Quad တွင် ပူးပေါင်းလျှင် နှစ်နိုင်ငံဆက်ဆံရေး အကြီးအကျယ် ပျက်စီးမည်ဟု ဘင်္ဂလားဒေ့ရှ်ကို တရုတ်သတိပေး၊ ဂျပန်နှင့်အမေရိကန်တို့ပါဝင်သည့် တရုတ်ဆန့်ကျင်ရေးအဖွဲ့တွင် ပူးပေါင်းမည်ကို လက်မခံဟု ဆို။ ပထဝီနိုင်ငံရေးဆိုင်ရာ ကျဉ်းမြောင်းသောရည်ရွယ်ချက်ရှိသည့် ဂိုဏ်းဖြစ်ဟု ပြော


[ဒါကာ] ဘင်္ဂလားဒေ့ရ်ှအနေဖြင့် အမေရိကန် ဦးဆောင်သော #Quad ခေါ် မဟာမိတ်အဖွဲ့တွင် ပါဝင်ခြင်း မပြု ရန် တရုတ်က သတိပေးလိုက်ပြီး တရုတ်ဆန့်ကျင်ရေး အစုအဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်က ပူးပေါင်းခဲ့လျှင် နှစ်နိုင်ငံဆက်ဆံရေးကို အကြီးအကျယ် ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု အိန္ဒိယ Zee News က ယမန်နေ့ ရေးသားသည်။

…   
ဘင်္ဂလားဒေ့ရှ်သမ္မတ၏ ဖိတ်ကြားချက်အရ #တရုတ်ကာကွယ်ရေးဝန်ကြီး_ဗိုလ်ချုပ်ကြီး_ဝေဖန်းဟီ လာရောက်လည်ပတ်ပြီး များမကြာ ဒါကာအခြေစိုက် တရုတ်သံအမတ်ကြီး လီဂျင်မင်၏ ယခုကဲ့သို့ ထူးခြားသော သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း တရုတ်ဗိုလ်ချုပ်ကြီးက အလေးအနက် ပြောဆိုရာ၌ ဒေသတွင်းမှ မဟုတ်သော ပြင်ပအင်အားကြီးနိုင်ငံများ၏ တောင်အာရှဒေသ၌ #စစ်ရေးမဟာမိတ်ဖွဲ့ခြင်းနှင့် #ဗိုလ်ကျလွှမ်းမိုးရေးကျင့်သုံးလာခြင်းကို ဒါကာနှင့်ပေကျင်းတို့အနေဖြင့် ပူးပေါင်း ဆန့်ကျင်သင့်ကြောင်း ညွှန်ပြခဲ့သည်။

…  
Quad ခေါ် ၄-နိုင်ငံမဟာမိတ်အဖွဲ့ငယ်တွင် ဘင်္ဂလာဒေ့ရှ်က ပါဝင်မည်ဆိုခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေသည့်အတွက် သင့်လျော်သည့် စိတ်ကူးမဟုတ်ကြောင်း တနင်္လာနေ့ ဒါကာ၌ ဗီဒီယိုကွန်ဖရင့်စံနစ်ဖြင့် ကျင်းပသော မီဒီယာတွေ့ဆုံပွဲတွင် တရုတ်သံအမတ်ကြီးက ထပ်မံပြောဆိုကြောင်း သိရှိရသည်။

…  
တရုတ်သံအမတ်၏ အငြင်းပွားဖွယ်ပြောဆိုချက်များကို #နိုင်ငံခြားရေးဝန်ကြီး_ဒေါက်တာ_ အေကေ _အဗ္ဗဒူ-မိုမန်က အင်္ဂါနေ့၌ တုန့်ပြန်ရာတွင် ဒါကာသည် မျှတသည့် ဘက်မလိုက်မူဝါဒကို ကျင့်သုံးကြောင်း၊ အဆိုပါမူဝါဒများ အတိုင်း ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည် လွတ်လပ်သည့် အချုပ်အချာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း မိမိတို့နိုင်ငံ၏ ရပ်တည်ချက်ကို မည်သည့်နိုင်ငံကမျှ လွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း၊

သဘောသဘာဝအရ (တရုတ်သံအမတ်) သည် နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုကြောင်း၊ ထိုအတွက် ဘင်္ဂလားဒေ့ရှ်က Quad တွင် ပူးပေါင်းမည်ဆိုခြင်းအပါအဝင် ၎င်းတို့က လိုသည်- မလိုသည်တို့ကို ပြောဆိုနိုင်ကြောင်း၊ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ Quad အဖွဲ့ဝင် မည်သည့်နိုင်ငံကမျှ ဘင်္ဂလားဒေ့ရှ်ထံ ဆက်သွယ်လာခြင်း ယခုအချိန်ထိ မရှိသေးကြောင်း၊ ကြိုတင်မှန်းဆ၍ ပြောဆိုနေကြခြင်း ဖြစ်ကြောင်း၊#ဘင်္ဂလားဒေ့ရ်ှသတင်းအေဂျင်စီ_ ယူနီယံ (#UNB) မှတစ်ဆင့် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

…  
၂၀၀၇ ခုနှစ်တွင် စတင်သည့် ၄-နိုင်ငံလုံခြုံရေးဆွေးနွေးပွဲ ကျင်းပပြီး များမကြာမီ အိန္ဒိယ၊ အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်တို့ပါဝင်သော Quad အုပ်စုကို ဖွဲ့စည်းခဲ့သည်။ Quad သည် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အထူးအုပ်စုငယ်မျှသာ ဖြစ်သည်ဆိုခြင်းမှာ မှန်ကန်မှု မရှိကြောင်း၊ တရုတ်ဆန့်ကျင်ရေးအတွက် ရည်ရွယ်ကြောင်း အမေရိကန်နှင့် ဂျပန်တို့ ပါဝင်နေခြင်းကို ကြည့်၍ ရှင်းလင်းစွာ သိမြင်နိုင်ကြောင်း၊ 

ကျဉ်းမြောင်းသော ရည်ရွယ်ချက်ရှိသည့် ပထဝီနိုင်ငံရေးဆိုင်ရာ ဂိုဏ်းတွင် ဘင်္ဂလားဒေ့ရှ်က ပူးပေါင်းရန် မသင့်လျော်ကြောင်း၊ ထိုသို့သော မိတ်ဖက်ပြုခြင်းမျိုးသည် အိမ်နီချင်းနိုင်ငံများ၏ ကိုယ်ပိုင်ဖြစ်တည်မှု၊ လူမှုရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ် ဖျက်ဆီးခဲ့ဖူးကြောင်း သမိုင်းဖြစ်စဉ်များက အကြိမ်ကြိမ် သက်သေပြသခဲ့သည်ဟု တရုတ်သံအမတ်ကြီး၏ သတင်းထုတ်ပြန်ချက်ကို BDNews24 ဒစ်ဂျစ်တယ်မီဒီယာနှင့် အခြားသတင်းစာများက ဖော်ပြခဲ့သည်။

…   
မဟာဗျူဟာအရ အရေးပါသည့် အင်ဒို – ပစိဖိတ် ဒေသတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို အဖြေရှာရန်အတွက် နိုင်ငံတကာ စည်းမျဉ်း-စည်းကမ်းများကို အခြေခံ၍ အပြန်အလှန်ဆက်သွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် Quad အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

…   
#အမေရိကန်သမ္မတ_ဂျိုးဘိုင်ဒင် ကြီးမှုး၍ Quad နိုင်ငံများ၏ ပထမဆုံး ထိပ်သီးအစည်းအဝေးကို မတ်လ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ရာ #အိန္ဒိယဝန်ကြီးချုပ်_နာရင်ဒြာမိုဒီ၊ #ဂျပန်ဝန်ကြီးချုပ်_ယိုရှီဟီဒေး_ဆူဂါ နှင့် #သြစတြေးလျဝန်ကြီးချုပ်_စကော့_မောရစ်ဆင်တို့ တက်ရောက်ခဲ့သည်။

(( ယခုသတင်းကို ဖတ်ရှု၍ အံ့သြသွားမိသည်မှာ ကျွန်တော်တစ်ယောက်တည်း ဖြစ်မည်ထင်ပါသ လား။ အိန္ဒိယနှင့် မဟာမိတ် ဘင်္ဂလားဒေ့ရှ်သည် တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံမဟုတ်ပါ။     ။ သတင်းဘာသာပြန်သူ ))

..  
#Quadတွင်ပူးပေါင်းလျှင်_နှစ်နိုင်ငံဆက်ဆံရေး_အကြီးအကျယ်ပျက်စီးမည်ဟု_တရုတ်သတိပေး

(((Zee News., May 11, 2021,” Relations with Bangladesh will damage if it joins Quad, warns China. Edited By: Saurabh Sinha ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ )))

https://zeenews.india.com/world/relations-with-bangladesh-will-damage-if-it-joins-quad-warns-china-2361266.html?fbclid=IwAR11TCSeygZffuLr2UYlFFRXJuIr8RTXRHsjNu87cmlvIlgp7aEEYEjhGwo 

+1

Leave a Reply

Your email address will not be published.