Covid-19 ရောဂါကုသပြီး နလံထူလာသည့် လူနာအချို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန်လည်စွဲကပ်လျှက်ရှိကြောင်းတွေ့ရှိ။ မနှိမ်နင်းနိုင်သည့် ရောဂါပိုးလား မှားယွင်းအဖြေထွက်သလား။

 Covid-19 ရောဂါကုသပြီး နလံထူလာသည့် လူနာအချို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန်လည်စွဲကပ်လျှက်ရှိကြောင်း တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တွင် တွေ့ရှိရသည်။ ဤတွင် ဆေးစစ်ချက်ရလဒ်များအရ ရောဂါတိုက်ဖျက်နှိမ်နင်းရာ၌ ကျယ်ပြန့်စွာလက်ခံထားပြီး ( ကုထုံး ) နည်းလမ်းများ အလဟဿဖြစ်ရမည့်အပြင် ကုဆေးဝါးများပါ အချီးနှီးဖြစ်ရမည့်ကိန်း ကြုံလျှက်ရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

တောင်ကိုရီးယားနိုင်ငံ ဒေဂူးမြို့တွင် Covid-19 ရောဂါကုသပြီး နလံထူလာသည့် လူနာအယောက် ၅၀-ခန့်၌ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန်လည်စွဲကပ်လျှက်ရှိကြောင်း တွေ့ရှိရသည်ဆို၏။ ထိုအဖြစ်အပျက်မှာ လူနာဟောင်းများမှာ တစ်နည်းနည်းဖြင့် ရောဂါပိုးနှင့် ပြန်လည်ထိတွေ့ခြင်းရှိ-မရှိ သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တစ်ကျော့ပြန်လာခြင်း ဟုတ်-မဟုတ်ကို တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို ( KCDC ) က စူးစမ်းစစ် ဆေးလျှက်ရှိကြောင်း သိရှိရသည်။

 ရောဂါပြန်လည်ဖြစ်ပွားသည်ဆိုခြင်းမှာ ပြဿနာဖြစ်လာနိုင်ပြီး ပြန်လည်ကုသပေးရန်မှာလည်း အလွန်ခက်ခဲမည်ဖြစ်သည်။ ပုံမှန်အားဖြင့် နလံထူလာသူများတွင် ဗိုင်းရပ်စ်ကို ခုခံတွန်းလှန်နိုင်သည့် ကိုယ်ခံအားများ မြင့်တက်နေရမည်ဖြစ်ရာ ကူးစက်ရောဂါလျှော့ပါးရေး နည်းလမ်းအမျိုးမျိုး ဆောင်ရွက်နေကြသည့် နိုင်ငံတကာအတွက် တကယ့်မေးခွန်းကြီး တစ်ခုဖြစ်နေသည်။ ရောဂါပြန်လည်ဖြစ်ပွား၍ ထပ်မံကုသပေးရန်စဉ်းစားရာ၌ အလွန်ရှည်လျှားသော Quarantine ရောဂါခြေချုပ်နှင့် ကြုံရဖွယ်ရှိပြီး၊ စီးပွားရေးလုပ်ငန်းများ အများပြည်သူဆိုင်ရာနေရာများ ပြန်လည်ဖွင့်လှစ်ရန် နှောင့်နှေးရပေလိမ့်မည်။

အခြားဖြစ်နိုင်ခြေများမှာ ဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း မှားယွင်းအဖြေပေးခြင်းဖြစ်သည်။ ကနဦးရောဂါမှ ဗိုင်းရပ်စ်အကြွင်းအကျန်များ သို့မဟုတ် ကာလရှည်ဗိုင်းရပ်စ်ဝန်ထုပ်အစုအပုံမှ ကွာကျလာခြင်းမျိုးမှာ သတ်မှတ်ပမာဏထက်များနေလျှင် ဗိုင်းရပ်စ်ပိုးရှိသည်ဟု မှားယွင်းအဖြေထွက်နိုင်သည်။

တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၀,၄၀၀ – ဦးရှိခဲ့ရာ ၂၀၄-ဦး သေဆုံးသည်။ ရောဂါကူးစက်ပျံ့နှံ့မှု ကာလတစ်လျှောက်လုံး တင်းကြပ်သော ရောဂါခြေချုပ်သတ်မှတ်ခြင်း၊ ကျယ်ပြန့်စွာစမ်းသပ်စစ်ဆေး နိုင်ခြင်းနှင့်၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများအား နောက်ကြောင်းပြန်လိုက်ခြင်းတို့၏ အောင်မြင်မှုအသီးအပွင့်များကို မကြာခဏရည်ညွှန်းကြသည်။

 နောက်ထပ် စိုးရိမ်ပူပန်ဖွယ်သတင်းမှာ လွန်ခဲ့သည့် ဒီဇင်ဘာလ ပထမဆုံးရောဂါဖြစ်ပွားမှုစတင်တွေ့ရှိရာ တရုတ်နိုင်ငံမှဖြစ်သည်။ ဖူဒန်တက္ကသိုလ်မှသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် ရှန်ဟိုင်းရှိဆေးရုံမှဆင်းခွင့်ပြုလိုက်သောလူနာ ၁၇၅ ဦး မှ သွေးနမူနာများကိုလေ့လာခဲ့သည်။ ၎င်းတို့၏ ၄-ပုံ ၁-ပုံတွင် ကိုယ်ခံအား ပစ္စည်းများ မျှော်လင့်မထားနိုင်လောက်အောင် နိမ့်ကျလျှက်ရှိသည်။ ၁၀-ဦးတွင် အလွန်နည်းခြင်းနှင့် ကိုယ်ခံအား ပစ္စည်းလုံးဝမရှိကြောင်းတွေ့ရှိခဲ့သည်။ ၎င်းမှာ လူနာအနေဖြင့် ကိုယ်ခံအား ထုတ်လုပ်နိုင်ခြင်းမရှိလျှင် ကာကွယ်ဆေးဟူသမျှ သဲထဲရေသွန်ဖြစ်ရန်သာ ရှိသည်။

ဝူဟန်မြို့တွင်ပထမဆုံးအကြိမ်သတိပြုမိခဲ့ချိန်မှ စ၍ ရောဂါကူးစက်မှု ၈၃,၀၀၀ နီးပါးနှင့်သေဆုံးမှု ၃,၃၃၉ မှုကို တရုတ်အာဏာပိုင်များက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ မကြာသေးမီရက်များအတွင်း ကူးစက်မှုအသစ်မရှိသဖြင့် ဝူဟန်နှင့် ဆက်စပ်ပတ်ဝန်းကျင်ရှိ ဟူဘေးပြည်နယ်အတွင်း တင်းကြပ်စွာထိန်းချုပ်ထားမှုများကိုဖယ်ရှားခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိလူပေါင်း ၉၅,၀၀၀ ကျော်သေဆုံးပြီး ကမ္ဘာ့လူဦးရေထက်ဝက်နီးပါးတို့ Quarantine အတားအဆီးအချို့ ချမှတ်ခံခဲ့ရသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ မသိရှိသေးသည်တို့ များစွာကျန်နေပါသည်။ တရုတ်ပြည်မှာပင်လျှင် အာဏာပိုင်တို့အနေဖြင့် ရေရှည်တွင် မည်သည့် အခြေအနေဖြစ်ပေါ်လာမည်ကို တိကျသေချာ မသိပေ။

” ဒီရောဂါဟာ ရာသီတုပ်ကွေးလို ပျောက်လိုက် ပြန်ပေါ်လိုက်နေမလား၊ အသည်းရောင်ရောဂါ ( ဘီပိုး) လို နာတာရှည်ရောဂါဖြစ်လာမလား၊ ဒါမှမဟုတ် SARS ဆားစ်ရောဂါလို ဖြစ်ပြီး ပျောက်ကွယ်သွားမှာလား ဆိုတာ ဘယ်သူက သိနိုင်မှာလဲ ” ဟု တရုတ်အစိုးရ၏ သိပ္ပံဆိုင်ရာအကြံပေး ပါမောက္ခဝမ်ချန်က တနင်္လာနေ့တွင် သိပ္ပံနှင့်နည်းပညာနေ့စဉ်သတင်းစာသို့ပြောကြားခဲ့သည်။

((( Russia Today., 9 Apr, 2020,” Unbeatable virus or false positive? Doctors alarmed after some Covid-19 patients test positive after recovering.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/485438-reactivation-reinfection-coronavirus-tests/

#ကိုရိုနာဗိုင်းရပ်စ်နလံထူလူနာများပြန်လည်ကူးစက်

0

Leave a Reply

Your email address will not be published.