တရုတ်နိုင်ငံ၏ ၂၄-နာရီအတွင်း ကိုရိုနာဗိုင်းရပ်ဖြင့်သေဆုံးနှုန်း ၁၀၈ – ဦးအထိ မှတ်သားဖွယ် ဆက်လက်မြင့်တက်။ ပြည်နယ် ၂၀ နီးပါးရှိမြို့ကြီးပေါင်း ၈၀ ကျော်အား စောင့်ကြပ်ပိတ်ဆို့ထားခဲ့။ ဝူဟန်အခြေအနေ သတင်းမှတ်တမ်းတင်ပြနေသူ ဥပဒေပညာရှင်-ဂျာနယ်လစ် ပျောက်ဆုံးနေ

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့လျှက်ရှိသော တရုတ်နိုင်ငံတွင် ယနေ့နံနက်ထိ ၂၄-နာရီအတွင်း လူသေဆုံးမှု များမှာ ၁၀၈-မှုအထိ မှတ်သားဖွယ် ဆက်လက်မြင့်တက်လာကြောင်း South China Morning Post က ယနေ့ ရေးသားသည်။ ဗိုင်းရပ်စ်ကြောင့် ဟူဘေးပြည်နယ်တွင် ၁၀၃-ဦး၊ အခြားပြည်နယ် ၅-ခုမှ တစ်ဦးစီ အသက်ဆုံး ရှုံးကြရပြီး ကမ္ဘာတစ်ဝှမ်း ယခုထိသေဆုံးသူ ၁,၀၁၈-ဦး၊ ကုသပျောက်ကင်းသူ ၄,၀၃၇-ဦး ရှိသည်။

ရောဂါကူးစက်ကြောင်း အတည်ပြုနိုင်သူစုစုပေါင်းမှာ ယမန်နေ့ ၄၂,၆၃၈-ဦးထက် ၂,၄၇၈ – ဦး တိုးလာသည်ကို တွေ့ရှိရသည်။ ရောဂါကူးစက်ပျံံနှံံစကတည်းက တရုတ်နိုင်ငံ ပြည်နယ်ပေါင်း ၂၀ နီးပါးရှိ မြို့ကြီးပေါင်း ၈၀-ကျော် ကို အာဏာပိုင်များက တားဆီးပိတ်ဆို့ထားခဲ့သည်။

ယမန်နေ့ အိမ်ဖြူတော်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ သမ္မတဒေါ်နယ်ထရမ့်က ဖြေကြားးရာတွင် လွန်ခဲ့သည့် ၂-ရက် က တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ကြာမြင့်စွာ စကားပြောခဲ့ကြကြောင်း၊ လာမည့် ဧပြီလပိုမိုပူနွေးသော ရာသီဥတုတွင် ရောဂါကူးစက်မှု ပျောက်ကွယ်သွားလိမ့်မည်ဟု မှတ်ယူကြောင်း၊ အပူသည် ယခုဖြစ်ပွားနေသော ဗိုင်းရပ်စ်မျိုးကို သုတ်သင်နိုင်ကြောင်း၊ ဧပြီလမတိုင်မီ ကြားကာလတွင် ရောဂါပိုးအကြီးအကျယ် ပြန့်နှံ့လျှက်ရှိသည်ကို တားဆီးရန် ရှီကျင့်ဖျင်အေနေနှင့် အကောင်းဆုံး အားထုတ်နိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ဆက်လက်ပြောဆိုသည်။

ထိုစဉ်အတောအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံံ့မှုအခြေအနေများကို မှတ်တမ်းပြုသတင်းတင်ပြနေသူ ဥပ ဒေပညာရှင်-ဂျာနယ်လစ် Chen Qiushi ချန်ကျို့ရှီမှာ ပျောက်ဆုံးလျှက်ရှိကြောင်း SCMP ကဆက်လက်ရေးသား သည်။

ပေကျင်းတွင် နေထိုင်သူ အသက် ၃၄-နှစ်အရွယ်ရှိ ချန်သည် ရောဂါကူးစက်ပျံ့ပွားလျှက်ရှိသော ဝူဟန်မြို့သို့ တားဆီးပိတ်ဆို့ခြင်းများမတိုင်မီ နောက်ဆုံးရထားဖြင့် ရောက်ရှိခဲ့သူဖြစ်သည်။ ချန်သည် လွန်ခဲ့သည့်နှစ်တွင် ဟောင်ကောင်တွင်နေထိုင်၍ ဒီမိုကရေစီလိုလားသော ပို့စ်များ ဗွီဒီယိုဖိုင်များကို လူမှု့ကွန်ယက်တွင် လွှင့်တင်ခဲ့သဖြင့် တရုတ်အစိုးရက ပြည်မကြီးသို့ ပြန်ခေါ်ထားရသူဖြစ်သည်။ ဝူဟန်၏ နေ့စဉ်ဘဝနှင့် ရောဂါကူးစက်လျှက်ရှိသူ လူနာများ၊ သူနာပြုများ၏ ဖြစ်ရပ်များကို ဗွီဒီယိုရိုက်ကူး၍ လွှင့်တင်ခဲ့သည်။

နေ့စဉ်သေဆုံးအရေအတွက်မှာ တရုတ်အစိုးရသတင်းထုတ်ပြန်သည်ထက် အဆများစွာပိုမိုလျှက်ရှိကြောင်း၊ သီးသန့်ခွဲထားသည်ဆိုသော ယာယီအိမ်ရာများ၊ ဆေးရုံဆိုသည်တို့မှာ အပြင်မှ သံဂဟေဆော်ထားသော အဆောက်အအုံများဖြစ်ကြောင်း၊ နှာခေါင်းစည်း၊ ဝန်ထမ်းအင်အား၊ အကာအကွယ်ဝတ်စုံနှင့် စမ်းသပ်အထောက်အကူကိရိယာများ မလုံလောက်ပုံ၊ ရောဂါအတိအကျရှာဖွေရန် အားနည်းပုံ၊ လွန်ခဲ့သော ရက်သတ္တပတ်တွင် တရုတ်ရဲတပ်ဖွဲ့က ၎င်း၏ မိဘများအား ခေါ်ယူ၍ ၎င်းမည်သည့်နေရာ၌ ရှိသည်ဆိုခြင်းကို မေးမြန်းခဲ့ပြီး တစ်ပတ်အတွင်း အရောက်ပြန်လာရန် ခေါ်ယူပေးရမည်ဟု ပြောဆိုခဲ့ကြောင်း၊ ၎င်းအနေဖြင့် ကွန်မြူနစ်အုပ်ချုပ်သူတို့ကို မကြောက်ပဲ တရုတ်ပြည်သူတို့၏ ဘဝမှန်ကို အသက်ရှင်နေသရွေ့တင်ပြသွားမည်သာဖြစ်ကြောင်း ပါရှိသည်။

Twitter , YouTube တို့မှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်သတင်းများ လွှင့်တင်လျှက်ရှိသူ ချန်သည် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၇-ရက်နေ့မှစတင်၍ အဆက်အသွယ်မရတော့ပဲ ပျောက်ဆုံးလျှက်ရှိကြောင်း ၎င်း၏ မိတ်ဆွေများက ပြောကြားသည်ဟု SCMP နှင့် နိုင်ငံတကာမီဒီယာတို့က ယမန်နေ့ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ-မရှိ စမ်းသပ်ခံယူရန် အလုအယက်ဖြစ်နေကြသော လူနာများသည် ဆီလျော်သော ရောဂါရှာဖွေရေး ကိရိယာပစ္စည်းများ မလုံလောက်သည့် အကန့်အသတ်တို့နှင့် ရင်ဆိုင်နေရကြောင်း၊ ဗိုင်းရပ်စ်ကူး စက်ခံရသည့်လက္ခဏာဖြစ်သော ချောင်းဆိုး၊ အပြင်းဖျား၊ အသက်ရှူရခက်နေသော လူနာများသည် ရောဂါရှာဖွေရေးကိရိယာမလုံလောက်မှုကြောင့် ရက်သတ္တ တစ်ပါတ်ပြီး တစ်ပတ် ပြန်လည်ချိန်းဆိုခြင်း ခံရကြောင်း၊ ပထမအကြိမ်ကနဦးစစ်ဆေးရာ၌ ရောဂါကူးစက်ခံရခြင်းမရှိဟုဆိုသော လူနာသည်၊ များစွာအားအင်ဆုတ်ယုတ်၍ ဒုတိယပတ်တွင် ဗိုင်းရပ်စ်ကူးစက်သည်ဟု အဖြေထွက်လာပြီး ထိုမှတစ်ဆင့် ဆေးရုံကုတင်ပေါ် ရောက်ရှိရကြောင်း ချန်၏ ရုပ်သံသတင်းများအရ သိရှိရသည်။

SMPC ၏ အခြားသတင်းတစ်ပုဒ်တွင်မူ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွား၍ လူသေဆုံးနှန်း မြင့်မားလျှက်ရှိစဉ် ပြည်နယ်ကျန်းမာရေးဌာန ထိပ်တန်းအရာရှိ ၂-ဦးမှာ ရာထူးမှ ဖယ်ရှားခြင်းခံရကြောင်း၊ ၎င်းတို့၏ နေရာတွင် သမ္မတ ရှီကျင့်ဖျင်၏ မဟာမိတ်တို့နှင့် အစားထိုးသည်ကို တွေ့ရှိရကြောင်း သတင်း၌ ဖော်ပြသည်။

((( South China Morning Post., 11 Feb, 2020, “Coronavirus death toll reaches 1,018 as China reports 2,478 new cases.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန် ဆိုသည်။ ဆက်စပ်အကြောင်းအရာများအတွက် ကိုးကားမူရင်းမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

#ကိုရိုနာဗိုင်းရပ်သေဆုံးဦးရေ ဆက်လက်တိုးမြင့်နေ

https://www.scmp.com/news/china/society/article/3049931/coronavirus-hubei-province-reports-2097-new-cases-and-103-new

https://www.scmp.com/news/china/politics/article/3049937/coronavirus-hubei-province-health-officials-removed-over

0

Leave a Reply

Your email address will not be published.