Facebook က ဆင်ဆာဖြတ်တောက်မှုတိုးမြှင့်ပေးရန်နှင့် မလိုက်နာလျှင် ပိတ်သိမ်းခံရမည်ဟု ဗီယက်နမ် ခြိမ်းခြောက်။ ဒေသခံများ၏ အစိုးရဆန့်ကျင်ရေးသားချက်များကို တားဆီးပေးရန် အစိုးရများ၏ ဖိအားပေးခြင်းနှင့် Facebook ရင်ဆိုင်နေရ

  
Facebook အနေဖြင့် ၎င်း၏ ပလက်ဖောင်းပေါ်တွင် ဖော်ပြသည့် ဒေသတွင်းမှ နိုင်ငံရေးနှင့် ဆိုင်သော အကြောင်းအရာများကို ပိုမိုဆင်ဆာဖြတ်တောက်ရန် ဖိအားပေးခြင်းနှင့် ရင်ဆိုင်နေရပြီး ထိုသို့ မလုပ်ဆောင်လျှင် နိုင်ငံအတွင်းမှ ပိတ်သိမ်းခြင်းခံရမည်ဟု ဗီယက်နမ်အစိုးရက ခြိမ်းခြောက်လျှက်ရှိကြောင်း  Reuters က ယနေ့ရေးသားသည်။

  
ဒေသခံများ၏ အစိုးရဆန့်ကျင်ရေး ရေးသားချက်များကို ဆင်ဆာဖြတ်တောက်မှုတိုးမြှင့်ပေးရန် ဧပြီလတွင် ဗီယက်နမ်အစိုးရ၏ တောင်းဆိုချက်အား Facebook က လိုက်နာခဲ့သည်။ သို့သော် သြဂုတ်လရောက်သောအခါ ထိရှလွယ်သော ပို့စ်များအား တားဆီးပေးရန် ဗီယက်နမ်အစိုးရက ထပ်မံတောင်းဆိုကြောင်း၊ Facebook က မည်သို့မျှ မတုန့်ပြန်သည်အခါ တောင်းဆိုချက်ကို မလိုက်လျှောလျှင် Facebook ၏ အဓိကဈေးကွက်ကြီး တစ်ခုဖြစ်သော အမေရိကန်ဒေါ်လာ ၁-ဘီလီယံနီးပါးဝင်ငွေရရှိနေသည့် ဗီယက်နမ်နိုင်ငံတွင် ဖြန့်လွှင့်ခွင့်ကို ရုတ်သိမ်းခြင်းခံရလိမ့်မည်ဟု ခြိမ်းခြောက်မှုများ ပါဝင်လာခဲ့ကြောင်း သိရှိရသည်။ 

  
Facebook အနေဖြင့် အစိုးရများ၏ ခြိမ်းခြောက်ခြင်း၊ ဒါဏ်ငွေတပ်ရိုက်ခြင်းအပါအဝင် စည်းမျဉ်းသစ်များပြဋ္ဌာန်းခြင်းဖြင့် ဖိအားပေးခြင်းအမျိုးမျိုးကို ရင်ဆိုင်နေရကြောင်း၊ သို့သော် Facebook အား ခွင့်မပြုသည် တရုတ်ပြည်ကဲ့သို့ နေရာမျိုးမှလွဲလျှင် အားလုံးသိမ်းကြုံး၍ တားဆီးမှုများကို ရှောင်ရှားခဲ့သည်ဆို၏။

  
ဗီယက်နမ်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် လူမှုရေးအပြောင်းအလဲများအပေါ် ပွင့်လင်းမြင်သာမှု တိုးပွားလာသော်လည်း မီဒီယာများအပေါ် အာဏာရကွန်မြူနစ်ပါတီသည် တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားပြီး ဆန့်ကျင်ဘက် အနည်းငယ်မျှသာ သည်းခံလေ့ရှိသည်။ 


နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အဆင့်တွင် ဗီယက်နမ်နိုင်ငံသည် နိုင်ငံတကာအောက်ဆုံးအဆင့်မှ ရေတွက်လျှင် အဆင့် ၅ နေရာ၌ ရှိနေသည်။ 


ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက Reuters ၏ မေးခွန်းများကို ဖြေကြားရာတွင် Facebook အနေဖြင့် နိုင်ငံ့အကျိုးစီးပွားထိခိုက်ခြင်း၊ ဗီယက်နမ်တို့၏ ဓလေ့ထုံးတမ်းများကို ချိုးဖောက်သည့် သတင်းအချက်အလက်များအား ဖြန့်ဝေခြင်းမှ တားဆီးသည့် ဒေသဆိုင်ရာဥပဒေများကိုလိုက်နာသင့်ကြောင်းပြောဆိုသည်။ 

  
Facebook ၏ ပြောရေးဆိုခွင့်ရှိသူကမူ ပိုမိုသောအကြောင်းအရာများ၌ ဆင်ဆာဖြတ်တောက်ရန် ဗီယက်နမ်အစိုးရက ထပ်မံဖိအားပေးခြင်း ခံရကြောင်း ရှင်းလင်းသည်။ 

  
သောကြာနေ့က ၂-နှစ်တစ်ကြိမ် ပွင့်လင်းမြင်သာမှု အစီရင်ခံစာထုတ်ပြန်ရာ၌ အစိုးရဆန့်ကျင်ရေး အကြောင်းအရာများကို ဖယ်ရှားရန် ဗီယက်နမ်အစိုးရ၏ တောင်းဆိုချက်အရ ယခုနှစ် ပထမခြောက်လအတွင်း အကြောင်းအရာပေါင်း ၈၃၄ ခုကို ဝင်ရောက်လွှင့်တင်ခြင်းမှ တားဆီးခဲ့ကြောင်း Facebook က ဖော်ပြသည်။ 

  

(( Facebook သည် နိုင်ငံတကာဖြန့်ကျက် စီးပွားရှာသော လူမှုကွန်ယက်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်း၏ ပွင့်လင်းမြင်သာသည်ဆိုသော ဂုဏ်သိက္ခာမကျဆင်းစေရန်နှင့် ၎င်း၏အကျိုးစီးပွားအတွက် အလေးအနက်ထားမည်မှာ သေချာသည်။ တော်ယုံသဖြင့် နာမည်ပျက်ခံ၍ ပို့စ်၊ ကောမန့် ဓါတ်ပုံများကို ဖယ်ရှားဖြတ် တောက်ရန် ဆန္ဒရှိမည်မထင်ပါ။ အသုံးပြုသူများလေလေ လွှင့်တင်မှုအကြိမ်များလေလေ လုပ်ငန်း အောင်မြင်လေဖြစ်သည်။ 


တစ်ဖက်မှပြန်ကြည့်လျှင်လည်း ဒေသကြီးတစ်ခု၌ လူမှုကွန်ယက်ပလက်ဖောင်းတစ်ခုအား ဖြန့်လွှင့်ခွင့်ရရှိရန်မှာ သက်ဆိုင်ရာအာဏာပိုင်များက ခွင့်ပြုမှသာ လိုင်စင်ရရှိနိုင်သည်။ 

  
ရင်းနှီးမြှုပ်နှံမှု အလွန်များသော ကုမ္ပဏီကြီးဖြစ်၍ ကျွမ်းကျင် ဖြောင့်မတ် တာဝန်ကြေပွန်သော ဝန်ထမ်းများ ခန့်ထားလုပ်ကိုင်နေသည်ဟု ယုံကြည်ရပါသည်။ ကျွန်တော် ထိုသို့ပြောရသည်မှာ အကြောင်းရှိပါသည်။ လွန်ခဲ့သော နှစ်များက အခြားလူမှုကွန်ယက်ပလက်ဖောင်းကြီးတစ်ခု၏ အတော်ဆိုးသော သတင်းတစ်ပုဒ် ကြောင့်ဖြစ်သည်။ 


၎င်းကုမ္ပဏီကြီး၏ Policy and Standard Team အလုပ်လုပ်သော ဝန်ထမ်းတစ်စုသည် အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုမှ မွေးမြူထားသော Army ဖြစ်နေသည်။ အဆိုပါနိုင်ငံနှင့် ပတ်သက်သော မကောင်းသတင်းများကို ဖြတ်တောက်ခြင်း၊ Hide လုပ်ခြင်း၊ တုန့်ပြန်ချေပခြင်းနှင့် Cyber bully လုပ်ရပ်များကို တွင်တွင်ကြီး လုပ်နေခဲ့သော်လည်း သက်ဆိုင်ရာ ကုမ္ပဏီကြီး ကိုယ်တိုင် မသိရှိခဲ့ဟု ဆိုပါသည်။ နောက်ဆုံး FBI က လာဖမ်းဆီးမှသာ သိတော့သည်ဟု သတင်းဖတ်ရသည်။ 


ထို့ကြောင့် လူမှုကွန်ယက်တွင် မိမိ၏ ရေးသားဖော်ပြချက်များမှာ မှန်ကန်၍ မတရား တားဆီး ပယ်ချသည်ဟု ယုံကြည်ပါလျှင် သက်ဆိုင်ရာ ပလက်ဖောင်း၏ တာဝန်ရှိသူများထံ နည်းလမ်းတကျ Report လုပ်သင့်သည်ဟု မှတ်ယူပါသည်။       ။ သတင်းဘာသာပြန်သူ )) 



((( Reuters., November 20, 2020,” Vietnam threatens to shut down Facebook over censorship requests.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 



#ဗီယက်နမ်လူမှုကွန်ယက်ပလက်ဖောင်း #Facebook 

https://www.reuters.com/article/vietnam-facebook-shutdown/exclusive-vietnam-threatens-to-shut-down-facebook-over-censorship-requests-source-idUSL1N2I603T

https://www.dhakatribune.com/world/2020/11/20/vietnam-threatens-to-shut-down-facebook-over-censorship-requests

0

Leave a Reply

Your email address will not be published.