်တွင် ရေးသားသည်။

…    
ဥပဒေကိုချိုးဖောက်သောကုမ္ပဏီများအနေဖြင့် ကြော်ငြာခွင့် ပိတ်ပင်ခြင်းကဲ့သို့သော ပြစ်ဒဏ်များကို ရင်ဆိုင်ရနိုင်သည်။

…  
မော်စကိုက တရားမဝင်ဟု ယူဆသော အကြောင်းအရာများကို လူမှုကွန်ရက်ကုမ္ပဏီများက အလျှင်အမြန် ဖျက်ချပေးရန် ပျက်ကွက်ပြီးနောက် Facebook, Google, Telegram နှင့် Twitter တို့အား တရားစွဲဆိုခံရမှု အသစ်များဖြင့် ယခုလနှောင်းပိုင်း၌ ရုံးတော်တွင် ကြားနာမည်ဖြစ်သည်။

ဥပဒေသစ်သည် အွန်လိုင်းလက်လီရောင်းချသူများနှင့် e-commerce ကုမ္ပဏီများအပါအဝင် ကုမ္ပဏီပေါင်း ၂၀ တို့အပေါ် အကျိုးသက်ရောက်စေနိုင်ကြောင်း ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ RIA က သတင်းရေးသားသည်။

(( ရုရှားနိုင်ငံ၏ ယခုကဲ့သို့ ဥပဒေပြဋ္ဌာန်းမှုသည် အိန္ဒိယထက်စာလျှင် ၂-လကျော်မျှ နောက်ကျသည်။ လူမှု ကွန်ရက်စာမျက်နှာ၌ ဖော်ပြချက်များမှာ ကုမ္ပဏီအနေဖြင့် ကိုယ်တိုင်ရေးသားခြင်းမဟုတ် ကြားခံဖော်ပြသူသာ ဖြစ်၍ တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ကို နယူးဒေလီက ရုတ်သိမ်းခဲ့သည်။

…  
မေ ၂၅-ရက် အိန္ဒိယနိုင်ငံ၏ လူမှုကွန်ရက် ပလက်ဖောင်းများဆိုင်ရာ ဥပဒေအသစ်တွင် ပထမ သတင်းပေးတိုင်ကြားချက် FIR အရ ရဲတပ်ဖွဲ့က စုံစမ်းစစ်မေးရာတွင် ဆိုရှယ်မီဒီယာကုမ္ပဏီများအနေဖြင့် ပူးပေါင်းကူညီရန် တာဝန်ရှိသည်။ Twitter သည် အဆိုပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်သည်ဟု ကင်းလွတ်ခွင့် ရုတ်သိမ်းခံရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ရာဇဝတ်မှုကျူးလွန်ရာ၌ အားပေးကူညီသူ သို့မဟုတ် ပုံမှန်ထုတ်ဝေဖြန့်ချီသူတစ်ဦးအဖြစ် အိန္ဒိယနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေကြောင်းအရ တာဝန်ယူရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခြင်း ဖြစ်သည်။

…  
နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသော တရားဥပဒေသည် အခြားနိုင်ငံများအတွက် နားလည်ချင်မှ နားလည်မည် ဖြစ်သည်။ ဥပမာအားဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တားမြစ်ထားသော အသားနှင့် အရက်သေစာတို့ကို တင်းကြပ်ထိန်းချုပ်ခြင်းမျိုးဖြစ်သည်။ ၎င်းမှာ တရုတ်အပါအဝင် အမေရိကန်-ဥရောပတို့နှင့် မတူညီရကောင်းလားဟု မည်သို့မျှ ဝေဖန်ရန် မရှိပါ။ အနောက်နိုင်ငံများ၏ ဖွဲ့စည်းတည်ပုံ စံနှုန်းများအတိုင်း ရေးဆွဲလိုက်နာ သည်ဆိုသော လူမှုကွန်ယက်ပလက်ဖောင်းများကိုယ်တိုင်သည်ပင်လျှင် ဗြိတိန်၊ ဂျာမနီ သြစတြေးလျှစသည့် နိုင်ငံများ၌ အခြေအတင်ဖြစ်ခဲ့ကြောင်း နိုင်ငံအချို့တွင် ကွန်ဂရက်လွှတ်တော်ရှေ့မှောက် စစ်မေးခြင်းခံရကြောင်း သတင်းများမှာ ကျွန်တော်တို့ဆီတွင် သိသူ အလွန်နည်းပါသည်။

အင်တာနက်ကို နည်းပညာပိုင်းအရ ပိတ်ဆို့ရန် လုံး၀ မဖြစ်နိုင်ပါ။ ဥပဒေနှင့် ငြိစွန်းသည်ဟု ဖြုတ်ချပေးရန်ပင် အတော်လက်ဝင်မည်ဖြစ်သည်။ တားမြစ်ထားသော ဝဘ်ဆိုက်၊ လူပုဂ္ဂိုလ်တို့၏ ရေးသားဟောပြောချက်များကို ဝင်ရောက်ကြည့်ခြင်း၊ရှယ်ခြင်းတို့ကို ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူခြင်းတို့ကိုသာ ပြုလုပ်နိုင်သည်။

အိန္ဒိယ၏ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတို့သည် ဘဝတူ ဗြိတိသျှကိုလိုနီဟောင်းဖြစ်သော ကျွန်တော်များနိုင်ငံနှင့် တစ်ထပ်တည်း တူလေရာ ကျွန်တော်များဆီတွင် လူသတ်မှုသည် ၃၀၂ ဖြစ်လျှင် သူတို့ဆီတွင်လည်း ၃၀၂ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ။သတင်းဘာသာပြန်သူ))

#အနောက်ဆိုရှယ်မီဒီယာဘီလူးကြီးများ_ရုရှား၌ရုံးခွဲဖွင့်လှစ်ရမည်
#တရားမဝင်မှုများကို_ဖယ်ရှားရန်ပျက်ကွက်မှုဖြင့်_ဆိုရှယ်မီဒီယာကုမ္ပဏီများအား_ဒဏ်ငွေတပ်ရိုက်။
#ဥပဒေချိုးဖောက်မှုဖြင့်_Google_အပေါ်_အမှုဖွင့်

(((Rutters., July 1, 2021, “Putin signs law forcing foreign social media giants to open Russian offices.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.reuters.com/technology/putin-signs-law-forcing-foreign-it-firms-open-offices-russia-2021-07-01/
https://www.reuters.com/technology/google-risks-russia-fine-over-personal-data-law-regulator-2021-06-30/
https://www.rt.com/news/526669-india-twitter-legal-protections/ 

Leave a Reply

Your email address will not be published.