Facebook အနေဖြင့် မြန်မာအရာရှိများ၏ လူမျိုးသုဉ်းပြုခြင်းဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ပေးရန် အမေရိကန်ခရိုင်တရားရုံးက ဖိအားပေး တောင်းဆို။ သက်ဆိုင်ရာဥပဒေများနှင့်အညီ သုံးသပ်လျှက် ဆက်လက်ဆောင်ရွက်မည်ဟု Facebook ပြော။

အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ICJ ၌ မြန်မာနိုင်ငံအား စွဲဆိုထားသည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) များအပေါ် လူမျိုးသုဉ်းပြုခြင်းနှင့် စပ်လျဉ်း၍ မြန်မာစစ်ဘက်နှင့် ရဲတပ်ဖွဲ့တို့၏ သတင်းအချက်အလက်များနှင့် ဆက်သွယ်မှုများကို Facebook က ထုတ်ပြန်ပေးရန် အမေရိကန်ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက် သည်ဟု Reuters က ယမန်နေ့ရေးသားသည်။ 

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အခြေစိုက်အပြည်ပြည်ဆိုင်ရာတရားခုံရုံးက မြန်မာနိုင်ငံက ဒုက္ခသည်ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းပြုခြင်းဖြင့် ၁၉၄၈ – ခုနှစ် ကွန်ဗင်းရှင်းကို ချိုးဖောက်သည်ဟူသော စွပ်စွဲသည့် အမှုကို ကြားနာရန် လက်ခံခဲ့သည်။ 

မွတ်စလင်နိုင်ငံများအုပ်စု၏ ကျောထောက်နောက်ခံဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် နိုင်ငံအချင်းချင်းအကြား အမှု့အခင်းများကို ကြားနာလေ့ရှိသည့် ကုလသမဂ္ဂတရားရုံးဟု လူသိများသော အပြည်ပြည်ဆိုင်ရာ တရားခုံရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ဖြိုခွင်းခံရခြင်းမှ ထွက်ပြေးခဲ့ရသည့် ထောင်နှင့်ချီသော ဒုက္ခသည်ဘင်္ဂါလီမွတ်စလင်များအား ဗုဒ္ဓဘာသာဝင်အများစု မြန်မာပြည်တွင် နိုင်ငံခြားသားများအဖြစ် မှတ်ယူထားသည်။ ( ထိုစဉ်အတွင်း ) အရပ်သားများအား သတ်ဖြတ်ခြင်းနှင့် ကျေးရွာများအား မီးရှို့ခြင်းတို့ကို လူ့အခွင့်အရေးအဖွဲ့များက မှတ်တမ်းတင်ထားခဲ့သည်။ မြန်မာအာဏာပိုင်များကမူ ၎င်းတို့အနေဖြင့် သောင်းကျန်းမှုကိုသာ တိုက်ခိုက်နေပြီး စနစ်တကျရက်စက်ယုတ်မာမှုများပြုလုပ်နေခြင်း မရှိကြောင်း ငြင်းဆန်ခဲ့သည်။ 

၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက Facebook သည်မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကိုဖြစ်ပေါ်စေသည့် အမုန်းတရားများဖြန့်ဝေရာ၌ အဓိကနေရာမှ ပါဝင်နေကြောင်း ပြောကြားခဲ့သည်။ Facebook ကလည်း အမုန်းစကားများကိုတားဆီးရန် လုပ်ဆောင်နေကြောင်း ရှင်းလင်းသည်။ 

ဇွန် ၈ -ရက်နေ့တွင် ကိုလံဘီယာခရိုင်၌ တည်ရှိသော အမေရိကန်ခရိုင်တရားရုံးသို့ ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်က တောင်းဆိုမှုတစ်ခု တင်သွင်းခဲ့သည်။ “ မြန်မာနိုင်ငံ စစ်ဘက်နှင့် ရဲတပ်ဖွဲ့တို့၏ Facebook စာမျက်နှာတွင် ပို့စ်အဖြစ်ရေးသားခြင်း၊ လွှင့်တင်ဖြန့်ဝေခြင်း၊ စာကြမ်းရေးသားခြင်းစသည့် ဆက်သွယ်မှုဆိုင်ရာ အချက်အလက် အားလုံးတို့ကို Facebook က ထုတ်ပြန်ပေးရန် “ ဟု ပါရှိသည်။ 

ဂမ်ဘီယာ၏ တောင်းဆိုမှုကို သိရှိကြောင်း Facebook က အတည်ပြုပြီး သက်ဆိုင်ရာဥပဒေများနှင့်အညီ သုံးသပ်လျှက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 

Facebook ၏ အချက်အလက်ရှာဖွေနေသည်များထဲတွင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ကြောင်း သိရှိရသည်။ ၂၀၁၈ ခုနှစ်သြဂုတ်လတွင် Facebook က ပိတ်သိမ်းခဲ့သော အရာရှိများနှင့်အဖွဲ့အစည်းများ၏ အကောင့်ပေါင်း ၂၀ မှ အချက်အလက်များကိုလည်း ရှာဖွေရမည် ဆို၏။ 

အရာရှိများ၏ Facebook တွင် လွှင့်တင်ခဲ့သော ပို့စ်များသည် လူမျိုးသုဉ်းပြုရန် ရည်ရွယ်သည့် သက်သေ သာဓကများဖြစ်နိုင်ကြောင်း ရှေ့နေများက ပြောဆိုသည်။ 

( မြန်မာက) လူမျိုးသုဉ်းပြုကြောင်း ထင်ရှားစေရန်အတွက် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်ခြင်းအဖြစ် ဖော်ပြထားသည့်အတိုင်း ဒုက္ခသည်ဘင်္ဂါလီများအပေါ်“ လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ” ပျက်စီးစေရန် သတ်မှတ်ရည်ရွယ်သည့် မည်သည့် ရက်စက်ကြမ်းကြုတ်မှုမျိုးကိုမဆို မြန်မာက ကြီးကြပ်ကွပ်ကဲကြောင်း ( ဂမ်ဘီယာက ) သက်သေပြရမည်ဆို၏။ 

အမှုမပြီးပြတ်မီ စစ်ဆေးကြားနာဆဲတွင် မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီများအား လူမျိုးသုဉ်းစေခြင်းနှင့် အခြားအကြမ်းဖက်မှုများမှ “ အမြန်ဆုံး “ အကာအကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံးခုံရုံး၏ တရားသူကြီးများက အမိန့်ချမှတ်ခဲ့သည်။ 

(( ICJ တွင် မြန်မာနိုင်ငံအပေါ် တရားစွဲဆိုကြောင်းနှင့် ပတ်သက်သည့် ယခင်ကျွန်တော်ဘာသာပြန်ဖော်ပြခဲ့သည့် သတင်းများတွင် ဂမ်ဘီယာအနေဖြင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFM ၏ အစီရင်ခံစာကို လက်ကိုင်ထားလျှက် စွဲဆိုနေခြင်းမှာ ဥပဒေကြောင်းအရ အလွန်အားနည်းဖွယ်ရှိကြာင်း ကျွန်တော် ဉာဏ်မီသမျှ ဝေဖန်ခဲ့ပါသည်။ 

FFM ၏ အစီရင်ခံစာဆိုသည်မှာ အမှန်တကယ် #မှုခင်းဖြစ်ပွားရာနေရာတွင် #ကိုယ်တိုင်ကိုယ်ကျသက်သေခံချက်/ #အထောက်အထားများမဟုတ်ပဲ ဤသို့ ကျူးလွန်ခြင်းခံရပါသည်ဟု စွပ်စွဲသူတို့ ပြောဆိုချက် မှတ်တမ်းများသာ အများဆုံးဖြစ်နိုင်ပါသည်။ 

ထိုပြင် ARSA နှင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာတွင် စိတ်လိုက်မာန်ပါ ဆောင်ရွက်ခြင်းများလည်း ဖြစ်နိုင်၍ လူမျိုးသုဉ်း Genocide သည်အထိ တမင်ရည်ရွယ်သည့် အဖြစ်မျိုးထိ မရောက်နိုင်ပါ။ အများဆုံးဖြစ်စရာရှိလျှင် စစ်ရာဇဝတ်မှုအဖြစ်သာ စွပ်စွဲနိုင်ခြေရှိသည်။ 

ထို့ကြောင့်လည်း ဂမ်ဘီယာက ယခုကဲ့သို့ Facebook တွင် ရေးသားချက်များအား သက်သေအဖြစ် တင်သွင်းလိုပုံရသည်ဟု ထင်မြင်ပါသည်။ ယခုသတင်းတွင် စစ်ဖက်နှင့် ရဲတပ်ဖွဲ့အရာရှိများ အကောင့် ၂၀ ခန့်ဟု ဆိုရာ၌ အတုလား အစစ်လား ကျွန်တော်လည်း မသိပါ။ Facebook က ဖျက်သိမ်းခဲ့သော ရာနှင့် ချီသည့် အကောင့်များ၏ Posts, Share များ ပါ-မပါလည်း မသိပါ။ 

Genocide ဆိုသည်မှာ အလွန်ကျယ်ပြန့်လှပါသဖြင့် တွေ့ရာမြင်ရာ မရှယ်-မသင့်ကြောင်းကိုမူ နားလည်နိုင်ကြလိမ့်မည်ဟု ယူဆပါသည်။ ။ သတင်းဘာသာပြန်သူ )) 

#Facebookကမြန်မာအရာရှိများ၏လူမျိုးသုဉ်းပြုခြင်းဆိုင်ရာအချက်အလက်များကိုထုတ်ပြန်ပေးရန်အမေရိကန်ခရိုင်တရားရုံးတောင်းဆို။ 

((( Reuters., June 10, 2020, “US court asked to force Facebook to release Myanmar officials’ data for genocide case. By: Anthony Deutsch Additional reporting by Stephanie van den Berg and Pap Saine in Banjul Editing by Peter Graff and Gareth Jones” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://af.reuters.com/article/commoditiesNews/idAFL8N2DN58Z 

0

Leave a Reply

Your email address will not be published.