Covid-19 ရောဂါလက္ခဏာဖြင့် သေဆုံးခဲ့သူ ဘင်္ဂါလီအမျိုးသမီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရဟုဆို။ Covid-19 ရောဂါစွဲကပ်ကြောင်း အဓိကလက္ခဏာများတွင် အချက်အလက်သစ်များကို အမေရိကန် CDC က ထပ်မံတိုးမြှင့်၊ ရောဂါလက္ခဏာမပြပဲ ကိုရိုနာပိုးရှိနေသူများအား အမြန်ဆုံးဖော်ထုတ်ရန်လိုအပ်

Covid-19 ရောဂါ ဝေဒနာခံစားရသဖြင့် ကုသမှုခံယူနေရသူ ဘင်္ဂါလီအမျိုးသမီးမှာ ကွယ်လွန်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရဟု ဘင်္ဂလားအခြေစိုက် Ukhia Nwes ( ဧပြီ-၁၈၊ ၂၀၂၀ ) က ရေးသားသည်။

ကော့ဘဇားရှိ ဆာဒါ ခရိုင်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသူ အမျိုးသမီးမှာ Covid-19 ရောဂါလက္ခဏာနှင့် တူညီသော ဝေဒနာများဖြင့် ကွယ်လွန်ခြင်းဖြစ်သော်လည်း ဆေးစစ်ချက်အဖြေတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရကြောင်း အတည်ပြုချက်ရရှိခဲ့သည်ဟု အဆိုပါဆေးရုံမှ ဒေါက်တာမန်ဘူဘာရာမန်က စနေနေ့၌ ပြောကြားသည်။


၎င်းအမျိုးသမီးမှာ Covid-19 ရောဂါကဲ့သို့ ဝေဒနာခံစားရသဖြင့် ကော့ခ်ဘဇား ခရိုင်ဆေးရုံ သီးခြားကုသဆောင်၌ ကုသပေးနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဆို၏။ အဆိုပါအမျိုးသမီးအပါအဝင် လူနာ ၁၃-ဦးတို့၏ ဆေးစစ်ရန် နမူနာများကို ဓါတ်ခွဲခန်းသို့ ပေးပို့ခဲ့ရာတွင် အခြား ၁-ဦး၌သာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ပြန်ကြားချက်ထွက်ပေါ်ရခြင်းအတွက် လူအများ စိတ်ဝင်စားလျှက်ရှိသည်ဟုသတင်း၌ ဆက်လက်ဖော်ပြသည်။

အလားတူပင် Covid-19 ရောဂါဆက်နွယ်ကြောင်း သိရှိနိုင်သည့် အဓိကလက္ခဏာများတွင် အချက်အလက်သစ်များကို အမေရိကန်ဖက်ဒရယ်ကျန်းမာရေးအာဏာပိုင်များက ထပ်မံထည့်သွင်းလိုက်သည်ဟု Pittsburgh Post-Gazette နှင့် နိုင်ငံတကာ မီဒီယာများက ယနေ့ရေးသားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၂-ရက်မှ ၁၄-ရက်အတွင်း အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝခြင်းတို့ ဖြစ်ပွားကြောင်း ကနဦးသိရှိထားကြသည်။ ချမ်းဖျားခြင်း၊ ချမ်း၍တုန်တုန်ရီရီဖြစ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းနှင့် အနံ့-အရသာ ခံစားမရတော့ခြင်းများ တွေ့မြင်ရနိုင်ကြောင်း ထပ်တိုး လက္ခဏာများအဖြစ် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးစင်တာ CDC ၏ အွန်လိုင်းစာမျက်နှာ၌ ဖော်ပြထားသည်ဆို၏။

ဆေးကုသမှုခံယူသင့်ကြောင်း အရေးပေါ်သတိပေးလက္ခဏာများတွင် အသက်ရှူမဝခြင်း၊ ရင်ဘတ်နေရာတွင် နာကျင်မှုသို့မဟုတ် လေးလံခြင်း၊ စိတ်ရှုတ်ထွေး သို့မဟုတ် အာရုံမစိုက်နိုင်ခြင်း၊ နှုတ်ခမ်းနှင့် မျက်နှာတို့ ပြာနှမ်းလာခြင်းတို့ ပါဝင်သည်။


အထူးသဖြင့် Covid-19 ကူးစက်ရောဂါပျံ့ပွားခြင်းမှ တားဆီးရန်အတွက် asymptomatic people ခေါ် ရောဂါလက္ခဏာမပြပဲ ကိုရိုနာဗိုင်းရပ်စ်ပိုး သယ်ဆောင်သူများအား ထိန်းချုပ်ရန် အလွန်အရေးကြီးကြောင်း ကျွမ်းကျင်သူများက အလေးအနက် သတိပေးသည်။

CDC ၏ အဆိုအရ ဗိုင်းရပ်စ်သည် အဓိကအားဖြင့် နီးကပ်စွာရှိနေသည့် လူတစ်ဦးမှ တစ်ဦးသို့ အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်သည်။ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေသူ၏ နှာချေ-ချောင်းဆိုးရာမှ ထွက်ပေါ်လာသော အရည်မှုန်များကို အနီးအနားရှိသူများ ရှုရှိုက်မိလျှင် ပါးစပ်နှင့်နှာခေါင်း သို့မဟုတ် အဆုတ်သို့တိုင်အောင် ရောက်ရှိနိုင်သည်။

နိုင်ငံတကာတွင် Covid-19 ကူးစက်ကပ်ရောဂါဖြင့် လူ ၂-သိန်းကျော် သေဆုံးလျှက်ရှိသည်။ အမေရိကန်ပြည်ထောင်စုတစ်လွှားတွင် ရောဂါကူးစက်ခံရသူပေါင်း ၉၃၀,၀၀၀ ကျော်ရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ လူပေါင်း ၅၄,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

((( Ukhia News.,18-04-2020,”Cox’s Bazar woman died with corona symptoms detected negative.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))

http://en.ukhiyanews.com/coxs-bazar-woman-died-with-corona-symptoms-detected-negative/

https://liber.post-gazette.com/news/health/2020/04/27/CDC-coronavirus-symptoms-six-new-possible-added-list-COVID-19/stories/202004260153

https://www.mirror.co.uk/science/coronavirus-three-key-symptoms-new-21932619

#Covid-19ရောဂါဖြင့်သေဆုံးသူအမျိုးသမီးတွင်ကိုရိုနာဗိုင်းရပ်စ်ပိုးမတွေ့ဟုဆို #Covid-19ရောဂါလက္ခဏာCDCထပ်တိုးမြှင့်

0

Leave a Reply

Your email address will not be published.