ကာ့ဒ်တပ်များ မဆုတ်ခွာလျှင် စစ်ဆင်ရေးုပြန်လည်စတင်ရန် ၃၅ နာရီသာ ကျန်ရှိဟု တူရကီသတိပေး။ ဆုတ်ခွာသွားသော အမေရိကန်တို့က ၎င်းတို့တို့ ကျန်ရစ် စစ်စခန်းကို ဖောက်ခွဲဖျက်ဆီးပြန်

ကာ့ဒ်တို့ ဆုတ်ခွာခြင်းမရှိလျှင် အပစ်အခတ်ရပ်စဲရေးကာလပြီးဆုံးသည့်အခါ၌ စစ်ဆင်ရေးပြန်လည် စတင်မည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လုချောဗ်ဆောလူက သတိပေးလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

အမေရိကန်နိုင်ငံ ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေးကာလ ပြီးဆုံရန် ၃၅ နာရီသာလိုတော့ပြီး ၎င်းနောက် ကာ့ဒ်တို့ဆုတ်ခွာခြင်းမရှိလျှင် အမေရိကန်နှင့် သဘောတူညီထားသည့်အတိုင်း ဆီးရီးယားအရှေ့မြောက်ပိုင်း၌ စစ်ဆင်ရေးပြန်လည်စတင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ 

နှစ်နိုင်ငံနယ်စပ် ရပ်စ်အယ်လ်အန်မြို့မှ ဆီးရီးယားအတွင်းပိုင်းသို့ ဆုတ်သွားသော ကာ့ဒ်လူမျိူးးတို့တွင် တိုက်ခိုက်ရေးသမားများပါဝင်ခြင်းမရှိကြောင်း အမေရိကန်တို့ဖွဲ့စည်းပေးခဲ့သော “ဆီးရီးယန်းဒီမိုကရက်တစ်တပ်” ၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

သို့သော် တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်တို့ကမူ အဆိုပါမြို့၏ နယ်မြေအများစုကို လွန်ခဲ့သော ရက်သတ္တပတ်ကပင် ၎င်းတို့သိမ်းယူပြီးဖြစ်၍ ကျန်နယ်မြေ ၃၀ ရာနှုန်းတွင် ကာ့ဒ်တို့ခြေကုတ်ရယူထားကြောင်း ပြောဆိုသည်။

ရပ်စ်အယ်လ်အန်မြို့မှ အရှေ့တောင်ဖက် ၂၁ မိုင်ခန့်အကွာ တဲလ်မာမြို့အနီးရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရတ်နယ်စပ်သို့ ၎င်းတို့တပ်များ မဆုတ်ခွာမီ ၎င်းတို့အခြေစိုက်ခဲ့ရာ စခန်းနှင့် ရဟတ်ယာဉ်ဆင်းကွင်းတို့အား ဗုံးခွဲဖျက်ဆီးသည်ကို တွေ့မြင်ရကြောင်း၊ နယ်စပ်ဖက်ပိုမိုရောက်နေသော ရပ်စ်အယ်လ်အန်မြို့ဖက်တွင် ကာ့ဒ်တို့နှင့် ဆီးရီးယားသူပုန်များ အပြန်အလှန်ပစ်ခတ်လျှက်ရှိသည်ဟု သတင်းရရှိကြောင်း ၎င်းနယ်မြေ အနီးရောက် ရှိနေသည့် Russia Today ( အာရေဗီ ) စစ်မြေပြင်သတင်းထောက်က သတင်းပေးပို့သည်။

ဆီးရီးယားအရှေ့မြောက်ပိုင်း တူရကီနယ်စပ်အနီး အချက်အချာကျသော ၎င်းတဲလ်မာမြို့၌ အမေရိကန်တပ်ဖွဲ့ဝင်များ တပ်စွဲထားခဲ့ခြင်းဖြစ်သည်။ ဆုတ်ခွာသောအခါ ၎င်းတို့နှင့်အတူ တပါတည်း ယူဆောင်မသွားနိုင်သည့် စစ်ဖက်အသုံးအဆောင်ပစ္စည်းများကို ဖောက်ခွဲဖျက်ဆီးခဲ့ရာတွင် စောင့်ကြည့်ရေဒါစခန်းတစ်ခုလည်း ပါရှိသည်။

အဆိုပါစခန်းသည် အမေရိကန်တပ်များစွန့်ပစ်သွားသည့် ဒုတိယမြောက်စခန်းဖြစ်ပြီး အောက်တိုဘာ ၁၆-ရက် မန်ဘစ်မြို့အနီး စစ်ခန်းမှ ဆုတ်ခွာစဉ်ကမူ ရွက်ဖျင်စစ်တန်းလျှားနှင့် ရိက္ခာ-ခဲယမ်းတို့ သိုလှောင်ခဲ့ဖူးသောရုံများ အကောင်းအတိုင်းကျန်ခဲ့သည်။ အမေရိကန်တပ်များ ဆုတ်ခွာသွားသည်နှင့် တစ်ပြိုင်နက် ဆီးရီးယားအစိုးရတပ်များနှင့် ရုရှားမီဒီယာ စစ်မြေပြင်သတင်းထောက်များ ဝင်ရောက်လာနိုင်ခဲ့သည်။ 

ထိုစဉ်က Russia Today က လွှင့်ထုတ်သော သတင်းရုပ်သံ၌ အမေရိကန်စခန်းအတွင်း စားစရာ၊ အပျင်းဖြေပစ္စည်းနှင့် အခြားအထောက်အကူပြုပစ္စည်းများ ပြန့်ကြဲလျှက်ရှိသည်ကို အကောင်းပကတိအတိုင်း တွေ့မြင်ခဲ့ကြရသည်။ ထိုနောက် အီရတ်ဖက်မှ ပျံသန်းလာသော အမေရိကန်ဂျက်တိုက်လေယာဉ်များက ၎င်းတို့စွန့်ပစ်ခဲ့သော စစ်ခန်းအား လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့သည်။ 

ထိုသို့ ဖျက်ဆီးကြောင်းကို ပင်တာဂွန်က ဝန်ခံပြီး မလိုလားအပ်သူတို့ ဆက်လက်သုံးစွဲခြင်း မပြုနိုင်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ထိခိုက်သေဆုံးသူမရှိကြောင်း သတင်းထုတ်ပြန်သည်။ 

(( ကမ္ဘာကျော်စစ်တက္ကသိုလ်များတည်ရှိပြီး၊ နိုင်ငံတကာအကောင်းဆုံးတပ်မတော်တစ်ခုဖြစ်သည့် အမေရိကန်တို့သည် ဆီးရီးယားအရှေ့မြောက်ပိုင်းမှ မန်ဘစ်မှဆုတ်ခွာစဉ် ၎င်းတို့တပ်စွဲခဲ့ရာစခန်းအား တပြိုင်တည်းဖျက်ဆီးခြင်း မပြုခဲ့သည်မှာ အတော်ထူးဆန်းပါသည်။ ရုရှားမီဒီယာများ၏ ရုပ်သံသာ မမြင်ရလျှင် ယုံကြည်ရန် မရှိပါ။ ရွက်ဖျင်စစ်တန်းလျှားနှင့် သိုလှောင်ရုံများမှာ အခွံချည့်နီးပါးဖြစ်စေကာမူ ဖောက်ခွဲဖျက်ဆီးခဲ့ရန် လိုအပ်မည်ဟု ယူဆပါသည်။ 

သို့သော် ယခင်ကလည်း ဒေါ်နယ်ထရမ့်က ဆုတ်မိန့်ပေးပြီး အမှန်တကယ် မဆုတ်ဖြစ်ခြင်း၊ သို့မဟုတ် ၎င်းတို့မဟာမိတ် SDF ကာ့ဒ်တို့အတွက် ချန်ထားရစ်ခဲ့ပြီး နောက်မှ ဆီးရီးယားအစိုးရတပ်များဝင်ရောက်လာသဖြင့် ပြန်လည်ဖျက်ဆီးပုံရသည်ဟု ထင်မှတ်ရပါသည်။ ။ သတင်းဘာသာပြန်သူ )) 


((( အောက်တိုဘာ – ၂၁၊ ၂၀၁၉ ) Al Jazeera., Oct. 21 2019, “Turkish FM: Operation to resume if Kurdish forces don’t withdraw.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.aljazeera.com/news/2019/10/turkish-fm-operation-resume-kurdish-forces-don-withdraw-191021075409869.html 
https://www.rt.com/news/471378-us-destroy-base-syria/ 
https://www.rt.com/news/470996-us-syria-abandoned-base-hurry/
https://www.rt.com/news/471091-us-bombs-syria-base-retreat/

0

One Reply to “ကာ့ဒ်တပ်များ မဆုတ်ခွာလျှင် စစ်ဆင်ရေးုပြန်လည်စတင်ရန် ၃၅ နာရီသာ ကျန်ရှိဟု တူရကီသတိပေး။ ဆုတ်ခွာသွားသော အမေရိကန်တို့က ၎င်းတို့တို့ ကျန်ရစ် စစ်စခန်းကို ဖောက်ခွဲဖျက်ဆီးပြန်”

Leave a Reply

Your email address will not be published.