Quad စစ်ရေးလေ့ကျင့်မှု နောက်ဆုံးရက်၌ အမေရိကန်က အိန္ဒိယ၏ သီးသန့်စီးပွားရေးဇုန်ပင်လယ်ပြင်သို့ ခွင့်ပြုချက် မတောင်းပဲ စစ်သင်္ဘောစေလွှတ်။ နယူဒေးလီအစိုးရက ရေပြင်ပိုင်ဆိုင်မှု အလွန်အကျွံပြဋ္ဌာန်းဟု ဆို။ အံ့အားသင့်ဖွယ် ရန်စမှုအဖြစ် အိန္ဒိယသတင်းစာများ ဖော်ပြ


ယခုရက်သတ္တပတ်၌ အမေရိကန်က အိန္ဒိယနိုင်ငံ လခ်ရှက်ဒ်ဝိ ကျွန်းစုအနီးသို့ အပြစ်ကင်းစွာရေကြောင်းသွားလာခြင်းအဖြစ် ၎င်း၏စစ်သင်္ဘောကို စေလွှတ်လိုက်သည်။ နယူးဒေလီအစိုး၏ ရေပြင်ပိုင်နက်ဆိုင်ရာ တောင်းဆိုချက်များမှာ နိုင်ငံတကာဥပဒေနှင့်ဆန့်ကျင်လျှက်ရှိသည်ကို စိန်ခေါ်သည့်အနေဖြင့် အိန္ဒိယထံမှ ခွင့်ပြုချက်တောင်းခံရန် တမင်ရှောင်လွှဲနေခဲ့သည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

…   
Arleigh Burke-class အတန်းအစား ပဲ့ထိန်းဒုံးကျည်တင်ဖျက်သင်္ဘော #ယူအက်စ်အက်စ်_ဂျွန်ပေါလ်ဂျုံးစ် သည် အိန္ဒိယအစိုးရထံမှ ကြိုတင်ခွင့်ပြုချက် မပါရှိပဲ နိုင်ငံတကာတရားဥပဒေနှင့်အညီ  လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို ကျင့်သုံးလျှက် လခ်ရှက်ဒ်ဝိကျွန်းစုအနောက်ဘက် ရေမိုင် ၁၃၀ ခန့် အကွာ အာရေဗျပင်လယ်၌  ခုတ်မောင်းခဲ့ကြောင်း၊ အဆိုပါရေပြင်သည် အိန္ဒိယနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် EEZ အတွင်း ကျရောက်ကြောင်း၊ အိန္ဒိယ၏ ပင်လယ်ရေပြင်ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုတို့သည် အပြစ်ကင်းစွာရေကြောင်းသွားလာခွင့်၊ ဥပဒေနှင့်အညီ ပင်လယ်ပြင်အား အသုံးချပိုင်ခွင့်တို့ကို အသိအမှတ်ပြုထားသည့် နိုင်ငံတကာတရား ဥပဒေပါ ပြဋ္ဌာန်းချက်တို့ကို စိန်ခေါ်လျှက်ရှိကြောင်း၊

…   
ကမ်းဦးရေတိမ်ပိုင်း သို့မဟုတ် သီးသန့်စီးပွားရေးဇုန်အတွင်း ခုတ်မောင်းသွားလာခြင်း သို့မဟုတ် စစ်ရေးလေ့ကျင့်ခြင်းတို့အတွက် သက်ဆိုင်ရာနိုင်ငံ၏ ကြိုတင်ခွင့်ပြုချက် လိုအပ်သည်ကို အမေရိကန်ရေတပ်မတော်အနေ ဖြင့် ကောင်းစွာသတိပြုမိကြောင်း၊ သို့သော် အိန္ဒိယ၏ ပြဋ္ဌာန်းတောင်းဆိုခြင်းတို့သည် တရားမျှတမှုကို အခြေခံ ခြင်း မရှိကြောင်း၊ အမေရိကန် အမှတ် ၇ ရေတပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

…    
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန်အနေဖြင့် ၁၉၉၅ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) နှင့်အညီ ခွင့်ပြုချက်တောင်းခံရမည်ဟု အိန္ဒိယက ယုံကြည်သည်။ သို့သော် UNCLOS မှာ ရေပြင်ပိုင်ဆိုင်မှု အလွန်အကျွံပြဋ္ဌာန်းခြင်းဖြစ်သည်ဟု မှတ်ယူကြသော တစ်ဒါဇင်ကျော်နိုင်ငံများနှင့် အမေရိကန်က ကုလသမဂ္ဂ၏အပြည်ပြည်ဆိုင်ရာသဘောတူညီချက်တွင် မည်သို့မျှ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသေးပါ။ ဤသို့ဖြင့် ယခုထိပ်တိုက်တွေ့မှု ဖြစ်ပေါ်လာသည်။

…   
အစဉ်အလာအားဖြင့် အမေရိကန်စစ်သင်္ဘောများမှာ လွတ်လပ်စွာရေကြောင်းသွားလာခွင့်အရ ဟုဆိုကာ တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းကင်းလှည့်ခြင်းဖြင့် အဆိုပါရေပြင်တွင် တရုတ်၏ နယ်မြေပိုင်ဆိုင်သည်ဆိုခြင်းကို ပယ်ချလေ့ရှိသည်။ အိန္ဒိယ၏ သီးသန့်စီးပွားရေးဇုန်ရေပြင်တွင် အမေရိကန်က အလားတူလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိချေ။ အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အိန္ဒိယနှင့် မဟာမိတ်ဖြစ်ရေး နည်းလမ်းရှာဖွေလျှက်ရှိသည်။

…    
လွန်ခဲ့သည့်လကပင်လျှင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဂျိမ်းစ်အော်စတင်က အိန္ဒိယသို့ ၂-ရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံစစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန်သဘောတူခဲ့ကြသေးသည်။

…  
အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတွင် ပြင်သစ်နိုင်ငံနှင့်တကွ Quad ခေါ် ၄-နိုင်ငံလုံခြုံရေး နိုင်ငံတကာရေကြောင်းစစ်ရေးလေ့ကျင့်မှုတွင် အဖွဲ့ဝင်ဖြစ်သည့် သြစတြေးလျ၊ ဂျပန်တို့နှင့်အတူ အမေရိကန်နှင့် အိန္ဒိယတို့လည်း ပါဝင်ခဲ့ကြသည်။ စစ်ရေးလေ့ကျင့်မှု နောက်ဆုံးရက်တွင် အမေရိကန်ရေတပ်မတော်၏ ယခုသတင်း ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်နေသည်။

…  
အိန္ဒိယအစိုးရအနေဖြင့် ၎င်း၏ ခွင့်ပြုချက်မရဘဲ အမေရိကန်စစ်သင်္ဘောကင်းလှည့်မှုအပေါ် တရားဝင်တုံ့ပြန်မှု မရှိသေးသော်လည်း အံ့အားသင့်ဖွယ် ရန်စသည့် လုပ်ရပ်အဖြစ် အိန္ဒိယသတင်းစာများက ဖော်ပြကြသည်။

…  
အိန္ဒိယ၏ တရားဥပဒေကို ချိုးဖောက်ရာရောက်သည့် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုမှာ ဆိုးရွားမှု  အပြည့်ဖြစ်ပြီး၊ ထိုကဲ့သို့ လူသိရှင်ကြား တကယ်လုပ်ပါသလားဟု အိန္ဒိယရေတပ်မတော်အကြီးအကဲဟောင်း အေယန်ပရာကစ်ရှ်က ၎င်း၏ Twitter စာမျက်နှာတွင် စိတ်ရှုတ်ထွေးစွာ ရေးသားသည်။

…   
အမှတ် ၇ ရေတပ်မတော်၏ အိန္ဒိယအပေါ် အသိပေးလိုချက်မှာ မရှင်းမလင်း ရှိနေဆဲဖြစ်ကြောင်း ထောက်ပြပြီး အမေရိကန်ရေတပ်မတော်အနေဖြင့် #ရန်သူမိတ်ဆွေခွဲခြားဆက်ဆံသည့်စံနစ် #IFF ကို အပြည့်အဝကျင့်သုံးသင့်ပြီဖြစ်ကြောင်း အိန္ဒိယရေတပ်မတော်အကြီးအကဲဟောင်းက တောင်းဆိုလိုက်သည်။

((စစ်ရေးတွင် အမြဲတန်းမိတ်ဆွေ-အမြဲတန်းရန်သူ မရှိ ဆိုသည်မှာ အမှန်ဖြစ်ကြောင်း ယခုသတင်းက သက်သေပြလျှက်ရှိပါသည်။

…   
နိုင်ငံတကာကွန်ဗင်းရှင်းအရ အိန္ဒိယက ပြဋ္ဌာန်းသည့် ပိုင်နက်နယ်နိမိတ်အတွင်း အမေရိကန်ကဲ့သို့ မဟာမိတ်နိုင်ငံက ချိုးဖောက်ဝင်ရောက်သည်ဆိုခြင်းမှာ အတော်မယုံချင်စရာဖြစ်သည်။ အထူးသဖြင့် ကျွန်တော်တို့ ဆီက R2P False Hope #အာတူးပီ_တစ်လွဲမျှော်လင့်သမားများက ပို၍ သံသယဖြစ်ပါမည်။

…  
သို့သော် ကနေဒါ ဗြိတိန်ကဲ့သို့ အမေရိကန်၏ မျက်မှောက်ခေတ် စစ်တိုက်ရာတွင် တက်ညီလက်ညီ အမြဲပါဝင်သည့် နိုင်ငံများ၏ စစ်ရေးပြောင်းလဲဖြစ်စဉ်များကိုပင် အိမ်ဖြူတော်က ထောက်လှမ်းနေကြောင်း လူသိရှင်ကြားဖြစ်ကာ အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်ခဲ့ရဖူးသည်။

…  
ကျွန်တော်များ လူသိနည်းသည်မှာ ယခုသတင်းပါ အိန္ဒိယ၏ သီးသန့်စီးပွားရေးဇုန်ရေပြင်တည်ရာ လခ်ရှက်ဒ်ဝိ ကျွန်းစု၏ တောင်ဘက် အိန္ဒိယသမုဒ္ဒရာအတွင်း # ဒိုင်ယေ_ဂိုဂါးစီးယား_ကျွန်းပေါ်၌ အမေရိကန် စစ်အခြေစိုက်စခန်း တည်ရှိနေခြင်းပင်ဖြစ်သည်။

…  
ကမ္ဘာ့ ပထမနေရာ ဗိုလ်စွဲလိုသည့် တရုတ်ကြီး၏ စစ်ရေးခြိမ်းခြောက်မှုကို တုန့်ပြန်ရန် Quad ၄-နိုင်ငံတို့၏ ရေကြောင်း စစ်ရေးလေ့ကျင့်မှုတို့ကို ယခင် ၂-ကြိမ်ထက်မနည်း ကျွန်တော် ဘာသာပြန်ဆိုတင်ပြခဲ့ပြီးဖြစ်ပါသည်။

..  
သို့သော် တရုတ်ကြီး၏ နောက်ဖေးပေါက် အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်း ဘင်္ဂလားပင်လယ်အော်တွင် Quad တို့၏ ဧပြီ ၄-၇ ရက်နေ့အထိ စစ်ရေးလေ့ကျင့်ရာ၌မူ ကျွန်တော်တို့ဆီတွင် R2P မျှော်ခိုက်နှင့် ကြုံကြိုက်လေသတတ်။

…   
၄-နိုင်ငံမက ပြင်သစ်လည်း ပါဝင်လာသဖြင့် ဒီတစ်ချီတော့ ဟုတ်ပြီဟု လက်ခမောင်း ခတ်ကြလေကုန်၏။

…  
သို့သော်လည်း ထိုရက်ပိုင်းတွင် ထိုမ်ဝမ်ကျွန်းအနီး လေယာဉ်တင်သင်္ဘောအပါအဝင် စစ်ရေးလေ့ကျင့်မှု ကို တရုတ်က အကြီးအကျယ်ပြုလုပ်သည်။ Quad စစ်ရေးလေ့ကျင့်ရာ၌ ပါဝင်သည့် အမေရိကန် အမှတ် ၇ ရေတပ်မတော်မှ လေယာဉ်တင်သင်္ဘော သီအိုဒိရုးစဗဲ့လ်သည်လည်း ဖုတ်ဖက်ခါ၍ တောင်တရုတ်ပင်လယ်သို့ ကမန်းကတန်း ပြန်ပြေးရလေကာ မျှော်သူများ ဖဿေ ဖဿ ဖြစ်ရလေကုန်၏။

…   
ပါကစ္စတန်နှင့် ပတ်သက်၍ အမေရိကန်အပေါ် အိန္ဒိယ၏ ယုံကြည်ချက်မှာ ရာနှုန်းပြည့်ဟု မဆိုနိုင်ပါ။ အမျိုးသားရေးဝါဒီ နာရင်ဒြာမိုဒီက သူ့နိုင်ငံလုံခြုံရေးအတွက် ဂျိုးဘိုင်ဒင်အား ပုံအပ်လိမ့်မည့် မဟုတ်ပါ။ ထို့ကြောင့် နျူးလက်နက်ရှင် အိန္ဒိယအား အာရှတိုက်၏နေတိုးအဖြစ် ကျော်သပ် ရင်သပ်လုပ်ရင်း လခ်ရှက်ဒ်ဝိရေပြင်သို့ ပဲ့ထိန်းဒုံးကျည်တင် စစ်သင်္ဘောအား စေလွှတ်ကာ #ပါးစပ်ထဲလဲ_ပလုပ်ပလောင်းစားရင်း_ပန်းကန်ထဲလဲ_ငါ့ဥစ္စာ လုပ်လိုက်ပုံရပါသည်။ ။ သတင်းဘာသာပြန်သူ))

(((Russia Today., 9 Apr, 2021,” US Navy sends warship to India’s exclusive economic zone without permission, to challenge New Delhi’s ‘excessive maritime claims’.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#အိန္ဒိယသီးသန့်စီးပွားရေးဇုန်ရေပြင်သို့_အမေရိကန်စစ်သင်္ဘောဝင်ရောက်

…  
https://www.rt.com/news/520619-us-navy-india-patrol/
https://www.futuredirections.org.au/publication/united-states-indian-ocean-region-security-vector/
https://timesofindia.indiatimes.com/india/us-navy-conducts-freedom-of-navigation-patrol-within-indias-exclusive-economic-zone/articleshow/81983624.cms
https://www.globaltimes.cn/page/202103/1218532.shtml
https://www.mlis.gov.mm/lsScPop.do?lawordSn=1937
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%9C%E1%80%9E%E1%80%99%E1%80%82%E1%80%B9%E1%80%82_%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%9A%E1%80%BA%E1%80%A5%E1%80%95%E1%80%92%E1%80%B1_%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%97%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8

Leave a Reply

Your email address will not be published.