Facebook တွင် သတင်းရေးသားလွှင့်တင်သော မီဒီယာသည် သတင်းပို့စ်အောက်တွင် ဖော်ပြသော အသရေဖျက်ရာရောက်သည့် ကောမန့်များအတွက် တာဝန်ရှိကြောင်း တရားရုံးဆုံးဖြတ်။

သြစတေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်အယူခံတရားရုံးက ဒိုင်လွန်ဗိုလာအမှု၌ အယူခံကို ပယ်ချပြီးနောက် Fecebook ၌ သတင်းလွှင့်တင်သော သတင်းမီဒီယာတို့သည် သတင်းနှင့်ပတ်သက်၍ အောက်တွင် ကောမန့်တုန့်ပြန်ရေးသားသူတို့၏ အသရေဖျက်ရာရောက်သော ရေးသားချက်များအတွက် တာဝန်ရှိကြောင်းနှင့် ၂၀၁၉- ခုနှစ် စီရင်ချက်အတိုင်း အတည်ဖြစ်စေရန် ဆုံးဖြတ်လိုက်သည်ဟု Guardian ( Jun.01,2020 ) ရေးသားသည်။

၂၀၁၆-ခုနှစ်တွင် မြောက်ပိုင်းနယ်မြေ ဋ္ဌာနေတိုင်းရင်းသားလူငယ် ဒေလန်ဗိုလာသည် တော်ဝင်ကော်မရှင်အား မတော်မတရား ဆက်ဆံမှုဖြင့် ဒွန်ဒေးလ်လူငယ်ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခြင်းခံရသည်။ ထိုအကြောင်းကို သြစတေးလျအခြေစိုက် Sydney Morning Herald, Centralian Advocate နှင့် Sky News Australia တို့က စာလုံးမည်းကြီးများဖြင့် ခေါင်းစဉ်တပ်ကာ သတင်းရေးသားဖော်ပြခဲ့သည်။ မီဒီယာ ၃-ခုတို့၏ Facebook တွင် ဖော်ပြသော သတင်းများအောက်တွင် လူငယ်နှင့်ပတ်သက်၍ ကောမန့်ဝင်ရောက်ရေးသားသည်တို့အနက် ၂၀၁၆ နှင့် ၂၀၁၇ အကြား ကောမန့် ၁၀-ခုကျော်မှာ အသရေဖျက်ရာရောက်ပါသည်ဟု မီဒီယာတို့အား တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


၂၀၁၉-ခုနှစ် နယူးဆောက်သ်ဝေးလ်ပြည်နယ် တရားလွှတ်တော်၌ တရားစွဲဆိုခံရသူတို့က မိမိတို့သည် သတင်း ရေးသားလွှင့်တင်ခြင်းသာဖြစ်ပြီး သတင်းအောက်တွင် ကောမန့်ဝင်ရောက် ရေးသားချက်များနှင့် ပတ်သက်၍ တာဝန်မရှိကြောင်း ထုချေခဲ့ကြသည်ဆို၏။

သတင်းမီဒီယာတို့သည် ကောမန့်အားလုံးကို ပြန်လှန် မစိစစ်နိုင်ဟု ထုချေသည့်တိုင် Facebook တွင် မိမိတို့ ရေးသားလွှင့်တင်သော သတင်းနှင့်ပတ်သက်၍ ကောမန့်ရေးသားကြလိမ့်မည်ကို ကောင်းစွာသိရှိနိုင်ကြောင်း၊ ကောမန့်များကို ( ဖျက်ပစ်ခြင်းကဲ့သို့ ) လုံလောက်အောင် ထိန်းချုပ်နိုင်ပါလျှက်နှင့် အဆိုပါ ကော့မန့်များကို လူသိရှင်ကြား ဖြန့်ဝေရာရောက်သောကြောင့် တာဝန်ရှိသည်ဟု ပြည်နယ်တရားလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

Facebook တွင် သတင်းရေးသားလွှင့်တင်ရာ၌ ( ပြင်းထန်သော အသုံးအနှုန်းပါ ) ကောမန့်များအတွက် သတင်းမီဒီယာတို့တွင်လည်း တာဝန်ရှိ ကြောင်း တနင်္လာနေ့ အယူခံတရားရုံး၏ဆုံးဖြတ်ချက်မှာ သြစတေးလျ မီဒီယာလောကတွင် ပြင်းထန်စွာ ဂယက်ရိုက်ခတ်လျှက်ရှိသည်။


အသရေဖျက်မှုဆိုင်ရာဥပဒေပြောင်းလဲခြင်း တစ်စိတ်တစ်ပိုင်းအဖြစ် Twitter နှင့် Facebook ကဲ့သို့ လူမှုကွန်ရက်ပလက်ဖောင်း၌ ကောမန့်များအတွက် တာဝန်ခံမှုနှင့် ပတ်သက်သည့် အစီအစဉ်စတင်မည်ဖြစ်ကြောင်း လွန်ခဲ့သည့် နှစ်ကုန်ပိုင်း၌ သြစတေးလျှအစိုးရက ကြေညာခဲ့သည်။ ပထမအကြိမ်ဥပဒေပြဌာန်းပြီးနောက် ယခုလတွင် အကောင်အထည်ဖော်ရန်ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကျရောက်ခြင်းကြောင့် မည်သည့် အစီအစဉ်မျှ ကြေညာခဲ့ခြင်းမရှိသေးချေ။

အယူခံရှုံးနိမ့်သူ မီဒီယာတို့ကမူ သြစတေးလျှအစိုးရ၏ အသရေဖျက်မှုဆိုင်ရာဥပဒေသည် ဒစ်ဂျစ်တယ်သတင်းမီဒီယာခေတ်တွင် ဖြန့်ချီသည့် ဖြစ်စဉ်များနှင့် လုံးဝကိုက်ညီမှု မရှိကြောင်း၊ ကောမန့်များကို ထိန်းချုပ်နိုင်ခြင်း မရှိလျှင် မည်သည့်သတင်းမျှ ရေးသားခွင့်မရှိဟု ဆိုလိုရာရောက်ကြောင်း၊ နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းများနှင့် တရားရုံးတို့၏ စာမျက်နှာများသည်လည်း ပြင်းထန်သောအသုံးအနှုန်းများအတွက် တာဝန်ရှိလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အထူးအယူခံ ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

သြစတေးလျှတရားရုံး၏ စီရင်ချက်သည် ကောမန့်များနှင့် ပတ်သက်၍ မီဒီယာတို့တွင် တာဝန်ရှိသဖြင့် တရားစွဲဆိုခံထိုက်ကြောင်း ဆုံးဖြတ်ခြင်းသာဖြစ်ပြီး နစ်နာသည်ဆိုသူ ဒေလန်ဗိုလာအပေါ် အသရေဖျက်ရာရောက်-မရောက် ( လျှော်ကြေးပေးစေရန် ) ဆုံးဖြတ်ခြင်း မဟုတ်သေးချေ။

သို့သော် သတင်းမီဒီယာစာမျက်နှာတို့အောက်တွင် လာရောက်ရေးသားကြသော ကောမန့်များအတွက် တရားစွဲဆိုခံရနိုင်သည်ဆိုသဖြင့် သြစတေးလျှမီဒီယာလောကတွင် အကြပ်အတည်းများစွာ ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

(( ကျွန်တော် အမှတ်မမှားပါလျှင် လွန်ခဲ့သောနှစ်များက ကျွန်တော်၏ ပို့စ်ရေးသားဖော်ပြချက်များနှင့် ပတ်သက်၍ ဝင်ရောက်ရေးသားသော ကောမန့်များကို Community Standard မညီညွတ်လျှင် ဖျက်ပစ်ရမည်ဖြစ်ကြောင်း Facebook ထံမှ အကြောင်းကြားစာကို လက်ခံရရှိခဲ့ဖူးသည်။ မိတ်ဆွေများလည်း ရရှိခဲ့ပြီး ဖြစ်ပါမည်။

ထို့ပြင် ပို့စ်ရေးသားလွှင့်တင်သူသည် ကောမန့်များကို ဖုံးကွယ်-ဖျက်ပစ်နိုင်သလို၊ ကောမန့်ဘောက်စ်ကိုလည်း ပိတ်ထားနိုင်ကြောင်း အများသိပြီးဖြစ်ပါသည်။ ကောမန့်ရေးသူက ၎င်း၏ ကောမန့်ကို ဖုံးကွယ်/ဖျက်/ ပြင်ဆင် Edit လုပ်လျှင်လည်း ပို့စ်ပိုင်ရှင်က မြင်သိနေအောင် စီစဉ်ထားသည်။

သို့သော် Post, Scrip, Photo, Video တို့ကို စောင့်ကြည့်- ဖျက်သိမ်း-ဖုံးကွယ်ရန်မှာ ယနေ့ထိ Facebook Monitoring Team ကသာလျှင် ဆောင်ရွက် သည်ဟု နားလည်မိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အကောင့်အားဖျက်သိမ်းခြင်း၊ ရက်ကန့်သတ်ပိတ်ခြင်းတို့အတွက် အမြင်အမျိုးမျိုးရှိသဖြင့် အတော် မကြေမနပ်ဖြစ်ကြသူများ၌ ကျွန်တော်လည်း ပါဝင်သည်။


တကယ်တော့ အမုန်းစကား၊ သွေးထွက်သံယို၊ အကြမ်းဖက်မှုများကို လူမှုကွန်ရက်အသုံးပြု၍ရေးသားလျှက်ရှိကြောင်း ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာဖိအားကြောင့် Facebook Monitoring Team အသစ်များ ပေါ်လာရခြင်းဖြစ်ပြီး၊ ဘယ်နှယ့်တွေ ဖြစ်နေလဲဆိုသည်ကိုတော့ အများဆုံးဖြတ်ရန်သာရှိသည်။

ကိုယ်တိုင်ရေး ပို့စ်များ Hide လုပ်ခံရသဖြင့် မကြေမနပ်ဖြစ်နေသော ဒေါ်နယ်ထရမ့်ကမူ လူမှုကွန်ယက်တို့၌ ထိုသို့မလုပ်ရန် သမ္မတ၏ အခွင့်အာဏာအသုံးပြုလျှက် executive order အာဏာတည်စေသောအမိန့် ထုတ်ပြန်လိုက်ကြောင်း တွေ့ရပါသည်။

ယနေ့သတင်းတစ်ပုဒ်တွင်မူ အမေရိကန်သမ္မတ၏ ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းကို Facebook ဝန်ထမ်းများ အတော်ပေါက်ကွဲကြကြောင်း သိရှိရပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Guardian ., Mon 1 Jun 2020.” Australian media companies face defamation liability for comments on Facebook after court dismisses appeal.” ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#လူမှုကွန်ယက်တွင်သတင်းရေးသားသောမီဒီယာသည်အသရေဖျက်ရာမြောက်သည့်ကောမန့်များအတွက်တာဝန်ရှိ

https://www.theguardian.com/media/2020/jun/01/australian-media-companies-face-defamation-liability-for-comments-on-facebook-after-court-dismisses-appeal

https://www.bbc.com/news/technology-52843986

0

One Reply to “Facebook တွင် သတင်းရေးသားလွှင့်တင်သော မီဒီယာသည် သတင်းပို့စ်အောက်တွင် ဖော်ပြသော အသရေဖျက်ရာရောက်သည့် ကောမန့်များအတွက် တာဝန်ရှိကြောင်း တရားရုံးဆုံးဖြတ်။”

  1. ကျွန်တော့်အမြင်အရဆိုလျှင် လူမှု့ကွန်ရက်၌ ဖော်ပြသော ပို့စ်၊ ဓါတ်ပုံတစ်ခုခုသည် ဥပဒေပုဒ်မတစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် ရေးသားသူသာမက Share ရှယ်သူသည်လည်း အကျုံး၀င်ပါသည်။

    မီဒီယာသဘောတွင် ( ၁ ) ရေးသားသူ ( ၂ ) ထုတ်ေ၀သူ ( ၃ ) ဖြန့်ချီသူ ဟု ရှိမြဲဖြစ်ပါသည်။
    ဤတွင် Share ရှယ်သူသည် အမှတ်စဉ် ( ၃ ) ဖြန့်ချီသူဖြစ်သွားသည်။

    ဆက်သွယ်ရေးဥပဒေအရ အင်တာနက်တွင် Account အကောင့်တစ်ခုခု အသုံးပြုခြင်းဆိုသည်မှာ Password ခေါ် Digital Signature ဒစ်ဂျစ်တယ်နည်းလက်မှတ်ရေးထိုး၀င်ရောက်အသုံးပြုရမြဲဖြစ်သည်။

    ထို့ကြောင့် ရေးသားမှု့ကို ဖြန့်ချီသူ အလိုအလျှောက် ဖြစ်သွားသည်ဟု နားလည်မိပါသည်။

    လူ့အခွင့်အရေး အသားပေး လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများတွင် သြစတေးလျှသည် မီဒီယာတို့အပေါ် အတော်လက်သံပြောင်ကြောင်း သတိထားမိသည်။
    လွန်ခဲ့သောနှစ်များတွင် အာဖဂန်ရောက်သြစတေးလျစစ်သားများ၏ စစ်ရာဇ၀တ်မှုကျူးလွန်သည်ဟု ဖော်ပြသော မီဒီယာရုံးချုပ်နှင့် အယ်ဒီတာနေအိမ်များအား ၀င်ရောက်စီးနင်းရှာဖွေခြင်း၊ စာရွက်စာတမ်းနှင့် ကွန်ပျူတာများ သိမ်းယူခြင်းတို့ ပြုလုပ်ခဲ့ဖူးသည်။
    မည်သို့ဖြစ်စေ ကျွန်တော်များ၏ အခြားကမ္ဘာဘက်ခြမ်းတွင် ဖြစ်ပျက်နေသမျှ နေ့စဉ်သတင်းအမှန်များ သိရှိနေသင့်ပါသည်။
    တစ်ချိန်က အာရှနှင့် အာဖရိကတိုက်သားအများစုကြီးသည် မိမိတို့နိုင်ငံရပ်ရွာ၏ အပြင်ဖက်တွင် ဘာတွေဖြစ်နေမှန်း မသိသူအတော်များသည်။ ထို့ကြောင့် လှိုင်းလေပြင်းထန်သော မိုင်ထောင်ချီပင်လယ်ခရီးကို ဖြတ်သန်းကာ မိမိတို့ထံရောက်လာသူများအကြောင်းကို သေချာစွာ မသိခဲ့ကြပေ။
    ရလာဒ်မှာ လူကို လူချင်း ကိုလိုနီပြုခံလိုက်ရခြင်းဖြစ်တော့သည်။

    0

Leave a Reply

Your email address will not be published.