Facebook က မြန်မာနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ကုလသမဂ္ဂသို့ မျှဝေ။ ၂၀၁၈-ခုနှစ်၌ Facebook က ရပ်တန့်ခဲ့သည့် မြန်မာစစ်ဘက်နှင့် ဆက်စပ်သော Page နှင့် Account များ၏ အမုန်းစကား အချက်အလက်များ ပါဝင်ဟုဆို

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာရာဇဝတ်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ဖော်ပြသရန် Facebook က ငြင်းဆန်လျှက်ရှိကြောင်း အဆိုပါကိစ္စရပ်များအပေါ် ဦးဆောင်စုံစမ်းစစ်ဆေးသူများက ပြောဆိုပြီးနောက် ကုမ္ပဏီအနေဖြင့် မျှဝေလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံးလူမှုကွန်ယက်ပလက်ဖောင်းကြီးက ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။ 

  
အင်္ဂါနေ့တွင် Facebook ကိုယ်စားလှယ်တစ်ဦးက Reuters သို့ ပြောကြားရာ၌ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ) တို့အပေါ် အမုန်းစကားပြောဆိုမှုများကို ရပ်တန့်ရန် မြန်မာစစ်ဘက်နှင့် ဆက်စပ်သော Page နှင့် Account များအား ၂၀၁၈-ခုနှစ်၌ ကုမ္ပဏီက ဖယ်ရှားခဲ့ကြောင်း၊ အဆိုပါအချက်အလက်များကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) သို့ ပေးအပ်လိုက်ကြောင်း ပြောဆိုသော်လည်း မည်သည့်အကြောင်းအရာများဖြစ်သည်ကို ဖော်ပြရန် ငြင်းဆိုသည်။ 

  
 မြန်မာနိုင်ငံအတွင်း နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ( ကုလသမဂ္ဂက ) ဆက်လက်လုပ်ဆောင်နေသည်နှင့်အမျှ Facebook ကလည်း သက်ဆိုင်ရာသတင်းအချက်အလက်များကို မျှဝေပေးရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ကိုယ်စားလှယ်ဖြစ်သူက ပြောဆိုသည်။

  
မြန်မာနိုင်ငံသည် ၂၀၁၇-ခုနှစ်၌ ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် စစ်ဘက်က ဖြိုခွင်းရာတွင် လူပေါင်း ၇၃၀,၀၀၀ ကို အိမ်နီးချင်း ဘင်္ဂလားဒက်ရှ်သို့ အတင်းအဓမ္မထွက်ပြေးစေခြင်းဖြင့် ဂျီနိုဆိုက် လူမျိုးသုဉ်းပြုသည်ဟု နိုင်ငံတကာတရားခုံရုံး ( ICJ ) ၌ တရားစွဲဆိုခြင်းနှင့် ရင်ဆိုင်နေရသည်။ 

  
မြန်မာနိုင်ငံက လူမျိုးသုဉ်းပြုသည်ဆိုခြင်းကို ငြင်းပယ်၍ နယ်ခြားစောင့်ရဲကင်းများအား တိုက်ခိုက်သည့် စစ်သွေးကြွတို့ကို တရားဝင်စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ချေပသည်။ 
၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သက်သည့် အထောက်အထားများကို စုဆောင်းရန် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကို ထူထောင်ခဲ့သည်။

  
ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ပြောဆိုရာတွင်မူ Facebook သည် အကြမ်းဖက်မှုများကို မီးလောင်ရာ လေပင့်သည့် အမုန်းစကားများဖြန့်ဝေရာတွင် အဓိကနေရာမှပါဝင်ခဲ့သည်ဆို၏။ ၂၀၁၈-ခုနှစ်တွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ စာမျက်နှာအပါအဝင် မြန်မာစစ်ဘက်နှင့် ဆက်စပ်သည့် Account ၁၈-ခုနှင့် Page ၅၂-ခု တို့ကို ဖယ်ရှားပစ်လိုက်ကြောင်း Facebook က သတင်းထုတ်ပြန်သည်။ သို့သော် အချက်အလက်များကိုမူ ထိန်းသိမ်းထားခဲ့သည်။ 


IIMM ၏ အကြီးအကဲဖြစ်သူက ယခုလအတွင်း Reutres သို့ပြောကြားရာ၌ Facebook အနေနှင့် ကုလသမဂ္ဂ၏အဖွဲ့အစည်းကြီးနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုထားသော်လည်း “ ဆိုးရွားကြီးလေးသော နိုင်ငံတကာာ ရာဇဝတ်မှုများ” နှင့်ပတ်သက်သည့် သက်သေအထောက်အထားများကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း ရှင်းပြခဲ့သည်။

  
ယမန်နေ့ (အင်္ဂါ ) တွင်မူ ယခင်တောင်းဆိုမှုများနှင့်ပတ်သက်၍ တစ်စိတ်တစ်ပိုင်းဖြည့်ဆည်းပေးသော ပထမဦးဆုံး အချက်အလက်များကို လက်ခံရရှိပြီဖြစ်ကြောင်း၊ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများနှင့် သက်ဆိုင်သည့် အရေးကြီးသက်သေအထောက်အထားများရရှိရေးသို့ ဦးတည်သည့် ခြေလှမ်းများဖြစ်ပြီး နောက်ထပ်ပြသနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း IIMM က ပြောဆိုသည်။ 

  
ယခုလတွင် ကုမ္ပဏီက ထိန်းသိမ်းထားသော မြန်မာစစ်ဘက်နှင့် ရဲတပ်ဖွဲ့တို့၏ ပို့စ်နှင့် အဆက်အသွယ် ပြုလုပ်ခြင်းများကို ထုတ်ပြန်ပေးရန် ICJ ၌ တရားစွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်ကို Facebook က တားဆီးခဲ့သည်။ 

  
(( ယခုဖြစ်စဉ်သည် အလွန် ရှုတ်ထွေးကျယ်ပြန့်သည်ဟု ကျွန်တော်မှတ်ယူပါသည်။ 

Genocide ကို “ လူမျိုးတုန်းသတ်ခြင်း “ ဟု တရားဝင်မီဒီယာကြီးတို့က ပလုပ်ပလောင်း ပြောဆိုနေချိန်တွင် ဂျီနိုဆိုက်ဆိုသည်မှာ လူကိုသတ်မှ မဟုတ်ကြောင်း၊ ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ ဥပဒေကြောင်းအရ ဖွင့်ဆိုချက်များကို သိရှိသူ အလွန်နည်း၍ ဖြစ်ပါသည်။ 


ထို့အတူ အမုန်းစကားဆိုရာ၌လည်း အလွန်သိမ်မွေ့ပါသည်။ နိုင်ငံတကာ တရားဝင်မီဒီယာကြီးတို့၏ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြသော သတင်းနှင့် ဓါတ်ပုံတို့ကို မြန်မာဘာသာပြန်ဆိုဖော်ပြခြင်းတို့ကိုပင် Facebook က ကွန်မျူနစ်တီ စတင်းဒတ်နှင့် မညီဟု အရေးယူလျှက်ရှိရာ Facebook ၏ အမုန်းစကားဆိုသည်မှာ လူ့အခွင့်အရေးအဖွဲ့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် သီးခြားဖြစ်နေရော့လား စဉ်းစားရန် ရှိနေသည်။ 

  
နားလည်သလောက် စိုးရိမ်၍ လက်လှမ်းမီသမျှ တားဆီးရန် ကြိုးစားမိသောအခါ စဆရက လုပ်သည်ဟု Live လွှင့်ကာ ဆဲခံရသည်အထိဖြစ်ခဲ့သည်။ ထို့ကြောင့် ပြဿနာမဖြစ်-ဖြစ်အောင်၊ အမှုပိုကြီးသည်ထက်ကြီးအောင် တမင်ရည်ရွယ်သူများ ရှိနေနိုင်ပြီး မည်သူမည်ဝါ မည်သည့်အတွက်ဆိုသည်ကို မသိနိုင်ပါ။ 


Facebook က ဖယ်ရှားခဲ့ ဖယ်ရှားလျှက်ရှိသော အမုန်းစကားပြောဆိုသည့် Account, Page များမှာ မြန်မာစစ်ဘက်-ရဲတပ်ဖွဲ့တို့နှင့် ဆက်စပ်ခြင်း ရှိ-မရှိ မြန်မာလူမျိုးများဖြစ်သော ကျွန်တော်တို့ကိုယ်တိုင် ဝေခွဲ မရပါ။ အွန်လိုင်းပေါ်တွင် အာဘောင်အာရင်းသန်သန်နှင့် သတင်းအမှားများ ဖြန့်ဝေနေသူတို့ကို ယနေ့တိုင် တွေ့မြင်နေရဆဲဖြစ်ပြီး Account အစစ် ဟုတ်-မဟုတ်၊ ဘာကိုရည်ရွယ်သည်ဆိုခြင်းကိုလည်း မခန့်မှန်း နိုင်သောကြောင့် ဖြစ်ပါသည်။ ။ သတင်းဘာသာပြန်သူ )) 

#Facebook #IIMM #အပြည်ပြည်ဆိုင်ရာတရားခုံရုံမြန်မာနိုင်ငံ #အမုန်းစကား
((( Reuters, AUGUST 26, 2020 , “Facebook shares data on Myanmar with United Nations investigators.By: Poppy McPherson ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.reuters.com/article/us-myanmar-facebook/facebook-shares-data-on-myanmar-with-united-nations-investigators-idUSKBN25L2G4 

0

Leave a Reply

Your email address will not be published.