Covid-19 ရောဂါကိုဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ဓါတ်ခွဲခန်းမှ လွတ်ထွက်လာသည်ဆိုခြင်းကို အမေရိကန်ထောက်လှမ်းရေးက ပယ်ချ။ သဘာဝအလျောက်ဖြစ်လာဟု အမေရိကန် ဗိုလ်ချုပ်ကြီး ထင်မြင်သော်လည်း အတိအကျမသိဟု ပြော

Covid-19 ရောဂါကိုဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်သည် သဘာဝအလျောက်ဖြစ်ပွားခဲ့ခြင်းသာဖြစ်ပြီး တရုတ်ဓာတ်ခွဲခန်းတစ်ခုမှ ဖန်တီးခဲ့ခြင်းဖြစ်သည်ဆိုခြင်းကို အမေရိကန်ထောက်လှမ်းရေးက ပယ်ချထားသည်။ အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးကမူ ထိုသို့ဖြစ်နိုင်သော်လည်း ၎င်းအနေဖြင့် သေချာမပြောနိုင်ကြောင်း အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု bdnews24 က ယနေ့ရေးသားသည်။

ကိုရိုနာဗိုင်းရပ်စ်၏ မူလအစနှင့် ပတ်သက်၍ အခြေအမြစ်မရှိသော ကောလဟလနှင့် တီးတိုးစကားများသည် ကူးစက်ကပ်ရောဂါအား ကာကွယ်တိုက်ဖျက်ရာတွင် မည်သို့မျှ အကျိုးမရှိကြောင်း တရုတ်နိုင်ငံက တစ်ခါတစ်ရံ ငြင်းဆိုလျှက်ရှိသည်။ အမေရိကန် ကာကွယ်ရေးပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌဖြစ်သူ ကြည်းတပ်ဗိုလ်ချုပ်ကြီး မတ်ခ်မီလေးက ယခုကဲ့သို့ ထင်မြင်ချက်ပေးခြင်းဖြစ်သည်ဆို၏။

ဗိုလ်ချုပ်ကြီး မတ်မီလေးသည် ပင်တာဂွန်သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သူမဟုတ်ချေ။ ဗိုင်းရပ်စ်ပိုးသည် တရုတ်ဓာတ်ခွဲခန်းတွင် စတင်ဖန်တီးခဲ့ပြီး မတော်တဆလွှတ်ခြင်းဖြစ်ကြောင်း သက်သေအထောက်အထား ရှိ-မရှိ သတင်းထောက်များ၏ မေးခွန်းကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်ဆို၏။ ဘလော့ဂါများ၊ ကောလဟလ များ၊ လိုရာဆွဲပုံကြီးချဲ့သော မီဒီယာများက ထိုအကြောင်း စိတ်ဝင်စားစွာ ပြောဆိုလျှက်ရှိကြောင်း၊ ထိုအတွက် ( အမေရိကန်က ) ထောက်လှမ်းမှု အမြောက်အများပြုလုပ်ခဲ့သည်ဆိုခြင်းကို မိမိအနေဖြင့် မအံ့သြမိကြောင်း၊ အဆိုပါဗိုင်းရပ်စ်ပိုးမှာ သဘာဝအလျှောက်ဖြစ်လာသည်ဆိုသော်လည်း အပြီးသတ်ပြောဆိုသည်ဟု မထင် ကြောင်း (မိမိအနေဖြင့်) တပ်အပ်သေချာ မသိရှိကြောင်း ဗိုလ်ချုပ်ကြီးမီလေးက ဖြေကြားသည်။

အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌဖြစ်သူ၏ ယခုမှတ်ချက်စကားသည် အမေရိကန်နှင့် တရုတ်တို့အကြား တင်းမာမှုပြင်းထန်နေခြင်းကို လျှော့ပါးစေမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကို အမေရိကန် ကြည်းတပ်က ဝူဟန်မြို့သို့ ယူဆောင်လာခြင်းဖြစ်ကြေင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်း က လွန်ခဲ့သည့်လ ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။ အဆိုပါစွပ်စွဲချက်ကို အမေရိကန်အစိုးရက ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်က ကိုရိုနာဗိုင်းရပ်စ်ကို “တရုတ်တွေ ဗိုင်းရပ်စ် “ဟု စကားပြောဆိုရာ၌ ဒေါသတကြီး ထည့်သွင်းဖော်ပြခဲ့သည်။ ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီး ဌာနအနေနှင့်မူ ဝေဖန်မှုများအား လစ်လျှု့ရှုကာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါစတင်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက နိုင်ငံတကာသို့ အသိမပေးခဲ့ကြောင်းကို ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံအစိုးရက ကျောထောက် နောက်ခံပေးထားသော ဝူဟန်ဗိုင်းရပ်စ်ဗေဒဆိုင်ရာ အင်စတီကျု့ဒ်က Covid-19 ဗိုင်းရပ်စ်ကို ၎င်းတို့၏ ဓာတ်ခွဲ ခန်းတစ်ခုတွင် ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်နိုင်သည် သို့မဟုတ် ၎င်းတို့ ကောလိပ်မှ ထိုဗိုင်းရပ်စ် လွတ်ထွက်သွား ခြင်းဖြစ်နိုင်သည် ဟူသော ကောလာဟလများကို ဖေဖော်ဝါရီလအထိ ဆန့်ကျင်ပယ်ချခဲ့သည်။ ယခု ကိုရိုနာ ဗိုင်းရပ်စ်ကို ပထမဆုံးတရုတ်နိုင်ငံ ဝူဟန်မြို့တွင် တွေ့ရှိခဲ့သည်။ လင်းနို့များတွင် အစပြုသည့် အဆိုပါဗိုင်းရပ်စ်ကို SARS-CoV-2 ဟု သိပ္ပံပညာရှင်များ ဘုတ်အဖွဲ့က အများသဘောတူ အမည်ပေးခဲ့သည်။

အင်္ဂါနေ့တွင် ထုတ်ဝေသောဝါရှင်တန်ပို့စ် သတင်းစာကမူ ဝူဟန်ဗိုင်းရပ်စ်ဗေဒဆိုင်ရာအင်စတီကျု့ဒ် WIV ၏ ဓာတ်ခွဲခန်းမှာ လုံခြုံမှုနှင့်စီမံခန့်ခွဲမှုအားနည်းချက်များပြားကြောင်း ၂၀၁၈-ခုနှစ်တည်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအနေဖြင့် သံတမန်များမှတဆင့် သတိပေးခဲ့ကြောင်း ရေးသားသည်။ ဗိုင်းရပ်စ်ပိုးမှာ တိရိစ္ဆာန်များမှ လာခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များအနေဖြင့် အများအားဖြင့် သဘောတူကြကြောင်း သို့သော် ယခုတွေ့ရှိရသော SARS-CoV-2 ဗိုင်းရပ်စ်မှာ လင်းနို့တွင်တွေ့ရသော ကိုရိုနာဗိုင်းရပ်စ်ကို နှစ်ပေါင်းများစွာစမ်းသပ်ခဲ့သော WIV ၏ ဓာတ်ခွဲခန်းမှ ဖန်တီးခဲ့ခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်ဟု ဝါရှင်တန်ပို့စ်က ဖော်ပြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မတ်ခ်ပွန်ပေယိုကမူ ဝါရှင်တန်ပို့စ်သတင်းစာ၏ အင်္ဂါနေ့တွင် ပြုလုပ်သည့် အင်တာဗျူး၌ ထိုအချက်ကို တိုက်ရိုက်ဖြေကြားရန်ငြင်းဆန်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းလုံး ကူးစက်ပျံနှံ့လျှက်ရှိသည့် ရောဂါမှာ ဝူဟန်မြို့မှ စတင်ဖြစ်ပွားကြောင်း၊ အဆိုပါမြို့တွင် အသားစိမ်းဈေးတည်ရှိသည်ကို မိမိတို့သိရှိကြောင်း၊ ထို့ကြောင့် အချက်အလက်များကို အတူတကွ စုစည်းကြရန် စတင်လုပ်ဆောင်လျှက်ရှိကြောင်း ဖြေကြားသည်။

ဖေဖော်ဝါရီ်လတွင် ထုတ်ဝေသည့် နာမည်ကျော် Lancet ဆေးသိပ္ပံဂျာနယ်တွင် ၂၇-ဦးပါဝင်သော သိပ္ပံပညာရှင် အဖွဲ့က ကောလဟလနှင့် တီးတိုးစကား သီအိုရီများကို ရှတ်ချထားသည်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် ကျွန်ုပ်တို့ကမ္ဘာကြီးတစ်ခုလုံး ပူးပေါင်းဆောင်ရွက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကောလဟလနှင့် အဖျက် သဘော၏ဆောင်သည့် ကြိုတင်မှန်းဆချက်များသည် အန္တရာယ်ပြွန်းတီးသည့် ကြောက်ရွံ့စိတ်မှလွဲ၍ ဘာတစ်ခုမျှ ဖြစ်ပေါ်မလာစေကြောင်း ဝေဖန်ရေးသားသည်။

ကမ္ဘာတစ်ဝှမ်းလုံးမှ သိပ္ပံပညာရှင်များကလည်း SARS-CoV-2 ကိုရိုနာဗိုင်းရပ်မှာ တောရိုင်းတိရစ္ဆာန်များမှ အစပြုသည်ဟု တစ်ထစ်ချ သတ်မှတ်ထားသည်။

 (( SARS-CoV-2 သည် ဇီဝလက်နက်မဟုတ်ကြောင်း၊ WIV မှ လွတ်ထွက်လာသည်ဆိုခြင်းမှာလည်း အထောက်အထားမရှိကြောင်း၊ အမေရိကန်စစ်ဖက်က ဝူဟန်အမေရိကန်ကောင်စစ်ဝန်ရုံးမြေတိုက်ခန်းတွင် ဗိုင်းရပ်စ်စွန်းထင်းလျှက်ရှိသည့် သေတ္တာကြီးများ မြှုပ်နှံထားသည်ဆိုခြင်းမှာ သတင်းတုဖြစ်ကြောင်း ကျွန်တော် ဘာသာပြန်တင်ပြခဲ့ပြီးပါပြီ။

SARS-CoV-2 သည် ဓါတ်ခွဲခန်းတွင် ဖန်တီးသည့် ဗိုင်းရပ်စ်မဟုတ်ကြောင်း သိပ္ပံပညာရှင်များက အခိုင်အမာ သတ်မှတ်ရသည့် အကြောင်းရင်းများကိုလည်း အသေးစိတ် ပြန်လည်ဖော်ပြခဲ့ ပါသည်။ အဆိုပါရေးသား-ပြောဆိုစွပ်စွဲချက်များသည် သက်ဆိုင်ရာအစိုးရ၊ ကမ္ဘာသိထင်ရှားသော သိပ္ပံပညာရှင် တစ်ဦး-တစ်ဖွဲ့၏ အာဘော်မဟုတ်ပဲ သတင်းမီဒီယာသမား တစ်ယောက်- တစ်ဖွဲ့၏ တစ်စစီ လိုက်လံကောက်ကူ ဆက်စပ် ထားခြင်းသာဖြစ်ကြောင်း တွေ့ရပါသည်။

ဤတွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း SARS-CoV-2 မှာ HIV ဗိုင်းရပ်စ်နှင့် Corona ဗိုင်းရပ်စ်ကို ပေါင်းစပ်၍ တရုတ်တို့ ဖန်တီးထားခြင်းဖြစ်ကြောင်း ပြည်ပမီဒီယာသမားတစ်ဦး၏ Documentary ဆန်ဆန် ရုပ်သံတစ်ခုကို ကြည့်လိုက်ရသည်။ ကျွန်တော့်အနေဖြင့်မူ ခြသေ့ၤအထီးနှင့် လူမိန်းမတို့ ပေါင်းဖော်မှီဝဲ၍ “သီဟဗာဟု” လေး မွေးသည်ဟု ဒဏ္ဍာရီကို ကြားလိုက်ရသလိုသာရှိသည်။ အဏုဇီဝအခြေခံစည်းမျဉ်းများအရ မည်သို့မျှမဖြစ်နိုင်ကြောင်းပါခင်ဗျား ။ ။ သတင်းဘာသာပြန်သူ ))  

((( Bdnews24., 15 Apr 2020,” US military says coronavirus likely occurred naturally but not certain.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

 #ကိုရိုနာဗိုင်းရပ်စ်ပိုးမှာဓါတ်ခွဲခန်းတွင်ဖန်တီးသည်ဆိုခြင်းကိုပင်တာဂွန်ငြင်းဆို

https://bdnews24.com/world/2020/04/15/us-military-says-coronavirus-likely-occurred-naturally-but-not-certain

0

Leave a Reply

Your email address will not be published.