5G ဆန့်ကျင်ရေးရောဂါ နယ်သာလန်သို့ ကူးစက်။ ကိုရိုနာဗိုင်းရပ်စ်ပိုးများကို လွှင့်ထုတ်ကြောင်း တီးတိုးစကားပျံ့လွင့်၍ အင်္ဂလန်နှင့် နယ်သာလန်တွင် 5G တာဝါတိုင်များ ဖျက်ဆီး-မီးရှို့ခံနေရ

လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ဗြိတိန်နိုင်ငံတွင် မြင်တွေ့ခဲ့ရသည့်နည်းတူ 5G တာဝါတိုင်များ ဖျက်ဆီးခံရမှုမှာ နယ်သာလန်နိုင်ငံတစ်ဝှမ်းလုံးသို့ ကူးစက်လာခဲ့ရာ စိုးရိမ်ဖွယ်ကောင်းလောက်အောင် များပြားလာကြောင်း အာဏာပိုင်များက ပြောဆိုသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

နယ်သာလန်နိုင်ငံတွင် 5G တာဝါတိုင်ဖျက်ဆီးခံရမှုမှာ လွန်ခဲ့သော ရက်သတ္တနှစ်ပတ်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး နောက်ဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရမှုမှာ သောကြာနေ့ မြောက်ပိုင်းဂရိုနင်ဂင်၌ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရသတင်းစာ De Telegraaf သတင်းစာက ဖော်ပြသည်။ နယ်သာလန်နိုင်ငံအတွင်း 5G နည်းပညာ ဆယ်လူလာအသံလွှင့်တာဝါတိုင်များကို Monet ဖောင်ဒေးရှင်းစက်မှုလုပ်ငန်းစု၏ ဒါရိုက်တာ ရော့ဗ်ဗွန်ဂီလာက ဦးဆောင်တပ်ဆင်နေခြင်းဖြစ်သည်။

မီးလောင်ကျွမ်းထားသော တာဝါတိုင်တစ်ခု၏အနီးတွင် “F— k 5G” ဟု မှုတ်ဆေးဖြင့် စာလုံးကြီးဖြင့် ပီသစွာ ရေးသားထားသည်ကို တွေ့ရရှိသည်။ တာဝါတိုင်များဖျက်ဆီးမှုနောက်ကွယ်တွင် 5G နည်းပညာကို ဆန့်ကျင်သော အစွန်းရောက်တယူသန်များရှိနေကြောင်း ဗွန်ဂီလာက ယုံကြည်သည်။

ထူးကဲလျှင်မြန်သောနည်းပညာသုံး ဆယ်လူလာဆက်သွယ်ရေးမှာ ဆေးရုံများနှင့် နေအိမ်သူနာပြုအကူအညီများအတွက် အလွန်လိုအပ်သည်။ ရေဒီယိုတာဝါတိုင်များကို တမင်ရည်ရွယ်လျှက် မီးလောင်စေလိုသူများရှိနေသည်။ ဒတ်ချ်မိုဘိုင်းလ်ဝန်ဆောင်မှုပေးသူများအနေဖြင့် လုပ်ငန်းအားဆက်လက်ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားနေဆဲဖြစ်ပြီး ကွန်ရက်များတည်ဆောက်ရန် အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်နေရသည်ဆို၏။

5G ဆိုသည်မှာ တယ်လီဖုန်းဆက်သွယ်ရေးနည်းပညာ၏ မျိုးဆက်သစ် ကွန်ရက်နည်းပညာသစ်တစ်ခုဖြစ်သည်။ ၎င်းမတိုင်မီ 2G (GSM), 3G (UMTS) နဲ့ 4G (LTE/WiMax) တို့ကို အသုံးပြုခဲ့ကြပြီး 5G မှာ ယခုနောက်ဆုံးမျိုးဆက်ဖြစ်လေသည်။ မြင့်မားသော ချက်အလက် data သယ်ယူပို့ဆောင်နိုင်မှု၊ ပိုမိုမြန်ဆန်သော အမြန်နှုန်း၊ ပါဝါသုံးစွဲမှုနှုန်း နည်းပါးခြင်း၊ ကုန်ကျစရိတ်လျှော့ချနိုင်ခြင်းအပြင် စမတ်ဖုန်းသာမက အရည်အသွေး မြင့်မားသည့် ဖွဲ့စည်းမှုစနစ်ဖြင့် ထုတ်ကုန်များစွာတို့တွင် ချိတ်ဆက်အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။

နောက်ဆုံး သုတေသန ပြုလုပ်ချက်များအရ အရ 5G ကွန်ရက် နည်းပညာမှာ လက်ရှိအသုံးပြုနေသော 4G စံနစ်ထက် အဆ ၁၀၀ ပိုမိုလျှင်မြန်သောနှုန်းဖြင့် လွှင့်တင်-ဖမ်းယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အချို့သောဥရောပနိုင်ငံများနည်းတူ ဒတ်ချ်လှုပ်ရှားသူများက 5G အင်တာနာ၏ ဓါတ်ရောင်ခြည်ထုတ်လွှတ်ပေးနိုင်သည့် ပမာဏမှာ ကုသရန်ခက်ခဲသော ရောဂါများကိုဖြစ်ပေါ်စေသည်ဟု ယူဆကြသည်။

အိမ်နီးချင်း ဗြိတိန်နိုင်ငံတွင်မူ 5G ဖြန့်ကျက်မှုနှင့် Covid-19 ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါပိုး ပြန့်နှံ့မှုတို့အကြား ဆက်နွယ်မှုရှိသည်ဟု ထူးဆန်းသော သီအိုရီများ အခိုင်အမာထွက်ပေါ်လျှက်ရှိသည်။ တီးတိုးစကားနှင့် ကောလဟလများလည်း ပျံလွင့်လျှက်ရှိသည်။ လွန်ခဲ့သည့် မတ်လနှောင်းပိုင်းမှ စတင်ကာ ဗြိတိန်နိုင်ငံ တစ်ဝှမ်းလုံးတွင် တယ်လီကွန်းတိုင်များ မီးတင်ရှို့ခြင်း ခံခဲ့ရသည်။

ဗြိတိန်နိုင်ငံတစ်ဝှမ်းတွင် မတ်လအတွင်းကြိုး မဲ့တာဝါတိုင်များနှင့် အခြားဆက်သွယ်ရေးကိရိယာများကို လက်သရမ်းဖျက်ဆီးမှုနှင့် မီးရှို့ခံရမှု ၃၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ နိုင်ငံအတွင်း အခြားအဖြစ်အပျက် ၈၀ ခန့်တွင် ဆက်သွယ်ရေးပညာရှင်များ၏ အလုပ်ကိုနှောင့်ယှက်ခြင်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့အစီရင်ခံစာများနှင့် တယ်လီကွန်းကုန်သွယ်ရေးအဖွဲ့တို့က ပြောကြားသည်ဟု New York Times ( ဧပြီ-၁၀၊ ၂၀၂၀ ) က ရေးသားသည်။

(( ကူးစက်ရောဂါတို့သည် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေဆိုးစွန့်ပစ်မှုစံနစ်ညံ့ဖျင်းခြင်းတို့နှင့်ဆက်နွယ်လျှက်ရှိသည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်က လွန်ခဲ့သည့် ဇန်နဝါရီတွင် ပြောဆိုခဲ့ဖူးသည်။

ကပ်ဆိုးကြီးများဟူသည် တစ်ခုတည်း မလာတတ်ပါ။ (၁) ရောဂန္တရကပ်=ရောဂါဆိုးဖြင့် အထူးနှိပ်စက်သော ကပ်။(၂)သတ္တန္တရကပ်=ဓားလှံ သေနတ်စသော လက်နက်တို့ဖြင့် သတ်သော ကပ်။ (၃) ဒုဗ္ဘိက္ခန္တရကပ်”= အစားအစာ ငတ်မွတ်ခေါင်းပါးသော ကပ် တို့သည် တစ်ခုပြီးလျှင် တစ်ခုလာတတ်သည်။ လူတို့၏ အကြောက်တရားကို မောဟတို့ဖုံးလွှမ်းသောအခါ ပကတိဆင်ခြင်တုံတရား ပျောက်ကွယ်သွားတတ်ပါသည်။

လူ့သမိုင်း၌ကူးစက်ရောဂါကပ်ဆိုးများ ကျရောက်စဉ် ပြုစားခံရသည်ဟုဆိုကာ မွေးရာပါ ရုပ်ဆင်းချို့တဲ့သူများအား လူ-လူချင်း အရှင်လတ်လတ် မီးတင်ရှို့ သတ်ဖြတ်ခဲ့ကြဖူးသည်။ အကြောက်တရားဖုံးလွှမ်းကာ သွေးထွက်သံယို အဓိကရုန်းများ ဖြစ်ပွားခဲ့ဖူးသည်။

5G နည်းပညာတွင် ကုသရန်ခက်ခဲသည့် ရောဂါဖြစ်စေသော ဓါတ်ရောင်ခြည်ထုတ်လွှင့်မှု လွန်ကဲသည်ဆိုခြင်းမှာ မှန်ကောင်း မှန်ကန်နိုင်ပါသည်။ ဗိုင်းရပ်စ်ဖြစ်သော SARS-CoV-2 နှင့် ဆက်နွယ်သည်ဆိုခြင်းမှာနိုင်ငံရေး ပယောဂ ဖြစ်ပါလိမ့်မည်။ ထိုတီးတိုးစကားမျိူးကို ယုံကြည်သူတို့မှာ စာတတ်မြောက်မှုနှုန်း မြင့်မားပြီး၊ ချမ်းသာဖွံ့ဖြိုးသော နိုင်ငံများမှ နိုင်ငံကြီးသားများဖြစ်နေသည်ကိုမူ သတိပြုမိပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 11 Apr, 2020 ,” Anti-5G fever spreads to the Netherlands as towers suffer ‘arson and sabotage’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆို သည်။ အကြောင်းအရာတူဆက်စပ်ဖော်ပြချက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

#ကိုရိုနာဗိုင်းရပ်စ်5Gတာဝါတိုင်များဖျက်ဆီးမီးတင်ရှို့ခံရ

https://www.rt.com/news/485561-russia-coronavirus-daily-record/

https://www.rt.com/news/485053-sweden-minister-russia-5g/

https://www.theguardian.com/world/2020/apr/12/facebook-acts-to-halt-far-right-groups-linking-covid-19-to-5g

0

Leave a Reply

Your email address will not be published.