Twitter တွင် ရေးသားချက်များအား တရားစွဲခြင်းမှ အကာအကွယ်ကို အိန္ဒိယအစိုးရရုတ်သိမ်း။ လူမှုကွန်ယက်ပလက်ဖောင်း၏ ကြားခံဆက်သွယ်သူဖြစ်တည်မှု ပျက်ပြယ်၍ ထုတ်ဝေဖြန့်ချီသူအဖြစ် အိန္ဒိယနိုင်ငံ၏ ပြစ်မှုကြောင်းအရ အရေးယူခံရဖွယ်ရှိ


Twitter သည် ၎င်း၏ ဝဘ်ဆိုက်ပေါ်တွင် လွှင့်တင်ထားသော အကြမ်းဖက်ဗွီဒီယိုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ပထမသတင်းပေးတိုင်ကြားချက်များအရ စုံစမ်းစစ်ဆေးရာတွင် လူမှုကွန်ယက်မီဒီယာများဆိုင်ရာစည်းမျဉ်းသစ်များအား လိုက်နာကူညီရန်ပျက်ကွက်ကြောင်း၊ ထိုအတွက် ဝဘ်ဆိုက်တရားမဝင်သုံးစွဲသူများအပေါ် တရားစွဲဆိုခြင်းမှ အကာအကွယ်အား နယူးဒေလီအစိုးရက ရုတ်သိမ်းလိုက်ရာ အိန္ဒိယနိုင်ငံတွင် ပထမဆုံး အရေးယူခြင်းခံရသည့် အမေရိကန်ပလက်ဖောင်း ဖြစ်လာသည်ဟု Russia Today က ယနေ့ ရေးသားသည်။

…   
အိန္ဒိယနိုင်ငံ အီလက်ထရွန်နစ်နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက မေလနှောင်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သော လူမှုကွန်ယက်မီဒီယာများဆိုင်ရာစည်းမျဉ်းအရ Twitter မှာ ကြားခံဆက်သွယ်သူအဖြစ် အကာအကွယ်များ ပျက်ပြယ်သွားကြောင်း၊ ထုတ်ဝေဖြန့်ချီသူတစ်ဦးအဖြစ် အိန္ဒိယနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေကြောင်း အရ တာဝန်ယူရသည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း အမည်ဖော်ပြခြင်းမရှိသည့် ဝန်ကြီးဋ္ဌာနအား ကိုးကား၍ ဒေသန္တရသတင်းစာများအဆိုအရ သိရှိရသည်။

…   
အိန္ဒိယအစိုးရ၏ အရေးယူမှုမှာ လုံခြုံစိတ်ချရာ ဘုံလောကတစ်ခုအဖြစ်မှ အကာအကွယ်များဆုံးရှုံးခြင်းဖြင့် ပလက်ဖောင်းအသုံးပြုသူများ၏ ဥပဒေချိုးဖောက်ရာရောက်သော လွှင့်တင်မှုများအတွက် အမှုဆောင်အရာရှိချုပ်အပါအဝင် Twitter မှာ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းခံရခြင်းနှင့် ရာဇဝတ်ကြောင်းအရ တာဝန်ခံမှုရှိလာမည်ဖြစ်သည်။

…  
မေလ ၂၅ ရက် လူမှုကွန်ယက် ပလက်ဖောင်းများဆိုင်ရာ စည်းမျဉ်းအသစ်များမစတင်မီ Twitter အနေဖြင့် “ စည်းကမ်း၊ ညှိနှိုင်းနှင့် တိုင်ကြား “ ဟူ၍ အထူးအမှုဆောင်အရာရှိ ၃-ဦးကို ခန့်အပ်ရန်လိုအပ်ကြောင်း။ ၎င်းတို့သည် Twitter ၏ အမြဲတန်း ဝန်ထမ်းများ ဖြစ်ရန် လိုအပ်ပြီး ဇွန်လ ၅-ရက်နေ့ နောက်ဆုံးထား၍ ဖြည့်ဆည်းထားရှိရန် အာဏာပိုင်များက သတိပေးစာ ပေးပို့၍ ပြင်ဆင်ရန် အချိန်ပိုပေးခဲ့သော်လည်း လူမှုကွန်ယက်ဘီလူးကြီးက အိန္ဒိယနိုင်ငံ၏ အိုင်တီစည်းကမ်းချက်များအား လိုက်နာမှု မရှိကြောင်း သိရှိရသည်။

…  
Twitter ပြောရေးဆိုခွင့် ရှိသူကမူ ကုမ္ပဏီအနေဖြင့် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးဋ္ဌာနအား အလေးအနက် ထားရှိသည့်အနေဖြင့် လူမှုကွန်ယက်မီဒီယာများဆိုင်ရာစည်းမျဉ်သစ်များနှင့် ပတ်သက်၍ ကုမ္ပဏီ၏ အားထုတ်မှုများကို တစ်ဆင့်ခြင်း ဆောင်ရွက်လျှက်ရှိကြောင်း Times of India သတင်းစာ၏ မေးမြန်းချက်အား ဖြေဆိုသည်။

…   
ယခုလ စောစောပိုင်းတွင် ဂါဇီဘတ်မြို့ရှိ သက်ကြီးရွယ်အိုတစ်ဦးအပေါ် ရိုင်းပြစော်ကားမှုကို ပြသသည့် ဗွီဒီယိုအား လွှင့်တင်ခြင်းနှင့် ပတ်သက်၍ အူတာပရာဒက်ရှ်ရဲတပ်ဖွဲ့က တိုင်ကြားပြီးနောက် များမကြာမီ ယခုအရေးယူမှု ပေါ်ပေါက်လာခြင်းခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်စဉ်များအား သတင်းလမ်းကြောင်းလွှဲရန် ဖော်ပြသည့် ဗွီဒီယိုကို ဖယ်ရှားရန် ပျက်ကွက်ခြင်းဖြင့် Twitters အနေဖြင့်ဖြင့် ပြစ်မှုဆိုင်ရာဥပဒေအရ ကျူးလွန်ရာတွင် အားပေးကူညီမှုအဖြစ် တာဝန်ရှိကြောင်း၊ အာဏာပိုင်များက ပြောဆိုသည်ဟု NDTV က ဖော်ပြသည်။

…    
အကြမ်းဖက်ဗွီဒီယိုအား ရှယ် (မျှဝေ) သူများအဖြစ် ဒေသခံသတင်းထောက်အများအပြားကိုလည်း ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သည်။ သတင်းလမ်းကြောင်းလွှဲဗွီဒီယိုအား အကြီးအကျယ် ပြန့်နှံ့စေရန် အားပေးကူညီခြင်းဖြင့် အိန္ဒိယနိုင်ငံအတွင်း လူ့အဖွဲ့အစည်း၏ သဟဇာတဖြစ်မှုကို ဖျက်ဆီးသူများဖြစ်ကြောင်း စွပ်စွဲထားသည်။

…   
လူမှုကွန်ယက် ပလက်ဖောင်းများဆိုင်ရာ စည်းမျဉ်းအသစ်အပေါ် အငြင်းပွားမှုတွင် အိန္ဒိယအာဏာပိုင်များနှင့် အတော်ကွာခြားကြောင်း Twitter က အဆိုပါဗွီဒီယိုဖြင့် ပထမဆုံး ပြသခြင်းဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို အစိုးရမှနှိမ်နင်းခြင်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း လွန်ခဲ့သည့်လတွင် Twitter က ပြောကြားပြီးနောက် ကုမ္ပဏီနှင့် အစိုးရအကြား အချေအတင်ဖြစ်ခဲ့ရသည်။

…   
၎င်းမတိုင်မီ တစ်ရက်အလို၌ အိန္ဒိယတွင် ကြိုးကိုင်ခြယ်လှယ်ထားသော မီဒီယာအကြောင်း နိုင်ငံရေးသမားများ၏ ရေးသားချက်များကို Twitter တွင် လွှင့်တင်ပြီးနောက် ဒေလီနှင့် ဂစ်ဂေါင်ရှိ Twitter ရုံးခွဲများထံ ရဲတပ်ဖွဲ့ဝင်များက လာရောက်မေးမြန်းခြင်း ပြုလုပ်ခဲ့သည်။

…  
နယူးဒေလီအစိုးရကမူ Twitter အပေါ် တင်းကြပ်သည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။ ၎င်းတို့၏ အမှားအယွင်းများအားကို ဖုံးကွယ်ရန် လုံးဝအခြေအမြစ်မရှိသော အချက်အလက်များဖြင့် အိန္ဒိယနိုင်ငံအား ပုံဖျက်ရန် ကြိုးစားခြင်းသာဖြစ်ကြောင်း ချေပပြောဆိုသည်။

((နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသော တရားဥပဒေသည် အခြားနိုင်ငံများအတွက် နားလည်ချင်မှ နားလည်မည်ဖြစ်သည်။ ဥပမာအားဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တားမြစ်ထားသော အသားနှင့် အရက်သေစာတို့ကို တင်းကြပ်ထိန်းချုပ်ခြင်းမျိုးဖြစ်သည်။ ၎င်းမှာ တရုတ်အပါအဝင် အမေရိကန်-ဥရောပတို့နှင့် မတူညီရ ကောင်းလားဟု ဝေဖန်ရန် မရှိပါ။ အနောက်နိုင်ငံများ၏ ဖွဲ့စည်းတည်ပုံ စံနှုန်းများအတိုင်း ရေးဆွဲလိုက်နာသည်ဆိုသော လူမှုကွန်ယက်ပလက်ဖောင်းများကိုယ်တိုင်သည်ပင်လျှင် ဗြိတိန်၊ ဂျာမနီ သြစတြေးလျှစသည့် နိုင်ငံများ၌ အခြေအတင်ဖြစ်ခဲ့ကြောင်း နိုင်ငံအချို့တွင် ကွန်ဂရက်လွှတ်တော်ရှေ့မှောက် စစ်မေးခြင်းခံ ရကြောင်း သတင်းများမှာ ကျွန်တော်တို့ဆီတွင် သိသူ အလွန်နည်းပါသည်။

…  
အင်တာနက်ကို နည်းပညာပိုင်းအရ ပိတ်ဆို့ရန် လုံး၀ မဖြစ်နိုင်ပါ။ ဥပဒေနှင့် ငြိစွန်းသည်ဟု ဖြုတ်ချပေးရန်ပင် အတော်လက်ဝင်မည်ဖြစ်သည်။ တားမြစ်ထားသော ဝဘ်ဆိုက်၊ လူပုဂ္ဂိုလ်တို့၏ ရေးသားဟောပြောချက်များကို ဝင်ရောက်ကြည့်ခြင်း ၊ ရှယ်ခြင်းတို့ကို ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူခြင်းတို့ကိုသာ ပြုလုပ်နိုင်သည်။

…  
အိန္ဒိယ၏ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတို့သည် ဘဝတူ ဗြိတိသျှကိုလိုနီဟောင်းဖြစ်သော ကျွန်တော်များနိုင်ငံနှင့် တစ်ထပ်တည်း တူလေရာ ကျွန်တော်များဆီတွင် လူသတ်မှုသည် ၃၀၂ ဖြစ်လျှင် သူတို့ဆီတွင်လည်း ၃၀၂ ဖြစ်နေသည်ကို တွေ့ရှိရသည်။

#Twitterရေးသားချက်များအား_တရားစွဲခြင်းမှ အကာအကွယ်ကို_ အိန္ဒိယရုတ်သိမ်း

(((Russia Today., 16 Jun, 2021,” India strips Twitter of legal immunity for ‘3rd party content’ amid row over new regulation – reports.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/526669-india-twitter-legal-protections/ 

Leave a Reply

Your email address will not be published.