မွတ်စလင်လူနာတို့အား ၎င်းတို့၏ ယုံကြည်ချက်အရ သီးသန့်ထားရသည်ကို အိန္ဒိယအစိုးရ၏ မွတ်စလင်တို့အပေါ် သိက္ခာချခြင်းအဖြစ် အမေရိကန်အစိုးရ၏ ဘာသာရေးလွတ်လပ်ခွင့်ကဏ္ဍ၌ ထည့်သွင်းဖော်ပြသည်ကို နာရင်ဒြာမိုဒ အစိုးရက ပြင်းထန်စွာတုန့်ပြန်လိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။
အမေရိကန်အစိုးရလက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF ) ၏ အစီရင်ခံစာမှာ အိန္ဒိယနိုင်ငံအတွင်း Covid-19 ပျံ့နှံ့မှုကို ကိုင်တွယ်ရာ၌ လိုက်နာကျင့်သုံးသော ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ လွဲမှားစွာ အဓိပ္ပါယ်ကောက်ယူထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အန်နူရတ်ရှရီဗတ်တြရက ချေပခဲ့သည်။
USCIRF ၏ စောစောပိုင်းက အစီရင်ခံစာမှာ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် ဟိန္ဒူနှင့် မူဆလင်များအား သီးခြားခွဲလျှက် ထိန်းသိမ်းထားကြောင်း အိန္ဒိယမီဒီယာများ၏ ရေးသားချက်ကို ကိုးကား၍ အိန္ဒိယအစိုးရအနေဖြင့်“ မွတ်စလင်များအား အသရေဖျက်လျှက်ရှိကြောင်း” ဟု ထည့်သွင်း စွပ်စွဲထားသည်ဆို၏။
ယုံကြည်ခြင်းအပေါ် အခြေခံ၍ သီးသန့်ခွဲခြားခြင်းနှင့် ပတ်သက်သည့် USCIRF ၏ အစီရင်ခံစာသည် မှားယွင်းနေကြောင်း၊ ဂူဂျာရတ် အစိုးရမှရှင်းလင်းထားသည့်အတိုင်း မြို့ပြဆေးရုံများတွင် ဘာသာရေးအရ ခွဲခြားခြင်း မရှိကြောင်း ရှရီဗတ်တြရက ပြောဆိုပြီး ကူးစက်ကပ်ရောဂါကာကွယ်တိုက်ဖျက်ရန် အိန္ဒိယအစိုးရ၏ ကြိုးပမ်းနေခြင်းကို အမေရိကန်က ဘာသာရေးအရောင်ဆိုးနေခြင်းမှ ရပ်တန့်ရန် တိုက်တွန်းလိုက်သည်။
အိန္ဒိယအစိုးရသည် နိုင်ငံအဝှမ်း ကူးစက်ရောဂါပျံ့နှံ့နေသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုက်နာရမည့် Covid-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းများကို မေလ ၃- ရက်နေ့အထိ အသစ်ပြင်ဆင်တိုးမြှင့်လိုက်ကြောင်း Russia Today ( ဧပြီ-၁၄၊ ၂၀၂၀ ) ၏ သတင်းတစ်ပုဒ်တွင်တွေ့ရှိရသည်။
ဗုဒ္ဓဟူးနေ့ အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်အရ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံနှင့် အားကစားရုံများ ပိတ်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံသားအားလုံးသည် အများပြည်သူနေရာနှင့် အလုပ်ခွင်များတွင် မျက်နှာဖုံး သို့မဟုတ် အခြား မျက်နှာအဖုံးအကာများကို မဖြစ်မနေဝတ်ဆင်ရမည်ဟု ပါရှိကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြသည်။
တစ်နိုင်ငံလုံး၌ ရောဂါခြေချုပ်ချထားခြင်းမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး တံတွေးဖြင့် ထွေးခြင်းမှာ ဒါဏ်ငွေချမှတ်နိုင်သည့် ကျူးလွန်မှုအဖြစ် ရဲတပ်ဖွဲ့ဝင်များက ကြပ်မတ်ထိန်းသိမ်းသွားမည်ဟု အိန္ဒိယအစိုးရ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။
Covid-19 ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိသော အိန္ဒိယနိုင်ငံတွင် ယနေ့နံနက်ပိုင်းအထိ ကိုရိုနာ ဗိုင်းရပ်စ် ပိုးကူးစက်ခံရသူ ၁-သောင်း ၂-ထောင်ကျော် ရှိနေပြီး ၄၂၃-ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
((( Russia Today., 16 Apr, 2020, “‘Stop adding religious color to our fight against Covid-19’: India slams US panel for accusing it of segregating Muslim patients.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#ကိုရိုနာဗိုင်းရပ်စ်အိန္ဒိယအမေရိကန်
https://www.rt.com/news/485946-india-us-religious-freedom/
https://www.rt.com/news/485836-india-covid19-new-guidelines/
https://www.rt.com/news/485792-india-lockdown-covid19-testing/