McAfee ဆိုင်ဘာလုံခြုံရေးစံနစ် ထူထောင်သူကို စပိန်အကျဉ်းထောင်တွင် သေဆုံးလျှက် တွေ့ရှိ။ အခွန်တိမ်းရှောင်မှုဖြင့် အမေရိကန်သို့ လွှဲပြောင်းပေးရန် စပိန်တရားရုံးက စီရင်ချက်ချမှတ်ပြီး များမကြာမီ ထင်ရှားသော ကွန်ပျူတာပရိုဂရမ်ပညာရှင် မိမိကိုယ်မိမိ အဆုံးစီရင်


ကွန်ပျူတာဗိုင်းရပ်စ်နှိမ်နင်းရေးတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဂျွန်မက်ကဖီးအား စပိန်နိုင်ငံအကျဉ်းထောင်တွင် သေဆုံးလျှက်တွေ့ရှိရကြောင်း၊ ၎င်းအား အခွန်တိမ်းရှောင်မှုဖြင့် အလိုရှိသော အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် စပိန်တရားရုံးတော်က အတည်ပြုခဲ့သည်မှာ မကြာသေးကြောင်း အာဏာပိုင်များက ပြောဆိုသည်ဟု AFP က ယနေ့ ရေးသားသည်။

…     
ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၇-နာရီခန့်တွင် ဘာစီလိုနာမြို့အနီး ဘရိုင်ယန် အမှတ်-၂ အကျဉ်းထောင်၌ အသက် ၇၅-နှစ်အရွယ်ရှိ ဂျွန်မက်ကဖီးမှာ မိမိကိုယ်မိမိ အဆုံးစီရင်၍ သေဆုံးခြင်းမှန်ကန်ကြောင်း ကက်တာလိုနီးယားအရှေ့မြောက်ဒေသ အကျဉ်းထောင်ဋ္ဌာနက သတင်းထုတ်ပြန်သည်။

…  
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၌ ဂျွန်မက်ကဖီးသည် တူရကီနိုင်ငံ အစ္စတန်ဘူလ်သို့ ထွက်ခွာမည့်ဆဲဆဲ ဘာစီလိုနာလေဆိပ်တွင် အဖမ်းခံခဲ့ရပြီး စပိန်နိုင်ငံ၌ အကျဉ်းချခံနေရခြင်းဖြစ်သည်။

…  
သူသည် အကြံပေးလုပ်ငန်း၊ ကရစ်တိုကာရင်စီ ခေါ် ကွန်ပျူတာချိတ်ဆက်သုံး ဆိုင်ဘာငွေကြေးလုပ်ငန်းနှင့် ၎င်း၏အတ္ထုပ္ပတ္တိစာအုပ် ရောင်းချဝင်ငွေ ရာခိုင်နှုန်းတို့မှ ဒေါ်လာသန်းချီ ရရှိနေသော်လည်း ၂၀၁၄ နှင့် ၂၀၁၈ အကြား အခွန်ငွေ ဒေါ်လာ ၁၂-သန်း ပေးဆောင်ရန် တမင်ရည်ရွယ်ပျက်ကွက်ကြောင်း နောက်ကြောင်းပြန် တွေ့ရှိမှုဖြင့် အမေရိကန်က အလိုရှိနေသူဖြစ်သည်။ အကယ်၍ ပြစ်မှုထင်ရှား စီရင်ခံရလျှင် ဂျွန်မက်ကဖီး အနေဖြင့် အမေရိကန်အကျဉ်းထောင်၌ ထောင်ဒဏ်အနှစ် ၃၀ အထိ ကျခံရဖွယ်ရှိသည်။ အမေရိကန်သို့ လွှဲပြောင်းပေးရန် တရားရုံး၏ အမိန့်ကို စပိန်အစိုးရထံ အယူခံဝင်နိုင်ကြောင်း သိရှိရသည်။

…    
၁၉၈၇ ခုနှစ်တွင် ဂျွန်မက်ကဖီးသည် ၎င်း၏ McAfee အမည်ဖြင့် ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ်ကုမ္ပဏီကို တည်ထောင်ပြီးနောက် ကရစ်တိုကာရင်စီငွေကြေးလောက၌ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၂,၀၀၀ ဝင်ငွေရရှိသော ဂုရုတစ်ဆူ ဖြစ်လာသည်။

…  
၇-နှစ်အကြာတွင် ကွန်ပျူတာလုံခြုံရေးဆော့ဝဲလ်ကုမ္ပဏီမှ နှုတ်ထွက်ခဲ့သော မက်ကဖီး၏ နေ့စဉ်ဘဝတွင် မူးယစ်ဆေးဝါး၊ လက်နက်များသာမက လူသတ်မှုများအထိပင် ရှုတ်ထွေးပတ်သက်ခဲ့သည်။ Twitter တွင် Follower တစ်သန်းကျော်ရှိပြီး ” မိန်းမတို့၏ အချစ်မေတ္တာ၊ စွန့်စားမှုနှင့် လျှို့ဝှက်နက်နဲမှုတို့ကို နှစ်သက်သူ” အဖြစ် သူ့ကိုယ်သူ ဖော်ပြခဲ့သည်။ ဇွန် ၁၆-ရက် Twitter ရေးသားချက်တွင် ၎င်းထံ၌ သိုဝှက်ထားသော ကရစ်တိုကာရင်စီငွေကြေးများရှိသည်ဟု အမေရိကန်အာဏာပိုင်များက ယုံကြည်လျှက်ရှိကြောင်း၊ ကျန် ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းသွားခဲ့ကြောင်း၊ အဖြစ်စဉ်ကို ကြောက်ရွ့ံ့၍့ မိတ်ဆွေများလည်း အနားမှ ဖယ်ခွာ သွားကြကြောင်း၊ ၎င်းအနေဖြင့် လက်ချည့်ဗလာ ကျန်ခဲ့သော်လည်း နောင်တမရကြောင်း ဖော်ပြထားသည်။

…  
ဂျွန်အနေဖြင့် ထိန်းသိမ်းထားးရာ စပိန်အကျဉ်းထောင်တွင် ကောင်းမွန်စွာ မနေရကြောင်း လုံလောက်သည့် ဆေးဝါးကုသမှု ရရှိရန် နှောင့်နှေးလျှက်ရှိသည်ကို တိုင်တန်းခဲ့မှာ ကြာခဲ့ပြီဖြစ်ကြောင်း၊ အမေရိကန်အာဏာပိုင်တို့သည် ဂျွန်အား သေသည်အထိ အကျဉ်းထောင်တွင် ထားရန် ဆုံးဖြတ်ထားသူများဖြစ်ကြောင်း၊ သွားပုပ် လေလွင့် ပါးစပ်စကားများကို ဆက်လက်ယုံကြည်နေကြဆဲ မီဒီယာတို့၏ ရေးသားချက်များမှာ ဂျွန်၏ ဘဝကို ပိုမိုဆိုးရွားစေပြီး အမေရိကန်၌ မျှတသော တရားစီရင်မှုကို မရရှိနိုင်ကြောင်း ဂျွန်မက်ကဖီး၏ ဇနီးဖြစ်သူ ဂျင်နီက တနင်္ဂနွေနေ့ ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားသည်။

…   
မက်ကဖီးသည် အိမ်နီးချင်း ဗဟိုအမေရိကနိုင်ငံ ဘီလဇ်သို့ ပြောင်းရွှေ့နေထိုင်ပြီး ၂၀၁၂-ခုနှစ်တွင် ဖြစ်ပွားသည့် ထူးဆန်းသော လူသတ်မှုဖြင့် ဟိုးလေးတကြော်ဖြစ်ခဲ့ရသည်။

…  
ဂရေဂိုရီဖောအမည်ရှိသူအား ၎င်းနေထိုင်ရာအခန်းတွင် ဦးခေါင်း၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးလျှက်တွေ့ရှိရသည်။ ပြစ်မှုကျူးလွန်ကြောင်း သံသယအဆင့်ကို ကျော်လွန်၍ အနီးစပ်ဆုံးဖြစ်သူ မက်ကဖီး၏ နေအိမ်အား ဘီလဇ်အထူးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်တွင် အသက် ၁၇-နှစ်အရွယ် မိန်းကလေးမိတ်ဆွေနှင့်အတူ မက်ကဖီးကို လက်နက်အမြောက်အများနှင့်အတူ တွေ့ရှိကြရသည်။ မက်ကဖီးအား လိုင်စင်မဲ့ လက်နက်မှု တရားမဝင် မူးယစ်ဆေးထုတ်လုပ်မှုဖြင့် ဖမ်းဆီးခဲ့သော်လည်း စွဲချက်မတင်မီ လွတ်မြောက်သွားသည်။ 

လူသတ်မှု ဖြစ်ပွားသည့် ညတွင် သေဆုံးသူ၏ နေအိမ်၌ ၎င်းရှိမနေကြောင်း ပြောဆိုသည့် မက်ကဖီးအား ရဲတပ်ဖွဲ့က ဆက်လက်မေးမြန်းလိုသော်လည်း ခြေရာပျောက်သွားသည်။ မက်ကဖီးကိုယ်တိုင်မူ လူသတ်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း နောင်တွင် ငြင်းဆိုသည်။ မက်ကဖီးအပေါ် ဘီလဇ်တွင် စွဲဆိုထားသောအမှုမှာ မှားယွင်းမှုဖြင့် ၂၀၁၉-ခုနှစ်တွင် အမှုပိတ်သိမ်းသွားသော်လည်း ကျန်ရစ်သူမိသားစုအား ဒေါ်လာ ၂၅-သန်ကျော် ပေးဆောင်စေရန် ဖလော်ရီဒါတရားရုံးက အမိန့်ချမှတ်ခဲ့သည်။

…    
ဗြိတိန်နိုင်ငံတွင် မွေးဖွားပြီး အမေရိကန်အာကာသိပ္ပံ နာဆာ NASA ၏ ပရိုဂရမ်မာဟောင်းတစ်ဦးဖြစ်သူ၏ Anti-Virus ကုမ္ပဏီကို ၂၀၁၀-ပြည်နှစ်တွင် အင်တဲလ် Intel က ဝယ်ယူခဲ့သည်။

…  
၂၀၁၆ ခုနှစ်တွင်ဖြန့်ချိခဲ့သော “ ဂရင်ဂို-အန္တရာယ်များသော ဂျွန်မက်ကဖီး၏ ဘဝဇာတ်ကြောင်း” အမည်ရှိ မှတ်တမ်းရုပ်ရှင်မှာ ဘီလဇ်၌ ကြုံတွေ့ခဲ့ရသည်တို့ကို ဖော်ကျူး ထားသည်။
၂၀၁၅-ခုနှစ်တွင် အမေရိကန်၌ အရက်သေစာသောက်စား၍ မော်တော်ယာဉ်မောင်းနှင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ နိုင်ငံရေးအနေဖြင့်မူ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် တရုတ်နှင့် ရုရှားတို့၏ ဆိုင်ဘာတိုက်ခိုက်မှုများကိုကာကွယ်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့၌ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။

(( ကွန်ပျူတာအသုံးပြုသူတို့၏ မိတ်ဆွေဟု ဆိုနိုင်သည့် McAfee Anti-Virus Software ကို စတင်သူ လူထူးလူဆန်း သန်းကြွယ်သူဋ္ဌေးတစ်ဦး၏ မလှပသော ဘဝနိဂုံးကို ဝမ်းနည်းစွာ ဖော်ပြအပ်ပါသည်။ ။သတင်းဘာ သာပြန်သူ))

…  
#မက်ကဖီး #McAfee #ဂျွန်နက်ကဖီး

(((AFP., June 24th, 2021,” McAfee founder found dead by suicide in Spanish jail.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/2021/06/24/mcafee-founder-found-dead-by-suicide-in-spanish-jail 

Leave a Reply

Your email address will not be published.