Covid-19 နှင့်ပတ်သက်၍ သတင်းလိမ်၊ သတင်းမှားများကို Share , Like, React , Comment ရေးမိလျှင် Facebook က သတိပေးမည်။ WHO ၏ကောလဟလနှင့် သတင်းမှားစာရင်းသို့ ညွှန်ပြမည်ဟုဆို

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတင်းလိမ်၊ သတင်းမှားများ ပျံ့နှံ့လျှက်ရှိသည်။ လူသုံးအများဆုံး လူမှုကွန်ယက်ကြီးတစ်ခုဖြစ်သည့် Facebook က အန္တရာယ်များသည့် သတင်းမှားများကို Share သို့မဟုတ် တုန့်ပြန်မှုတစ်ခုခု ပြုလုပ်မိခဲ့လျှင် အသုံးပြုသူအား သတိပေးမည့်အစီအစဉ်တစ်ရပ်ကို မကြာမီ စတင်ဆောင်ရွက်မည်ဟု AP က ယမန်နေ့ ရေးသားသည်။

COVID-19 နှင့် ပါတ်သက်၍ အန္တရာယ်ရှိသော သို့မဟုတ် မှားယွင်းချက်များ ပါရှိသည့် ရေးသား-ဖော်ပြမှုများကို Facebook စောင့်ကြည့်သူများက ဖယ်ရှားလျှက်ရှိသည်။ ယခုအသစ်စတင်မည့်အစီအစဉ်တွင် အဆိုပါ မှားယွင်းဖော်ပြထားမှုများအား Click နှိပ်ခြင်း၊ တုံ့ပြန်ခြင်း၊ comment ဝင်ရောက်ရေးသားမိခဲ့သူတို့အား သတိပေးမည်ဖြစ်သည်။ အသုံးပြုသူထံ တိုက်ရိုက်သတိပေးချက်ကို လာမည့် ရက်သတ္တပတ်၌ စတင်မည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြုစုထားသည့် ကောလဟလနှင့် ယုံတမ်းစကားများစာရင်းသို့ သွားရောက် ကြည့်ရှ့ရန် တစ်ပြိုင်တည်း ညွှန်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

Facebook, Google နှင့် Twitter တို့သည် အွန်လိုင်းပေါ်မှ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် သတင်းမှားများ ဆိုးရွားစွာပျံ့နှံ့နေဖြင်းကို ရပ်တန့်ပစ်ရန် ထောင်ပေါင်းများစွာသော အချက်အလက်များအား စစ်ဆေးနိုင်မည့်နည်းလမ်းတို့ကို စတင်လျှက်ရှိသည်။ အမှန်လိုက်နာစေရန် တင်းကြပ်သော စည်းကမ်းပြဋ္ဌာန်းခြင်းများကိုလည်း အကောင်အထည်ဖော်လျှက်ရှိသည်။

သို့ရာတွင် နည်းပညာဆိုင်ရာပလက်ဖောင်းများက အန္တရာယ်ရှိသည်ဟု ဆုံးဖြတ်ပြီး ထိန်းသိမ်းကြပ်မတ်လျှက်ရှိသည့် လူသားစောင့်ကြည့်သူများက ဖယ်ရှားစေရန် အလိုအလျောက်စနစ်များကို အားကိုးအားထားပြုနေရမည်ဖြစ်ရာ စိန်ခေါ်ချက်များစွာ ကျန်ရှိနေကြောင်း သိရှိရသည်။ ကူးစက်ရောဂါ သတင်းအချက်အလက်အမှန်အတွက် အခွင့်အာဏာရှိသည့် WHO ကဲ့သို့ အဖွဲ့အစည်း၏ နေရာတွင် အစားထိုးသည့် စက်ကိရိယာများအပေါ် မယုံကြည်နိုင်ကြောင်း ဆန့်ကျင်သူများ ရှိနေသည်။

(( မကြာသေးမီက “ mုလား “ ဟု ရေးသားချက် မှန်သမျှ AI က အမုန်းစကားအဖြစ်သတ်မှတ်ပြီး ဖယ်ရှားချည့် ပစ်လေရာ ဖဲသမားနှင့် ပရိဘောဂအကြောင်း ပြောဆိုသူများပင် Post, comment များ ဖယ်ရှားခံရတော့သည်။ ၇-ရက်၊ ၁-လ အကောင့်ပိတ်ခံရပြီး အချို့ဆိုလျှင် အကောင့်ပါ ဖျက်သိမ်းခံလိုက်ရသည်။

ကျွန်တော့် အနေဖြင့် ယုံကြည်ပါသည်။

Covid-19 ကို အကြောင်းပြုပြီသကာလ ကျွန်တော်အပါအဝင် အကောင့်အတော်များများ ဝူဟန်အကိုက်မခံရပဲ နေ့မြင်-ညပျောက် ဖြစ်ကြပါလိမ့်မည်။ အထူးသဖြင့် ကျွန်တော့်လို စိတ်ပုပ်သူများမှာ ဗိုင်းရပ်စ်ကောလဟလ လွှင့်ထုတ်သူအဖြစ် လပို့ထုချည့် ခံရဖွယ်ရှိပါသဖြင့် ချွေးသီးများ ဘူးသီးလုံးလောက် ကျမိပါတော့သည်။ ။ သတင်းဘာသာပြန်သူ ))

((( AP., April 16,2020,” Facebook to warn users who ‘liked’ coronavirus hoaxes.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဖေ့ဘွတ်သတင်းမှားကြောင်းသတိပေးမည်

https://apnews.com/348d772c8a5e305fb8006aae0a8cab84
0

Leave a Reply

Your email address will not be published.