နာရန်ဒြာမိုဒီအစိုးရ၏ ကက်ရှ်မီးယားဆိုင်ရာကိုင်တွယ်မှုအပေါ် မဟာသီယာက စွက်ဖက်ဝေဖန်သည်ကို ရှုတ်ချသပိတ်မှောက်သည့်အနေဖြင့် မလေးရှားမှ စားအုန်းဆီဝယ်ယူတင်သွင်းခြင်းအား ရပ်ဆိုင်းကြရန် အိန္ဒိယဆီကုန်သည်များအသင်းက တောင်းဆိုလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ ရေးသားသည်။
အိန္ဒိယ Solvent Extractors’ Association of India (SEAI) အသင်းက ၎င်း၏ အသင်းဝင်များထံ
ညွှန်ကြားချက်မှာ အင်ဒိုနီးရှားပြီးလျှင် ဒုတိယကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သူနှင့်
ပြည်ပတင်ပို့သူ မလေးရှားအပေါ် အိန္ဒိယအမျိုးသားရေးဝါဒီတို့၏ နိုင်ငံတကာစီးပွားရေးအဆင့်တိုင်အောင်
ရပ်တည်ချက်သဘောထားအား ထင်ဟပ်လျှက်ရှိသည်ဆို၏။
၂၀၁၈-ခုနှစ်တွင် အိန္ဒိယသို့ ကုန်ပစ္စည်းတင်သွင်းသော နိုင်ငံများအနက် မလေးရှားသည် တတိယမြောက်
ပမာဏအများဆုံးဖြစ်သည်။ မလေးရှားမှ စားအုန်းဆီနှင့် ဆီအုန်းထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ
အမေရိကန်ဒေါ်လာ ၁.၆၃ ဘီလျှံရှိသည်။ မလေးရှားသည် စားအုန်းဆီတင်ပို့ခြင်းဖြင့် GDP ၏ ၂.၈
ရာခိုင်နှုန်းကို ဖြည့်တင်းနိုင်ပြီး စုစုပေါင်းကုန်သွယ်ရေးအနေဖြင့် ၄.၅ ရာခိုင်နှုန်း
အချိုးအစားရှိသည်။
အိန္ဒိယ SEAI ၏ မလေးရှားအပေါ် ဆုံးဖြတ်ချက်မှာ အင်္ဂါနေ့မှ စတင်၍ ဇန်နဝါရီလ ကုန်လွှဲပြောင်းရေးကန်ထရိုက်အဖြစ်
အကျိုးသက်ရောက်စေမည်ဖြစ်သည်။ မလေးရှားဝန်ကြီးချုပ်၏ အကြောင်းမဲ့သက်သက် ရန်လိုမုန်းတီးစကားပြောဆိုခြင်းအတွက်
ကျွန်ုပ်တို့အစိုးရက သည်းခံနေမည်မဟုတ်ပဲ လိုအပ်သလို တုန့်ပြန်ရန် ချင့်ချိန်လျှက်ရှိကြောင်း
SEAI အသင်းဥက္ကဋ္ဌက ပြောဆိုသည်။
အိန္ဒိယဟင်းရွက်ဆီကုန်သွယ်ရေးကဏ္ဍ၌ ပါဝင်သူများသည် မလေးရှားမှ အချိန်ကာလတစ်ခုတိုင်အောင်
စားအုန်းဆီတင်သွင်းမှုရပ်ဆိုင်းခြင်းဖြင့် ဖော်ပြရန်သင့်လျှော်ကြောင်း၊ နိုင်ငံတော်နှင့်ပတ်သက်လျှင်
တာဝန်ရှိသည့်အတိုင်း ကိုယ်တိုင်ဆင်ခြင်ဆုံးဖြတ်ကြခြင်းဖြစ်၍ မည်သူမည်ဝါ၏ တိုက်တွန်းမှုမျှမပါဝင်ကြောင်း
SEAI ဥက္ကဌက Reuters အား ရှင်းပြသည်။
လွန်ခဲ့သောလက မဟာသီယာသည် ပိုင်ဆိုင်မှုအငြင်းပွားကက်ရှ်မီးယား၏ မွတ်စလင်အများ စုနေထိုင်ရာဒေသကို
အိန္ဒိယက ကျူးကျော်သိမ်းပိုက်ခြင်းဟု ပါကစ္စတန်ဖက်မှ ရပ်တည်ပြောဆိုခဲ့သည်။
မဟာသီယာ၏ ပြောဆိုချက်ကို ပြန်လည်ရုတ်သိမ်းရန် အိန္ဒိယအစိုးရက တောင်းဆိုခဲ့ပြီးဖြစ်သော်လည်း
နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ပတ်သက်၍ ပြောဆိုခဲ့ခြင်းမရှိချေ။ ယခုသတင်းနှင့်ပတ်သက်၍
အိန္ဒိယကုန်သွယ်ရေးဝန် ကြီးက တစ်စုံတစ်ရာ ထင်မြင်ချက်ပေးရန် ငြင်းဆိုသည်။
(( ယခုသတင်းမူရင်းတွင် အိန္ဒိယ၌ စားအုန်းဆီများ အေးခဲလေ့ရှိသည့် နိုဝင်ဘာ-ဒီဇင်ဘာတွင်
ဝယ်ယူတင်သွင်းခြင်း ဆိုင်းငံ့ရန် ပြီးခဲ့သည့်လကတည်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ မလေးရှားမှ
စားအုန်းဆီမဝယ်လျှင် ထိခိုက်နစ်နာသူမှာ အိန္ဒိယသာဖြစ်မည်ဟု မလေးရှားက ပြောဆိုကြောင်း
ပါရှိသည်။
ယခုသတင်းမတိုင်မီ လွန်ခဲ့သောရက်တွင် အိန္ဒိယလူမှု့ကွန်ယက်အသုံးပြုသူများအကြား မလေးရှားသပိတ်
#boycottmalaysia. ဆင်နွှဲလျှက်ရှိကြောင်း အိန္ဒိယသတင်းစာများအား ကျွန်တော် ဘာသာပြန်ဆိုဖော်ပြခဲ့
ပြီးဖြစ်ပါသည်။ အိန္ဒိယသည် မလေးရှားမှ စားအုန်းဆီဝယ်ယူခြင်းကို ရပ်ဆိုင်း၍ အင်ဒိုနီးရှားမှ
ဝယ်ယူမည် ဖြစ်သည်။
အင်ဒိုနီးရှားနှင့် မလေးရှားသည် စားအုန်းဆီအကြီးအကျယ်ထုတ်လုပ်လျှက်ရှိရာ ဂျပန်၊တရုတ်နှင့်
အရှေ့အလယ်ပိုင်းနိုင်ငံများအထိ ဝယ်ယူသည်။ ဆောင်းရာသီ ရေခဲချိန်အပါအဝင် တစ်ပတ်လုံး တင်သွင်းနေခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်များအထိ အင်ဒိုနီးရှား၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ မတည်ငြိမ်သေးသည့်အပြင် ပြည်တွင်းစည်းလုံးမှုမရှိ၊ စီးပွားရေး၌လည်း အာရုံစိုက်လုပ်ကိုင်နိုင်ခြင်းမရှိခဲ့ချေ။ အင်ဒိုနီးရှား၏ စားအုန်းဆီများမှာ အရည်အသွေးညံ့ဖျင်းခဲ့သည်။ အိန္ဒိယ အငယ်စားဆီကုန်သည်များက ထိုစဉ်ကတည်းက အင်ဒိုနီးရှား ဖောက်သည်ဖြစ်နေပါသည်။ ယခုနောက်ပိုင်းနှစ်များတွင် အင်ဒိုနီးရှားစားအုန်းဆီထုတ်လုပ်မှုမှာ ပိုမိုကြီးထွားလာပြီး အရည်အသွေးပိုင်းနှင့် ဈေးကွက်ဝေစု တိုးတက်ရရှိခဲ့ကြောင်း တွေ့ရပါသည်။ ။ သတင်းဘာသာပြန်သူ ))
((( bdnews24., 22 Oct 2019, “Shun Malaysia, India’s palm oil buyers told amid Kashmir standoff.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://bdnews24.com/world/2019/10/22/shun-malaysia-india-s-palm-oil-buyers-told-amid-kashmir-standoff